(ည)-ရခိုင်ပြည်နယ်ရှိမြို့များတွင်တာဝါတိုင်အသေးစား၊ အလတ်စားများကိုသင့်တော်ရာတောင်ပေါ်၊ တောင် ကုန်းများတွင် ထပ်မံ စိုက်ထူပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၂.၈.၂၀၁၃)

ဦးအောင်စိန် (မာန်အောင်) ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အများစုတွင် မိုဘိုင်းဖုန်းများ ဝယ်ယူသုံးစွဲကြသော်လည်း တာဝါတိုင် နည်းပါးနေသည့် အတွက် ဆက် သွယ် ပြောဆိုရာတွင် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မာန်အောင် မြို့နယ်ရှိ ပြည်သူလူထုသည် သီးခြားကျွန်း ကလေးပေါ်၌ နေ ထိုင်ကြပြီး တယ်လီဖုန်း ဆက်သွယ်မှုကိုသာ အားကိုး အားထားပြုနေကြရပါကြောင်း၊ သို့ရာတွင် မြို့ပေါ်၌ ယခု ပြုလုပ်ပေးထားသော တာဝါတိုင်သည်ယခင်ကပင် စက်တစ်ခုချန်၍ တပ်ဆင်သွားသည့် အတွက်ကြောင့် နှစ်မိုင်၊ သုံးမိုင် ကျော်လွန်ပါ က အဆက်အသွယ် မရဖြစ်နေပါကြောင်း၊ သို့ပါ၍ ရခိုင်ပြည်နယ်ရှိမြို့များတွင် တာဝါတိုင် အမြင့်ဆုံးတိုင် တစ်တိုင်အပြင် တာဝါတိုင်အသေးစားနှင့် အလတ်စား များကို သင်‌့တော်ရာတောင်ပေါ် တောင်ကုန်း ဒေသများတွင် တစ်မြို့နယ်လျှင် အနည်းဆုံး ၃ တိုင်စီ ထပ်မံ၍ စိုက်ထူပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် တပ်ဆင်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

 

 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မိုဘိုင်းရေဒီ ယိုစခန်းများကို တိုးချဲ့ တပ်ဆင် ဆောင်ရွက်ပေးလျက်ရှိရာတွင်   ကျွမ်းကျင် ပညာရှင်များနှင့် မြေပြင် အခြေ အနေများကို အသေးစိတ် တိုင်းတာတွက်ချက်ကာ လိုအပ်သည့် တာဝါတိုင်များ စိုက်ထူပေးလျက် ရှိပါကြောင်း၊ ယခုအချိန်ထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၈ ခုတွင် GSM ရေဒီယိုစခန်းပေါင်း ၄၇ ခု တည်ဆောက်ထားရှိပြီး တာဝါတိုင်အများစု သည် တိုင်အရှည် ၄၂ မီတာ တိုင်များ ဖြစ်ပါကြောင်း၊ ထို့နောက် ပြည်နယ်/တိုင်းဒေသ ကြီး များအားလုံးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်း GSM/UMTS တပ်ဆင်မှု အသစ် တစ်သန်း၊ စက်ပစ္စည်းနှင့် လုပ်ငန်းများကို အသစ်လဲလှယ်ကာ Swap ၃ သန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည့် အတွက် ရခိုင်ပြည်နယ် GSM ရေဒီယိုစခန်း ၆ ခု တပ်ဆင်ပေးရန် လျာထားပြီး၂၀၁၄-၁၅/ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များဖြင့် အသေးစိတ် ညှိနှိုင်း ဆွေးနွေးပြီး အစိုးရအဖွဲ့များ၏  ဦးစားပေးအလိုက် အဆင့်ဆင့် တင်ပြမှုအပေါ် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများတွင် ထည့်သွင်း လျာထား ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း ဖြေကြားပါသည်။