မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တရားမဝင် Chain Saw ကိုယ်တွယ်သူများကို အရေးယူမှု မည်မျှ လုပ်ပြီးပါသနည်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၂.၁၀.၂၀၁၃)

ဂွမြို့နယ်၏ ဧရိယာသည် ဧကအားဖြင့် ၅၆၆၄၆၉ ဧက၊ တောရိုင်း ၂၇၅၉၇၀ ဧက ရှိပြီး မြို့နယ်အကျယ်အဝန်း၏ ၄၈.၂၇၂ ရာခိုင်နှုန်းရှိပါကြောင်း၊   ကြိုးပြင် ကာကွယ်တောများအဖြစ် ၁၅၆၅၈၂ ဧကရှိသည့်အတွက်ကြောင့် ၂၇.၆၄ ရာခိုင်နှုန်းနှင့်  ဆင်ဘေးမဲ့တောများလည်းရှိပါကြောင်း၊ လွန်ခဲ့သော ငါးနှစ်ခန့်က ဂွမြို့နယ်သည် သစ်တောလွှမ်းဧရိယာ  ၇၆.၃၉ ရာခိုင်နှုန်း ရှိပြီး၊  ရခိုင်တောင်  တန်းကြီးနှင့်ကမ်းရိုးတန်းကြား မြေပြန့် အလွန် နည်းပါးသော ဒေသလေးဖြစ် ပါကြောင်း၊ သို့သော် လွန်ခဲ့သော ဆယ်နှစ်ခန့်ကစတင်ကာ လူတစ်ယောက် သယ်နိုင်ပြီး ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားသည့် Chain Saw များ မြန်မာနိုင်ငံ အတွင်းကို ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်လာပါကြောင်းနှင့် Chain Saw များ ဝင်ရောက်လာမှုသည် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍပြုန်းတီးမှုထဲတွင် ပါဝင်နေသည်ဟု ယူဆပါကြောင်း၊  ဂွမြို့နယ်တွင်လည်း Chain Sawများ အများအပြား ဝင်ရောက်လာပြီး နိုင်ငံတော်ကလည်း လိုင်စင် ထုတ်ပေးထားသည်ကို သိရပါကြောင်း၊  Chain Sawများသည် သစ်တရားမဝင်ခိုးထုတ်သောသူများ၏ လက်ဝယ်ရောက်ရှိသွားသည့်အခါ သစ်ခိုးထုတ်မှုအပိုင်း များပြားနေသည်ကို တွေ့ရပါ ကြောင်း၊  ဂွမြို့နယ်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ ၂ ရက်၊ ၃ ရက်တို့တွင် တရားမဝင်သစ် ၁၁၅ တန်နှင့် မီးသွေး ၄၅.၆ တန် ဖမ်းဆီးခဲ့ရပြီး ယင်းဖြစ်ပျက်မှုများသည် Chain Saw အမြောက်အများ ဝင်ရောက်လာခြင်းသည်လည်း အကြောင်းတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့်  မြန်မာနိုင်ငံတွင် Chain Saw ကို အသုံးပြုခွင့်လိုင်စင်ထုတ်ပေး ထားခြင်းသည် မည်သည့်ဥပဒေ၊ နည်းဥပဒေအရ ထုတ်ပေးထားခြင်းဖြစ်သည်နှင့် စည်းကမ်းမလိုက်နာသော Chain Saw ပိုင်ရှင်များကို ဥပဒေအရ အရေးယူ နိုင်မှုအနေအထားနှင့် လိုင်စင်မရှိဘဲ Chain Saw ပိုင်ဆိုင်သူများကို မည်ကဲ့သို့အရေးယူနေပါ သနည်း။ လိုင်စင်မဲ့ Chain Saw ပိုင်ရှင်များရှိနေခြင်းသည် လစ်လျူရှူနေသော ဝန်ထမ်းများ၊ ဒေသ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို နိုင်ငံတော်အနေနှင့် အရေးယူနိုင်သော ဥပဒေများရှိ/မရှိ၊  ယနေ့ နိုင်ငံတော်တစ်ဝန်းလုံးတွင် တရားမဝင် Chain Saw ကိုင်တွယ်သူများ ဦးရေမည်မျှကို အရေးယူမှု ပြုလုပ်ပေးသည်ဆိုသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။

