(ဆ)-ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံကိုမည်သည့် အချိန်၌အကောင်အထည်ဖော်တည်ဆောက်မည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၅)ရက်မြောက်နေ့ (၁.၆.၂၀၁၅)

ပါမောက္ခ ဒေါက်တာဒေါ်အေးမြင့် (ရွှေတောင် မဲဆန္ဒနယ်)ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောက်ရှောက်ကုသမှုပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၆ ခုတင်ဆံ့တိုင်းရင်း ဆေးရုံ ၁ ရုံတည်ဆောက်ရန် ငွေလုံးငွေရင်း လျာထားချက်များ ထွက်ရှိပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးရုံ တည်ဆောက်ရန်အတွက် လိုအပ်သော မြေ ၁.၉၆ ဧကနှင့် မြေစာရင်းပုံစံ(၁၀၅)ကို မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့မှ လှူဒါန်းပေးထားပြီးလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ၁၆ ခုတင်ဆံ့  တိုင်းရင်းဆေးရုံကို မည်ကဲ့သို့စီမံများ ဆောင်ရွက်ထားရှိသည်နှင့် မည်သည့်အချိန်၌ အကောင်အထည်ဖော် တည်ဆောက်မည်တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးတိုင်းရင်းဆေးပညာဦးစီးဌာနသည် ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် ပိုမိုမြှင့်တင် စောင့်ရှောက်မှုပေးနိုင်ရန်အတွက် တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးကုဌာနများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ရေးဆွဲပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးကုဌာနများ တိုးချဲ့ဖွင့်လှစ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသအလိုက် ဆေးရုံ၊ ဆေးကုဌာနများ တိုးချဲ့ဖွင့်လှစ်ရာတွင် မြေနေရာရရှိမှုအခြေအနေကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ လက်ခုပ်တန်းကျေးရွာမှ ဒေါ်စန်းမြမှ ၁၉-၁၂-၂၀၁၄ ရက်နေ့တွင် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဆောက်လုပ်ရန် လှူဒါန်းသော ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ ရွှေနတ်တောင်ဘုရားလမ်းရှိ ဦးပိုင်အမှတ်၊ (၁၁/၁-၁၂/၁)၊ လယ်မြေ ၁.၉၆ ဧကကို အခြားနည်းလမ်းဖြင့် အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းရင်းဆေးရုံ တည်ဆောက်ပေးရေး အတွက် ဦးစားပေးအစီအစဉ်အရ ထည့်သွင်းတွက်ချက် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။