ခန္တီးမြို့သည် ချင်းတွင်းမြစ်၏ သင်္ဘော၊ မော်တော်များ ဂိတ် ဆုံးခရိုင်မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်သန် ပြီး ထမံသီ ရေအားလျှပ်စစ်စီမံ ကိန်းကို နိုင်ငံကြီးတစ်နိုင်ငံနှင့် စာချွန်လွှာ လဲလှယ်၍ ၁၉၆၂ ခုနှစ်မှ စတင်တိုင်းတာခဲ့ပါကြောင်း၊ ထိုသို့ို တိုင်းတာတွက်ချက်မှုအရ ထမံသီရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ဖြစ်ပါက ခန္တီးမြို့တစ်မြို့လုံး ရေလွှမ်းသွားမည်ဖြစ်ပြီး ပြောင်းရွှေ့ ရမည့်အထဲတွင် ပါမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြောင်းရွှေ့ရမည်ဖြစ်သည့်အတွက်ကြောင့် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ရပ်ဆိုင်းခဲ့ရပါကြောင်း၊ ထိုနည်းတူစွာ ချင်းတွင်းမြစ်၏ မြေထိန်းနံရံလည်း ဆောက်လုပ်ခဲ့ခြင်း မရှိသည့်အတွက် ၁၉၉၁ ခုနှစ်တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မြို့၏မျက်နှာဖုံး မြစ်ကမ်းဘေးရှိ တိုက်တာ အဆောက်အဦ အလုံး ၄၀ ခန့်သည် ရေတိုက်စားမျောပါခဲ့ရပါကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ဒုတိယ အကြိမ်၊ ၂၀၀၈ ခုနှစ်တွင် တတိယအကြိမ် ရေကြီးနစ်မြုပ်မှုများလည်း ကြုံခဲ့ရပါကြောင်း၊ ယခု မိမိတို့ ခေတ်ပြောင်း စနစ်ပြောင်း ဒီမိုကရေစီခေတ် ၂၀၁၄ ခုနှစ်ရောက်မှသာ ၎င်းစီမံကိန်းကို ဆိုင်းငံ့ရပ်ဆိုင်း သည်ဟု သိရသည့်အတွက် ယနေ့ အခုအချိန်မှပဲ တည်ဆောက်ရေးလုပ်ငန်းတွေကို ကျွန်တော် တို့ ကြိုးစားပမ်းစားဆောင်ရွက်နေရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ချင်းတွင်းမြစ်မြေထိန်း နံရံကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၈ သန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၈ သန်းချမှတ်ပြီး မြေထိန်းနံရံများကို ဆောင်ရွက်ပေးမည်ဟုလည်း သိရပါကြောင်း၊ မြေထိန်းနံရံ မြန်မြန်ဆန်ဆန်ဆောင်ရွက်ခြင်းမရှိလျှင် နောက်ထပ်တွင်လည်း ယခုလို ရေတိုက်စားမှုများ ကြုံကြိုက်ရမည်ဖြစ်သည့်အတွက် မြေထိန်းနံရံများကို မည်သည့်ဘဏ္ဍာ ရေးနှစ်တွင် အပြီးသတ်ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ချင်းတွင်းမြစ် ရေလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ၊ ပြည်ထောင်စု သီးသန့် ရန်ပုံငွေ များဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ မီးဘေးနှင့်သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နှစ် စဉ်ဆောင် ရွက် ပေးလျက်ရှိ ပါကြောင်း၊ ခန္တီးမြို့ ချင်းတွင်းမြစ်ကမ်းပါး ထိန်းသိမ်းရေးအတွက် မြသိန်းတန်စေတီအနီး ကမ်းပြို ကာကွယ် ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ၂၀၁၅ ခုနှစ် ဧပြီလအတွင်း ကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ကမ်းပါးထိန်းသံကူ ကွန်ကရစ် မြေထိန်းနံရံအလျား ၁၈၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ ၂၀၅.၀၀ သန်းအား ရန်ပုံငွေရရှိရေး တင်ပြထား ရှိပါကြောင်း၊ ရန်ပုံငွေရရှိပါက ခန္တီးမြို့၊ မြသိန်းတန်စေတီ အနီး ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းအား အလျင်အမြန် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျန်ရှိသောအပိုင်းများအားလည်း နှစ်အလိုက်စီမံချက်များရေးဆွဲ၍ တိုင်းဒေသကြီး မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးရန်ပုံငွေ အခြေအနေပေါ်မူတည်၍ လျာထား ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
