(ခ)-အချို့သော အစိုးရအထက်တန်းကျောင်းများရှိ ဒသမတန်း စာသင်ခန်းများတွင် စာမေးပွဲမတိုင်မီ (၂)လ၊ (၃)လ အလိုမှစ၍ စာသင်ကြားခြင်း မရှိ သည်ကို သိရှိရပါသဖြင့်လာမည့်နှစ်တွင်သတ်မှတ် ချိန်အပြည့်မည်ကဲ့သိုဆက်လက်သင်ကြားမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၆)ရက်မြောက်နေ့ (၂.၆.၂၀၁၅)

အခြေခံပညာနှင့် ပတ်သက်၍ ဒသမတန်းသည် အမြင့်ဆုံးအတန်းဖြစ်ပြီး လက်ရှိအခြေအနေအရ (၁၀) တန်း၏ ရမှတ်ကိုကြည့်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းများ၊ တက္ကသိုလ်များ သိပ္ပံများကို တက်ခွင့်ရပါကြောင်း၊ ဒီဇင်ဘာပိတ်ရက်ပြီး မတ်လတွင် စာမေးပွဲဖြေဆိုရမည်ဖြစ်သည့်အတွက် နှစ်လ သုံးလအတွင်း ကျောင်းများတွင် အထူးသဖြင့် (၁၀) တန်းများသည် အများစုက မတက်တော့သည့်အတွက် ဆရာဆရာမတွေကလည်း ကျောင်းသားနည်းသဖြင့် ကျောင်းသို့ လုံးဝ မလာခြင်းမျိုးမဟုတ်ဘဲ ကျောင်းသား နည်းသည့်အတွက် သင်ကြာရေးမလုပ်တော့ပါကြောင်း၊ ထိုသို့ သင်ကြားရေး မလုပ်တော့သည့်အတွက် အမှန်တကယ် ပညာလိုလားသော ကျောင်းသားကျောင်းသူများအတွက် နစ်နာရပါကြောင်း၊ ယင်းကိစ္စမျိုးများသည် မြို့ကြီးများတွင် အဖြစ်များသော်လည်း နောက်ပိုင်းတွင် နယ်မြို့များအထိ ပျံ့နှံ့လာပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ မြို့ကြီးများရှိ တချို့သော အထက်တန်းကျောင်းများရှိ ဒသမတန်းစာသင်ခန်းများတွင် စာမေးပွဲမတိုင်မီ နှစ်လသုံးလအလို၌ စာသင်ကြားခြင်း မရှိသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးတွင် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်နေရသည်ကို သိရှိလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုထားခြင်း ရှိ/မရှိနှင့် ခွင့်ပြုထားခြင်း မရှိပါက မည်သို့အရေးယူဆောင်ရွက်မည်နှင့် စာသင်ခန်းများကို သတ်မှတ်ချိန်အပြည့် မည်သို့ ဆက်လက်သင်ကြားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများ ကျောင်းတက်မှန်စေရေးအတွက် ကျောင်းတက်ရာခိုင်နှုန်း ကို ၇၅ ရာခိုင်နှုန်းဖြင့် ထိန်းချုပ်၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ တွက်ချက်ရမည်ဟု ညွှန်ကြား ထားရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ကျောင်းတက်ရာခိုင်နှုန်း တွက်ချက်ရခြင်းသည် ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲ စစ်ဆေးသည်အထိ ကျောင်းတက်ရန် သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ မိဘပြည်သူများကိုလည်း အသိပေးပြီးဖြစ်သကဲ့သို့ ဆရာဆရာမများကလည်း ပြန်လှန်သင်ကြားခြင်းဖြင့် ဒုတိယနှစ်ဝက် မစစ်ဆေးမီအချိန်အထိ သင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာမေးပွဲမတိုင်မီ နှစ်လသုံးလအလိုမှစ၍ ဆရာ ဆရာမများအား စာသင်ကြားခြင်းမပြုရန် ခွင့်ပြုထားခြင်း လုံးဝမရှိပါကြောင်း၊ ကျောင်းသူကျောင်းသားများအပေါ် အရေးယူဆောင်ရွက်မှုကို စည်းကမ်းထိန်းသိမ်းအဖွဲ့မှ မိဘများနှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်း၊ ကျောင်းအုပ်ကြီးများက မိဘများနှင့် တွေ့ဆုံသောအခါ ကျောင်းမှန်မှန်တက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်ခြင်း၊ ကျောင်းစုဝေးပွဲများတွင်လည်း ကျောင်းအုပ်ကြီးများက ကျောင်းသူကျောင်းသားများအား မကြာခဏ သတိပေး၍ဆောင်ရွက်ခြင်း၊ သင်ကြားရေးဝန်ထမ်းများကို ကျောင်းအုပ်ကြီးက ဘာသာရပ်ခေါင်းဆောင်များနှင့် ပူးပေါင်း၍ စနစ်တကျ ကြီးကြပ်ကွပ်ကဲခြင်း၊ သင်ကြားပြီးသော စာများအား တတ်ကျွမ်းမှုရှိ/မရှိ ဝင်ရောက် စစ်ဆေး၍ လမ်းညွှန်ပေးခြင်း၊ စာသင်ချိန်အပြည့် သင်ကြားနိုင်ရေးအတွက် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။