မြောင်မြို့၏ ဌာနဆိုင်ရာများသည် ကိုယ်ပိုင်ခြံဝင်းမရှိခြင်းကြောင့် ကုန်သွယ် လယ်ယာဝင်းကြီးကို မိမိတို့မြို့ရှိရုံးများအတွက် အသုံးပြုခွင့်ပေးပါရန် တင်သည့်အခါတွင် သက်ဆိုင်ရာ ဝန်ကြီးက အသုံးပြုခွင့် ခွင့်ပြုပေးခြင်းကြောင့် မြေနေရာမရှိသော ရုံး ၅ ရုံးနှင့် လူမှုရေးအဖွဲ့အစည်းများကို သတ်မှတ်ခွဲဝေပေးခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ရာတွင်လည်း ၂၀၁၃ ခုနှစ် ဧပြီလခန့်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်ထိ စီးပွားရေးဘဏ်တစ်ခုသာလျှင် မြေနေရာတွင် တည်ဆောက်နိုင်သည်ဖြစ်ကာ ကျန်ရုံးများအနေဖြင့် တည်ဆောက်နိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မြောင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံးကို သတ်မှတ်ပေးထားသော မြေနေရာ မည်သည့်အချိန်တွင် မည်သည့် အစီအစဉ်ဖြင့် ရုံးနေရာဆောက်လုပ်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၄)ခု၊ ပြည်နယ် ရုံးခွဲ(၂)ခု၊ ခရိုင်(၆၀)ရုံးနှင့် (က)အဆင့်ရုံးပေါင်း (၄၅)၊ (ခ)အဆင့်မြို့နယ်ရုံးပေါင်း(၄၄)နှင့် (ဂ)အဆင့် မြို့နယ်ရုံး ပေါင်း (၁၉၄)ရုံး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (၁) ရုံးတို့ကို ဖွဲ့စည်းပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးရုံး(၁)ရုံး၊ ခရိုင်ရုံး (၇)ရုံး၊ မြို့နယ်ရုံး (၃၇)ရုံး စုစုပေါင်း (၄၅)ရုံး ဖွဲ့စည်းပြီး စည်ပင်သာယာရေးအဖွဲ့ရုံးများနှင့် ပူးပေါင်းဖွင့်လှစ် အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ရုံးမြေနေရာများရရှိရေးအတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနရုံး အား စတင်ဖွဲ့စည်းချိန်မှာပင် စည်ပင်သာယာရုံးနှင့် ပူးတွဲ ဖွင့်လှစ်လျက် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် မြောင်မြို့နယ်၊ တောင်ရပ်ကွက်၊ မြောင်-ပရိမ္မ လမ်းအနီးရှိ ပုဂ္ဂလိကအဆောက်အဦတစ်ခုတွင် တစ်လလျှင် ကျပ် ၄၀၀၀၀ ဖြင့် ငှားရမ်းပြီး ရုံးဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးရုံး မြေနေရာ ရရှိရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးကော်မတီကိုတင်ပြပြီး မြောင်မြို့နယ်၊ မြို့သစ် ရပ်ကွက်၊ မြောင်-ပရိမ္မလမ်းမကြီးဘေးတွင်ရှိသော အသုံးပြုခြင်းမရှိတော့သည့် ကုန်သွယ်လယ်ယာပိုင်မြေ ၁.၂၅ ဧကတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးရုံးအပါအဝင် ဌာန ခုနစ်ခုကို မြေနေရာခွဲဝေ သတ်မှတ်ရရှိထားပြီးဖြစ်ပါကြောင်းနှင့် ခရိုင်စီမံခန့်ခွဲရေးကော်မတီမှတဆင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့သို့လည်း ခွင့်ပြုချက်တောင်းခံထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက မြောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး ဆောက်လုပ်နိုင်ရန် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