အဖြေ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် မြန် မာနိုင်ငံနေရာ အနှံ့အပြား တွင် လက်ကိုင်စက်လွှ Chain Saw များကိုင်ဆောင်အသုံးပြု၍ တရားမဝင်သစ်ခုတ်လှဲမှုများသည် သစ်တောပြုန်းတီးမှု တွင် အဓိကအချက်တစ်ခုဖြစ်နေကြောင်း၊ လက်ကိုင်စက်လွှများအား စည်းမျဉ်း စည်းကမ်းများချမှတ်၍ စနစ်တကျထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလေးအနက်သတိပြု စိစစ်တွေ့ရှိရသည့်အတွက် ၁၉၉၂ ခုနှစ် သစ်တောဥပဒေပုဒ်မ ၃၀ နှင့် ၁၉၉၅ ခုနှစ် သစ်တောနည်း ဥပဒေများ နည်းဥပဒေ ၂ နည်းဥပဒေခွဲ(ဆ)နှင့် နည်းဥပဒေ ၉၀ နည်းဥပဒေခွဲ(က) ပါ ပြဋ္ဌာန်းချက်များ အရ လက်ကိုင်စက်လွှများ ခွင့်ပြုချက်ရယူကိုင်ဆောင်အသုံးပြုရာတွင် လိုက်နာဆောင် ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များစတင်ရေးဆွဲ တင်ပြပြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၏ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၃) ဖြင့် သတ်မှတ် ကြေညာခဲ့ပါကြောင်း၊

အဆိုပါအမိန့်ကြော်ငြာစာတွင် လက်ကိုင်စက်လွှ ကိုင်ဆောင်အသုံးပြုခွင့် လျှောက်ထားရာ၌ လိုအပ်သည့်အချက် အလက် များ၊ လိုက်နာရမည်‌့စည်းကမ်းများ၊ လိုင်စင်သက်တမ်းခွင့်ပြုကာလ၊ ပေးဆောင်ရမည့် အခွန်တော်နှင့် ခွင့်ပြုမိန့်မရှိဘဲ လက်ကိုင်စက်လွှ ကိုင်ဆောင်အသုံးပြုခြင်းအတွက် အရေးယူမည့်ဥပဒေတို့ ဖော်ပြပါရှိပါကြောင်း၊  အမိန့်ကြော်ငြာစာပါ စည်းမျဉ်းစည်းကမ်းများအား လိုက်နာမှုမရှိခြင်း၊ ဖောက်ဖျက်ကျူးလွန်ခြင်းတို့အတွက် ၁၉၉၂ ခုနှစ် သစ်တောဥပဒေပုဒ်မ ၄၀ ပုဒ်မခွဲ (ဇ)နှင့် ပုဒ်မ ၄၂ ပုဒ်မခွဲ(ဂ) တို့အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပါကြောင်း၊  Chain Saw များနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကြေညာသည့် အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၃) ထုတ်ပြန်ရာ တွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများ၌ ဖော်ပြခြင်း၊ အခြားနေ့စဉ်ထုတ် ပုဂ္ဂလိကသတင်း၊ ဂျာနယ်များ၌ သတင်း ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့တို့အပြင် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် သစ်တော ဦးစီးဌာနရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင်‌့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံး များ၏ ကြော်ငြာသင်ပုန်းများ၌လည်း အများပြည်သူသိရှိနိုင်ရန် ကြေညာခဲ့ပါကြောင်း၊  ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာပါ လိုက်နာရမည့် စည်းကမ်းချက်များအား ကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ ပညာပေးကာလ ၃ လ သတ်မှတ်ကြောင်း သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်သစ်တောဦးစီး ဌာနများသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး  ယခုအခါ ပညာပေးကာလကုန်ဆုံးပြီဖြစ်သည့်အတွက် သတ်မှတ်စည်းကမ်းချက် များနှင်‌့အညီ မှတ်ပုံတင်ခြင်းမရှိသည့် စက်လွှများကို ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊

ဂွမြို့နယ် သစ်တောဦးစီးဌာနတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးချိန် ၆-၆-၂၀၁၃ မှ ၃-၁၀-၂၀၁၃ အထိ လက်ကိုင်စက်လွှ ၅၂ လက်အား လိုင်စင်ထုတ်ပေးပြီး မှတ်ပုံတင်ရန် ကျန်ရှိနေသော လက်ကိုင်စက်လွှများအား အချိန်မီလာရောက်၍ လိုင်စင်လျှောက် ထားခြင်းမရှိပါက စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ တရားမဝင်သစ်ခိုးယူထုတ်လုပ်ရာတွင် ဆက်စပ် အသုံးပြုသည့် Chain Saw စုစုပေါင်း ၂၁၉ လက်အား သိမ်းဆည်းအရေးယူ ဆောင်ရွက်ပြီး လက်ကိုင်စက်လွှ ကိုင်ဆောင် အသုံးပြုမှုများအား ထိန်းချုပ်ဆောင်ရွက်ရာတွင် သစ်တောဝန်ထမ်းများအနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိခြင်း၊ ပါဝင်ပတ်သက်ခြင်း များ စိစစ်တွေ့ရှိရပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင်‌့အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်သည့်အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လက်ကိုင်စက်လွှများအား စနစ်တကျ သုံးစွဲစေရန် ကြီးကြပ် ထိန်းသိမ်းခြင်း၊ တရားမဝင်ကိုင်ဆောင်ခြင်းနှင့် စည်းကမ်း ဖောက်ဖျက် ကျူးလွန်ခြင်းများအတွက် အရေးယူခြင်းများ ထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးကြည်သာ(ဂွ)မှ ဆက်စပ်မေးခွန်းကို ဆက်လက်မေးမြန်းပါသည်။   

