(က)-ကျေးလက်ဒေသများရှိဦးပိုင်မြေများကိုမြေစာ ရင်းဌာနမှတိုင်းတာခြင်း၊မှတ်တမ်းထားရှိခြင်းတို့တွင် တိကျမှုမရှိခြင်းများကို တွေ့ရပါသဖြင့် မြေစာရင်းဦး စီးဌာန အနေဖြင့်စနစ်တကျ ထိန်းသိမ်းနိုင်သော အစီအစဉ်များ ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၁)ရက်မြောက်နေ့ (၂၄.၇.၂၀၁၅)

ဦးကြည်သာ ( ဂွ မဲဆန္ဒနယ်)ကျေးလက်ဒေသများတွင် မြေစာရင်းနှင့်ပတ်သက်ပြီး ချို့ယွင်းချက်များ၊ ကွာဟချက်များ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စာရင်းဇယားများ ထားရှိရန်လိုအပ်ပါကြောင်း၊ ဥပမာ-မိမိတို့ ဂွမြို့နယ်တွင် ၁၉၉၃-၉၄ ခုနှစ် ကမ်း‌ခြေတစ်လျှောက်ကို ဟိုတယ်များ တည်ဆောက်မည်ဆိုပြီး နိုင်ငံတော်မှ မြေဧကပေါင်း ၁၀၀၀ ကျော်ကို သိမ်းခဲ့ပါကြောင်း၊ သိမ်းပြီး အနှစ် ၂၀ နီးပါးကြာမှ ပြန်ပြီးပေးသည့်အခါ ယခင်ကတုန်းက မြေ၏ မြေတန်းဖိုးသည် သိပ်မရှိသော်လည်း ပြန်ပေးသည့်အချိန်တွင် ‌မြေ၏တန်ဖို့မှာ မြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မြေစာရင်းမြေပုံများမတိကျသည့် အတွက်ကြောင့် ပြဿနာများစွာ ဖြစ်ပေါ်နေသည် ကိုလည်းတွေ့ရှိရပါကြောင်း၊ မိမိတို့ ဂွမြို့ရှိ ရန်ကုန်ကစီပွားရေးလုပ်ငန်းရှင် တစ်ဦးသည် ကမ်းခြေတွင် မြေတစ်ဧကကို ၁၉၉၇ ခုနှစ်တွင် ဝယ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၎င်းနေရာကို ဝယ်ခဲ့ပါကြောင်း ပြောခဲ့သော်လည်း ထိုစာရင်း‌မြေပုံအရ ဘယ်ကမ်းခြေကို နေရာမရှိဘဲ လုံးဝပျောက်သွားသည့် အနေအထားလေးရှိပါကြောင်း၊ ထိုကဲ့သို့ သော အခြေအနေများသည် မြေစာရင်း၏ တိကျမှန်ကန်မှုမရှိသည့်အတွက်၊ ထားသိုမှုစနစ်များသည် ချို့ယွင်းမှုများရှိနေသောကြောင့်ဖြစ်ပါသည်။ နောင်အနာဂတ်တွင် မိမိတို့နိုင်ငံကို စည်းစနစ်နှင့် Plan များလုပ်မည်ဆိုလျှင် စာရင်းစနစ်တိကျသည့် မြေစာရင်းမြေပိုများ ရရှိရေးသည် အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင်‌့ ကျေးရွာများနှင့်မြို့နယ်များတွင် ဂရန်များကို စနစ်တကျပေးနိုင်ရန် အစီအစဉ်များထားရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြေစာရင်းဦးစီးဌာနအနေနှင့် ကျေးလက်များတွင် မြေစာရင်းမြေပိုများကို တိကျမှန်ကန်စွာ ရေရှည်ထိန်းသိမ်းထားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအုန်းသန်းလယ်ယာမြေစီမံခန့်ခွဲမှုနှင်‌့ စာရင်းဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကွင်းပေါင်း ၈၂၄၁၁ ကွင်း၊  ဦးပိုင်ပေါင်း ၉.၄ သန်းခန့်၊ ဧရိယာအားဖြင်‌့ ၄၇.