တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သည် ပင်လယ်ရေလမ်းခရီးဖြင့်သာ သွားလာနိုင်သည့် ကျွန်းများပေါ်တွင် တည်ရှိနေသည့် ကျေးရွာအများစုဖြစ်ပြီး ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စု တွင် လူဦးရေ ၁၄၀၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ ကျေးရွာအများစုသည် ရာသီဥတုဆိုးရွားချိန်တွင် ခရီးသွားလာရန် လွန်စွာခက်ခဲ့သည့်အပြင် ကျေးရွာနေပြည်သူအများစုသည် ဆင်းရဲနွမ်းပါးသူ လက်လုပ်လက်စား၊ ရေလုပ်ငန်းအလုပ်သမားများသာဖြစ်ပါကြောင်း၊ ကျန်းမာရေးချို့တဲ့သည့် အပြင် ငွေရေး၊ ကြေးရေးချို့တဲ့ပြီး ကျန်းမာရေး အသိပညာနည်းပါးလာသည်ဖြစ်၍ ကလေးမွေးဖွားသည့် အချိန်တွင် အရပ်လက်သည်ဖြင့်သာ ဖြစ်သလိုမွေးဖွားခဲ့ခြင်း၊ ကိုယ်ဝန်ပျက်သည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် အသိနားမလည်ခဲ့ခြင်းတို့ကြောင့် ဖွားသေနှုန်းမှာ မြင့်မားခဲ့ကြပါကြောင်း၊ ကျွန်းစုမြို့နယ်အတွင်း ယခင်က ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အရန်သားဖွားသင်တန်းများကို ပြန်လည်ဖွင့်လှစ်၍ သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ကျွန်းစုမြို့ပေါ်တွင် သားဖွားဆရာမ သင်တန်းကျောင်းဆောင် ဖွင့်လှစ်၍ သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိကို လည်းကောင်း၊ မရှိဟုဆိုပါက အဘယ်ကြောင့်နည်း ဆိုသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျွန်းစုမြို့နယ်တွင် ၂၀၁၄ ခုနှစ်အတွင်း GAVI နှင့်တိုင်းဒေသကြီး အစိုးရအထောက်အပံ့ဖြင့် အရန်သားဖွားသင်တန်းပို့ချ ပေးခဲ့ရာ သင်တန်းစုစုပေါင်း ၃၀ ဦးကို ၁-၁၀-၂၀၁၄ ရက်နေ့မှစ၍ ၆ လကြာ သင်တန်းပို့ချပေးခဲ့ပါကြောင်း၊ ထို့အပြင် မြို့နယ်လိုအပ်ချက်အပေါ်မူတည်၍ အရန်သားဖွားဆရာမအသစ်များ ထပ်မံလေ့ကျင့်မွေးထုတ်မည့် အစီအစဉ်ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သားဖွားသင်တန်းကျောင်း ၁ ကျောင်းနှင့် ထားဝယ်မြို့တွင်သူနာပြုသင်တန်းကျောင်း ၁ ကျောင်းကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ရန် လောလောဆယ်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
