လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်း ရေး ကော်မရှင်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၌ ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁)(၂)(၃)အပေါ် အမြန်ဆုံးပြီး ပြတ်အောင်ဆောင်ရွက်ပေးရေးအဆိုတစ်ခုကို တင်သွင်းခဲ့ပါကြောင်း၊ ယင်းအဆိုသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စုတွင် သီရိဘက်စုံ ကုမ္ပဏီ အမည်ဖြင့် မြေဧက ၃၀၀၀ ခန့် လုပ်ပိုင်ခွင့်ချထားပေးခဲ့သည့်မြေတွင် ဒေသခံတောင်သူ (၉၀) ဦး၏ လယ်မြေနှင့် ခြံမြေ စုစုပေါင်း (၄၁၆) ဧက ပါဝင်ခဲ့ပါကြောင်း၊ အဆိုပါကုမ္ပဏီအနေဖြင့် ဧက ၃၀၀၀ ခန့် စိုက်ပျိုးလုပ်ကိုင် ခွင့်ရရှိထားသည့်အတွက် အဆိုပါ (၄၁၆) ဧကကို ပြန်လည်စွန့်လွှတ်ပေးပါက ကုမ္ပဏီ၏အကျိုးစီးပွားကို များစွာ ထိခိုက်နစ်နာမှုမရှိစေနိုင်သဖြင့် မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးသင့်ပါသည်ဟု ဖော်ပြထား ချက်အပေါ် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့ပါကြောင်း၊ သို့သော် အောက်ခြေတွင် ဒေသခံတောင်သူများကို တရားစွဲဆိုခြင်းနှင့် တားမြစ်ချက် အမျိုးမျိုးပေးပို့ခြင်း၊ ဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ကို ကြားသိရပြီး ယခုအခါ သီရိဘက်စုံကုမ္ပဏီမှခြံ တာဝန်ခံက တရားလိုပြုလုပ်ကာ မြေသိမ်းခံရသူ နန်းကွေ့ကျေးရွာအုပ်စု တောင်သူ (၉၀)၏ ခေါင်းဆောင်များဖြစ်သူ ဦးတိန်ကော်ဇော်တောင်ပါ (၅)ဦး ကို ၂၀၁၂ ခုနှစ်၊ မြေလွတ်၊မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၇ အမှုအမှတ် ၅၈၁/၂၀၁၄ ဖြင့် မြစ်ကြီးနားမြို့နယ်တွဲဖက်မြို့နယ်တရားရုံးမှ အမှုစွဲဆိုထားသည့် အတွက် တရားရင်ဆိုင်နေရသည်ကို ကြားသိရပါကြောင်း။ ထို့ကြောင့် (၁) ပြည်ထောင်စုလွှတ်တော်က ပြန်လည်လွှဲပြောင်းပေးသင့်ကြောင်း အတည်ပြုထားတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ ကျေးရွာ အုပ်စုမှ တောင်သူ (၉၀)ဦး၏ လယ်မြေ၊ ခြံမြေ (၄၁၆)ဧကကို သိမ်းဆည်းထားသောကုမ္ပဏီက စွန့်လွှတ် ပေးနိုင်ခြင်း ရှိ/မရှိ၊ မစွန့်လွှတ်နိုင်ပါက မည်သည့်အတွက်ကြောင့် မစွန့်လွှတ်နိုင်သည်ကို လည်းကောင်း၊ (၂) ဦးတိန်ကော်ဇော်တောင်အပါ တောင်သူ (၅) ဦးအပေါ် တရားစွဲဆိုထားခြင်းကို သီရိဘက်စုံကုမ္ပဏီက အမှုပြန်လည် ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စုမှ တောင်သူ ၉၀ ဦးတင်ပြသော မြေနေရာသည် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု Oss-၁၂၁ ပိတောက်ဘေးမဲ့တော (ပယ်ဖျက်)ကွင်းသည် ပိတောက်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဧရိယာ ၁၄၂၂၈၇ ဧကအတွင်း ပါဝင်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်း သိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်-(၁/၂၀၀၆)ဖြင့် သစ်တောဘေးမဲ့တော ဧရိယာ အတွင်းမှ ပယ်ဖျက်ခဲ့၍ မြေလွတ်၊မြေရိုင်းအဖြစ် ပြောင်းလဲခဲ့ပါကြောင်း၊ အဆိုပါ တောင်သူ ၉၀ ဦးသည် ယခင်သစ်တောဧရိယာအတွင်းမှ ပယ်ဖျက်မှုမရှိစဉ်က သစ်တောမြေဧရိယာအတွင်း ကျူးကျော်စိုက်ပျိုးခဲ့သူများ ဖြစ်ပါကြောင်း။ မြေလွတ်၊ မြေရိုင်း အဖြစ် ပြောင်းလဲသွားသော မြေများအနက် ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအဖွဲ့ (၉-၂-၂၀၀၇)ရက်စွဲပါစာအမှတ်-၃၂၁၂/မယ(ဖ)(၁၁)ဖြင့် ဧရိယာ (၂၀၀၀) ဧကကို ရာဘာ၊ ပျဉ်းကတိုး စိုက်ပျိုးရန် သီရိဘက်စုံကုမ္ပဏီမှ ဒေါ်သီရိဆွေ အမည်ဖြင့်လည်းကောင်း၊ ၁၈-၅-၂၀၀၇ ရက်စွဲပါ စာအမှတ်-၆၉၅/မယ(ဖ)(၁၁)ဖြင့် ဧရိယာ (၉၇၅) ဧကကို ရာဘာစိုက်ပျိုးရန် ဦးကျော်သီဟ အမည်ဖြင့် လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၃၇ ခုနှစ်အထိ နှစ်(၃၀)လုပ်ပိုင်ခွင့်အား ရရှိထားကြောင်း၊ အဆိုပါ ဧရိယာအတွင်း၌ သီရိဘက်စုံကုမ္ပဏီမှ ကျွန်း၊ ပိတောက်၊ သစ်မွှေး၊ ဒညှင်း၊ ကြက်ဆူ စသည့် နှစ်ရှည်ပင်များ၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိထားသည့်အပြင် တိရစ္ဆာန်မွေးမြူခြင်း၊ ငါးမွေးမြူခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းကုမ္ပဏီအနေဖြင့် ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့် ခွဲမှုအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးမှ ဆောင် ရွက်ခြင်းဖြစ်၍ ပြန်လည်စွန့်လွတ်ရန်မရှိသည်ကို သိရှိရပါကြောင်း။
အထက်ပါ သီရိဘက်စုံကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရ ဧရိယာအတွင်းရှိ ဦးပိုင်အမှတ်-(အင်န်-၄၃/၁)နှင့် (အင်န်_၄၃/၂) (၉၇၅)ဧကအကျယ်ရှိ မြေယာကွက်၏မြောက်ဘက်ခြမ်းမြေယာကွက် အတွင်းသို့ ဦးတိန်ဂေါ်ဇော်တောင်ပါ (၅)ဦးမှ ဝင်ရောက်ကျူးကျော်၍ ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုများကို ဟန့်တားနှောင့်ယှက်မှု များပြုလုပ် နေခြင်း၊ ခြံအတွင်းရှိ သစ်ပင်များကိုခုတ်ခြင်း၊ သယ်ယူခြင်း၊ စိုက်ပျိုးခြံအတွင်း မီးရှို့ခြင်း၊ ခြံကာခြင်း၊ ဝင်ရောက်စိုက်ပျိုးခြင်း၊ လူနေတဲများဆောက်လုပ်နေထိုင်လျက်ရှိခြင်း၊ စွပ်စွဲတိုင်တန်းသူ၏ အသက်အန္တရာယ်ကို စိုးရိမ်အောင်ဟန့်တားနှောင့်ယှက်လာမှုတို့ကြောင့် ဥပဒေအရအရေးယူပေးပါရန် သီရိဘက်စုံကုမ္ပဏီမန်နေဂျာ ဦးသန်းရွှေက