၉၇ ဧကသန်းအား ကွင်းဖွဲ့ထားရှိပြီး လယ်ယာမြေ၊ စိုက်ပျိုးမြေများကို ကွက်စိတ်‌ မြေပုံများထုတ်လုပ်၍ ယင်းကွင်းစိတ်မြေပုံများမှ ဦးပိုင်တစ်ခုချင်းအလိုက်၊ စိုက်ပျိုးလုပ်ကိုင်သည့် ဧရိယာများကို မှတ်တမ်းတင်စာရင်း ကောက်ယူပြုစုပြီး လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု စာရင်းနှင့် မြေအသုံးချမှုစာရင်းများ မှန်ကန်စွာစာရင်း ကောက်ယူပြုစုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြေတိုင်းတာ ပုံထုတ်ထားပြီး ဖြစ်သော်လည်း၊ လူတို့၏ပြုပြင် ပြောင်းလဲမှုများကြောင့်လည်းကောင်း၊ သဘာဝအကြောင်း တရားများကြောင့်လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့်လည်းကောင်း၊ မြေပြင်အခြေအနေ၏ နေ့စဉ်ပြောင်းလဲနေမှုအပေါ် ပြန်လည်တိုင်းတာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စိုက်ပျိုးမြေဧရိယာ အသစ်များ တိုးချဲ့ဖော်ထုတ် လုပ်ကိုင်မှုများကြောင့် ထပ်မံကွင်းဖွဲ့တိုင်းတာရန် လိုအပ်ချက်များ ရှိနေပါကြောင်း၊ ယခင် ‌မြေပုံနှင့်စာရင်းမှတ်တမ်းများ ပြုစုထိန်းသိမ်းရာတွင် သမားရိုးကျမြေတိုင်းတာခြင်း နည်းစနစ်ဖြစ်သည့် မြေတိုင်းခုံ၊ သံကြိုးကြီးများကိုအသုံးပြု၍ တိုင်းတာဆောင်ရွက်ရခြင်း၊ မြေပုံနှင့်စာရင်းအင်းများကို စက္ကူ၊ မှိုင်းခံစက္ကူများဖြင့်သာ ထိန်းသိမ်းရခြင်း၊ လူအင်အား၊ အချိန်၊ ငွေကြေးများစွာလိုအပ်ခြင်း၊ ခေတ်မီမြေတိုင်း မြေပစ္စည်းများလုံလောက်မှု မရှိခြင်းတို့ကြောင့် မြေကြီးမြေပုံ မှန်ကန်ရေးနှင့် မြေစာရင်းမှတ်တမ်း မှန်ကန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အားနည်းချက်များ ရှိခဲ့ပါကြောင်း၊

          မြေပုံများမှန်ကန်ရေးနှင့်မြေစာရင်းမှတ်တမ်းများ မှန်ကန်ရေးတို့အတွက် ယခင်က အသုံးပြုခဲ့ တဲ့ သမားရိုးကျ မြေတိုင်းတာတဲ့ နည်းစနစ်များဖြင့် (Updaing) ဆောင်ရွက်ရန် အခက်အခဲရှိသဖြင့် ခေတ်မီမြေတိုင်းကိရိယာများကို အစားထိုးပြီးတိုင်းတာ၍  ကွန်ပျူတာစနစ်သုံး Digital Cadastral Maps များ အသုံးပြုခြင်း၊ စာရင်းအင်းအချက်အလက်များကို တိကျသည့် ကွန်ပျူတာစနစ်သုံး Database များတည်ဆောက် အသုံးပြုခြင်း Information and Communication Technology ကိုအသုံးပြုပြီး လက်ရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေကြီးမြေပုံနှင်‌့‌ မြေစာရင်းလုပ်ငန်းများအား အချိန်တိုအတွင်း တိကျမှန်ကန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခုအစိုးရသစ်လက်ထက် ၂၀၁၂-၁၃ ခုနှစ်  ဘဏ္ဍာရေးနှစ်အတွင်း ယခင်ကမရှိခဲ့သည့် ခေတ်မီမြေတိုင်းပစ္စည်းများ ဝယ်ယူရန်ငွေလုံးငွေရင်း ရန်ပုံငွေခွင်‌့ပြုချက်အပေါ်တွင် တစ်မြို့နယ်တွင် လိုအပ်သော ခေတ်မီမြေတိုင်း ကိရိယာများဖြစ်သည့် PTK GPS ကဲ့သို့ ခေတ်မီမြေတိုင်းပစ္စည်းကိရိယာများ  အနည်းဆုံး ၃ စုံကနေ ၅ စုံထိ မြို့နယ်ဧရိယာ ပေါ်မူတည်ပြီး လိုအပ်လျက်ရှိပါကြောင်း၊

