ဝိုင်းမော်မြို့နယ်နှင့် ချီဖွေ-ဆော့်လော် နှစ်မြို့နယ် ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် တည်ဆောက်ထားသော မိုင်တိုင် ၅၂၊ ၅၃ ကြားရှိ ပေအရှည် ၃၀၀၊ ရှငေါ်ချောင်းကူးတံတားကြီးသည် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကေအိုင်အေ အဖွဲ့အစည်းများ၏ မိုင်းခွဲဖျက်စီးခံရခြင်းကြောင့် ခရီးသွားပြည်သူများ၊ နိုင်ငံံံ့ ဝန်ထမ်းများ၊ တပ်မတော် စစ်ကြောင်းများ သွားလာလှုပ်ရှားရာတွင် လွန်စွာခက်ခဲမှုများဖြင့် ကြုံတွေ့နေရပါကြောင်း၊ ထို့အတွက်ကြောင့် အဆိုပါ တံတားကြီးကို ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများမှ ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်၊ အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်းမေးမြန်း ပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်-ချီဖွေလမ်း မိုင်တိုင် ၅၂/၆ ရှိ တံတားအမှတ် ၁/၅၃ ရှငေါ်ချောင်းတံတားသည် အရှည် ၂၆၆ ပေရှိ သံကူကွန်ကရစ် တံတားတစ်စင်းဖြစ်ပြီး ၂၄-၁၀-၂၀၁၁ ရက်နေ့တွင် မိုင်းခွဲခံရမှုကြောင့် တံတား တစ်စင်းလုံး ကျိုးကျပျက်စီးသွားခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရန်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပေ ၁၂၀ ရှည်သော ယာယီရေနိမ့်တားတံတား တည်ဆောက်ပေးခဲ့သော်လည်း ယခုနှစ်မိုးဒဏ်တွင် မျောပါသွားခဲ့ပါကြောင်း၊ ယခုအခါ ရှငေါ်ချောင်း တံတားအသစ် ပြန်လည်တည်ဆောက်နိုင်ရေး အတွက် မြေစမ်းသပ်ခြင်း လုပ်ငန်း၊ အကြိုအင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေတွင် ရန်ပုံငွေကျပ် သန်း ၂၀၀ တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