မြစ်ကြီးနားမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ အဆိုပါ အမှုအား မြစ်ကြီးနား မြို့နယ်တရားရုံးက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေးဥပဒေပုဒ်မ ၂၇ အရ စစ်ဆေးရန် (၂၆-၁-၂၀၁၅)ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပြီး တရားခံ(၅)ဦး ကို ကျပ်(၅)သိန်းတန် ခံဝန်သူ(၂)ဦးစီဖြင့် အချုပ်လွှတ်ထုချေခွင့်ပြုထားခဲ့ပြီး တရားလို ဦးသန်းရွှေအား (၂၀-၃-၂၀၁၅)ရက်နေ့တွင် စတင်စစ်ဆေးခဲ့ ပါကြောင်း၊ တရားခံ(၅)ဦး၏ အကျိုးဆောင်ရှေ့နေမှ တရားလိုဘက်မှမှတ်တမ်းဓာတ်ပုံများ၊ စာရွက်စာ တမ်းများကို သက်သေခံတင်သွင်းခြင်းအပေါ် မကျေနပ်သဖြင့် မြစ်ကြီးနားခရိုင်တရားရုံးသို့ပြင်ဆင်မှု တင်သွင်းရန် လျှောက်ထားခဲ့သဖြင့် အမှုကို (၃၀-၃-၂၀၁၅)ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း၊ တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းဖြစ်၍ အမှုအား ပြန်လည်ရုပ်သိမ်းခြင်း ရှိ/မရှိ ဆိုသည်မှာ သက်ဆိုင်ရာ တရားရုံးနှင့် တရားစွဲဆိုသူ၊ တရားစွဲဆိုခံရသူတို့အပေါ်တွင်သာ မူတည်ကြောင်းပြန်လည်ရှင်းလင်းတင်ပြပါသည်။
ဒေါ်ဒွဲဘူ(အင်ဂျန်းယန်) က ဆက်စပ်မေးခွန်းကိုမေးမြန်းပါသည်။
ယခု ဝန်ကြီးအနေဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လာရောက်တင်ပြခြင်းဖြစ်သည့်အပြင် ကချင် ပြည်နယ် အစိုးရအဖွဲ့မှတာဝန်ရှိသူများသည်များသည်လည်း အောက်ခြေအထိ ကွင်းဆင်းခြင်းလုံးဝ မရှိဘဲနဲ့ ကုမ္ပဏီ၏ ပြောကြားချက်အရသာ တင်ပြခဲ့ခြင်းဖြစ်သည်ဆိုသည်ကို သိရှိခြင်း ရှိ/ မရှိ၊ ပြည်ထောင်စု လွှတ်တော်ကို တင်ပြစဉ်ကပင် သက်သေအထောက်အထားပြေစာများဖြင့် တင်ပြခြင်းဖြစ်သည့်အတွက် တောင်သူ (၉၀)ဦးသည် ကျူးကျော်သူများမဟုတ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အောက်ခြေအထိ လာရောက်စစ်ဆေးပေးနိုင် ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး၊ ဦးကျော်ကျော်ဝင်း
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ မြေယာကိစ္စများ၊ တိုင်ကြားချက်များကိစ္စများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း၊ ပြန်လည်တင်ပြခြင်း၊ ဆုံးဖြတ်ခြင်းများကို ဥပဒေကြောင်းအရသော်လည်း ကောင်း၊ နည်းဥပဒေကြောင်းအရ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအရသော်လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အဆိုပါက ကိစ္စရပ်သည် သက်ဆိုင်ရာကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်မှုသာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