          မြေပုံရေးဆွဲခြင်းနှင့် ပုံနှိပ်ခြင်းလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာဖြင့် အလွယ်တကူဆောင်ရွက် နိုင်ရန် A-Zero Color Plotter ၆ လုံး၊  A-Zero Monochrome Copier ၁၅ လုံးနှင့်  i7 Computer  အလုံး ၅၀၀ တို့ကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအသီးသီးမှ  ဖြန့်ဝေထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူအင်အားအနေနှင့် ကွင်းဝန်ထမ်းမြေတိုင်းစာရင်းအင်အား ၈၃၀၀ ဖြင့် မြေဧရိယာပေါင်း ၄၇.၉၇ ဧကသန်းအတွက် တာဝန်ယူဆောင်ရွက်နေရပါကြောင်း၊ ခေတ်မီမြေတိုင်းကိရိယာဖြစ်သည့် RTK GPS ၁ စုံပါ မြေတိုင်းစာရေးဝန်ထမ်း သုံးဦးနှင့် မြေဧရိယာ ၄၀၀ ခန့်ကို ကွင်းတစ်ကွင်းအား ၁၅ ရက်ခန့် တိုင်းတာဆောင်ရွက်ရပါကြောင်း၊ သို့ဖြစ်ပါ၍ မြေကြီးမြေပုံစာရင်းအင်း မှန်ကန်ရေးအတွက် ခေတ်မီမြေတိုင်းကိရိယာနှင်‌့ ကွန်ပျူတာဆက်စပ်ပစ္စည်းများကို လက်ရှိဝယ်ထားပြီးသည့်အပြင် ထပ်မံလိုအပ်ဆဲပဲဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မြေကြီး၊ မြေပုံမှန်ကန်ရေးအတွက် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်အထိ ကွင်းပေါင်း ၂၃၇၇ ကွင်းနှင့် ၂၀၁၄-၁၅ ခုနှစ်မှာ ၄၀၂၇ ကွင်း တိုင်းတာနိုင်ခဲ့ပြီး ၂၀၁၅-၁၆ ခုနှစ်တွင် ကွင်းပေါင်း ၇၆၀၀ ကွင်းအထိ ပြည်နယ်/တိုင်းဒေသကြီးအလိုက် တိုးတက်တိုင်းတာသွားရန်နှင့် စုစုပေါင်း တိုင်းတာရန် လိုအပ်သည့်ကွင်းပေါင်း ၈၂၄၁၁ ၏ ၁၇ ရာခိုင်နှုန်းသာ လက်ရှိအကောင်အထည်ဖော်နိုင်ခြင်းသာ ရှိပါကြောင်း၊

ထို့အပြင် လမ်းပန်းဆက်သွယ်မှု အခြေအနေအရ၊ လုံခြုံမှုအခြေအနေအရ၊ ဝေးလံခေါင်းပါးပြီး သွားလာမှု ခက်ခဲသည့် ဒေသများနှင့် မြေပြင်တွင်ကွင်းဖွဲ့တိုင်းတာရန် ခက်ခဲသောဒေသများတွင် ခေတ်မီဂြိုလ်တုဓာတ်ပုံများကို ရယူအသုံးပြုပြီး တောင်သူလုပ်ကွက် ဧရိယာ မှန်ကန်စွာရရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် လူအင်အား၊ ဝန်ထမ်းအင်အား၊ ပစ္စည်းအင်အား၊ ကျွမ်းကျင်မှုနှင့် ရန်ပုံငွေလိုအပ်ချက်များ များစွာလိုအပ်လျက်ရှိပါ ကြောင်း၊ မြေကြီးနှင့်မြေပုံ အစဉ်အမြဲမှန်ကန်စေရန် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ကွန်ပျူတာစနစ်သုံး Digital မြေပုံများ တိုင်းတာထုတ်လုပ် အသုံးပြုနိုင်ရေးလုပ်ငန်းကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များချမှတ်၍ စနစ်တကျ ပြုစုထိန်းသိမ်းသွားနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။