ဇူလိုင်လတွင်းက  ထုတ်ပြန်သောအမိန့်နှင့် အမိန့်ကြော်ငြာစာများသည် လွှတ်တော်တွင် ရက်ပေါင်း ၉၀ အတွင်း ဆွေးနွေးသင့်သော အမိန့်ကြော်ငြာစာများဖြစ်ပါကြောင်း၊ ဂွမြို့နယ်ကဲ့သို့ နယ်မြေ ကျဉ်းကျဉ်းလေး တစ်ခုမှာပင် လိုင်စင် ပေးထားသည်မှာ  ၅၂ လက်ရှိသည်အတွက် သစ်တောဝန်ကြီးဌာနအနေနှင့် သစ်တော ဧရိယာအကျယ်အဝန်းများ ပေါ်မူတည်၍ Chain Saw အရေအတွက်ကို ကန့်သတ်ထားသည့် စံချိန်စံညွှန်း နွန် ဆသည်ကို သတ်မှတ်ထားခြင်းရှိ/မရှိ၊ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊        ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း

၂၀၁၃ ခုနှစ်၊ ဇွန်လ အထိကို Chain Saw နှင့်ပတ်သက်၍ သတ်မှတ်ချက် တစ်စုံတစ်ရာမရှိဘဲ လွတ်လပ်စွာကိုင်တွယ်အသုံးပြုနေကြတာဖြစ်ပါကြောင်း၊  သို့သော်လည်း Chain Saw များသည် တရားမဝင်သစ် ထုတ်လုပ်မှုတွင်  လွန်စွာအန္တရာယ်ပေးသောကိရိယာတစ်ခုဖြစ်နေသောကြောင့် စနစ်တကျထိန်းချုပ်ရန် အတွက် မိမိတို့ဝန်ကြီးဌာန အနေနှင့်  ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး ထိုမှတစ်ဆင့် တည်ဆဲစည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများကို ကိုးကားပြီး မိမိတို့ဝန်ကြီးဌာနအနေနှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော် လွှတ်တော်အသီးသီးသို့ တင်ပြဆုံးဖြတ်ရမည်ဆိုပါက ထိုကဲ့သို့ တင်ပြရန်အတွက်ကို ဆက်လက်ဆောင်ရွက် ပေး သွားမည်ဖြစ်ပါကြောင်း၊ သစ်တောဧရိယာပေါ်မူတည်၍ စံချိန်စံညွှန်းများနှင့် Chain Saw အရေအတွက်များကို ကန့်သတ်ချက်ထားခြင်းမရှိပါကြောင်း၊ သို့သော် လာလျှောက်သည့် လူအနေအထား၊ ဒေသအတွင်းမှာ တရားဝင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းများ ရှိ/မရှိဘူး စသသည့်အချက်များပေါ်အခြေခံ၍ မှတ်ပုံတင်ပေးခြင်းဖြစ် ပါကြောင်း၊ မှတ်ပုံမတင်ပေးသင့်သော ကိစ္စများကိုလည်း မှတ်ပုံတင်ရန်  ငြင်းဆန်မည်ဖြစ်ပါကြောင်း၊ အခြေခံစည်းမျဉ်း စည်းကမ်းများ မရှိသော်လည်း တစ်စုံတစ်ရာ ထိန်းချုပ်မှုမရှိသည်နှင့်စာလျှင် ယခုကဲ့သို့ စနစ်တကျဆောင်ရွက်ခြင်းသည် အခြေအနေကို များစွာထိန်းသိမ်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ရေရှည်အတွက် စနစ်တကျ စည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်များ ချမှတ်ရန် လိုအပ်ပါကြောင်းနှင့် မိမိတို့မှ လိုအပ်သလို ဆီလျော်သော ကန့်သတ်ချက်များ ဆောင်ရွက်ပါမည်ဟု ပြန်လည်ဖြေကြားသွားပါသည်။