မာန်အောင်မြို့နယ်သည် ဝေးလံခေါင်းပါးဒေသတွင် ပါဝင်သည့်အတွက် ဝန်ထမ်းအားလုံး လစာ (၂) ဆ ရရှိပါကြောင်း၊ သို့သော် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများက တခြားဝန်ထမ်းများနည်းတူ လစာ (၂) ဆ မရဘဲ လစာ (၁) ဆသာ ရရှိသည့်အတွက် နှစ်စဉ်ရရှိနေသည့် မြို့နယ်အခွန်ငွေများမှ ခွဲဝေပေးနေရပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်မှ အခွန်ရရှိမှုသည် ငွေကျပ် ၅၆၃ သိန်းရှိသော်လည်း မိမိတို့ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများကို ခွဲဝေပေးသည့်အခါ ၃၁၂ သိန်းခန့် မိမိတို့ ပေးရပါကြောင်း၊ မြို့နယ်တစ်ခုလုံးအတွက် လက်ကျန်ငွေ ၁၇၈ သိန်းခန့်သာ ကျန်ရှိသောကြောင့် မြို့စည်ပင်ရေးအတွက် ထိထိရောက်ရောက် မပြုလုပ်နိုင်သည့်အတွက် မြို့နယ်စည်ပင်သာယာရေးတွင် တိုးတက်မှုမရှိဖြစ်နေပါကြောင်း၊ ထို့ကြောင့် မြို့နယ်က ရရှိသည့် အခွန်ငွေမှ နုတ်ယူခြင်း မပြုဘဲ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ဝန်ကြီးဌာန သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများကို လစာ(၁)ဆ တိုးပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စပြီး ပြည်ထောင်စုရသုံးခန့်မှန်းခြေငွေစာရင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေစာရင်း ဟူ၍ ခွဲခြားရေးဆွဲခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော အဖွဲ့အစည်းများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရငွေများကို တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေကို ပေးသွင်းပြီး အသုံးစရိတ်များကို ဘတ်ဂျက် လျာထားချက်များအတိုင်း တိုင်းဒေသ ကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အဖွဲ့အစည်းများသည် မိမိတို့ ရရှိနိုင်သော ဝင်ငွေဖြင့် မိမိတို့အသုံးစရိတ်ကို အတတ်နိုင်ဆုံး ကျခံသုံးစွဲရန်ဖြစ်ပါကြောင်း၊ မိမိတို့ ဝင်ငွေဖြင့် မလုံလောက်ဘဲ ဘတ်ဂျက်လိုငွေ ပေါ်ပေါက်လာပါက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၀ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၁)၊ ပုဒ်မခွဲ(ဃ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ်လည်းကောင်း၊ ချေးငွေအဖြစ် လည်းကောင်း ဖြည့်စွက်ပေးပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တို့တွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီး၊ ဦးစီးဌာနများ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ လိုငွေကို ထောက်ပံ့ငွေအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေး အဖွဲ့အစည်းများ၏ ရသုံးခန့်မှန်းခြေငွေစာရင်းအရ လိုငွေကို ချေးငွေအဖြစ်လည်းကောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဘဏ္ဍာငွေအရ အသုံးစာရင်းလိုငွေကို ပြည်ထောင်စုကဖြည့်ဆည်းပေးသည့် နေရာတွင် လွန်ခဲ့သော နှစ်နှစ်ကထက် ပိုပြီး ဖြေလျှော့ပေးသည့်အနေဖြင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရသုံးခန့်မှန်းခြေစာရင်း လိုငွေများကို ထောက်ပံ့ငွေအဖြစ်သာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးနှင့် စည်ပင်သာယာရေး အဖွဲ့များ၏ လိုငွေကို ချေးငွေအဖြစ် ဆက်လက်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစပြီး တိုင်းဒေသကြီး/ပြည်နယ်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ခြင်းနှင့် စပ်လျဉ်းပြီး မူဝါဒဆိုင်ရာ ထောက်ပံ့မှုဖြစ်စေရန် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆင်းရဲမှုညွှန်းကိန်း၊ မြို့ပြလူဦးရေနှင့် ကျေးလက်လူဦးရေ၊ တစ်ဦးချင်းစီ၏ ပျမ်းမျှအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးစသည့် ညွှန်းကိန်းများအရ တွက်ချက်ပြီး သင့်လျော်သည့်ပမာဏကို ထောက်ပံ့ပေးရန် စီစဉ်ထားရှိပါကြောင်း၊ ထို့အပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစပြီး တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ လိုငွေကိုလည်း ချေးငွေအဖြစ် မသတ်မှတ်ဘဲ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေက ထောက်ပံ့ငွေအဖြစ်သာ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း။
ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသော နိုင်ငံ့ဝန်ထမ်းများသည် တူညီသော အလုပ်အတွက် တူညီသောလစာ၊ ထောက်ပံ့ကြေး၊ စရိတ်နှင့် အခြားစရိတ်များကို သက်ဆိုင်ရာနည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ခံစားခွင့်ရှိပါကြောင်း၊ ထို့အပြင် ဒေသစရိတ်ခံစားခွင့် ရှိသော မြို့နယ်များတွင် နေထိုင်လျက်ရှိပြီး ယင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများသည် ဒေသစရိတ်ကို ခံစားခွင့်ရှိပါကြောင်း၊ မာန်အောင်မြို့နယ်သည် ဒေသစရိတ်ခံစားခွင့်ရှိသော မြို့နယ်တွင် ပါဝင်သည့်အတွက် မာန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည်လည်း အခြားဝန်ထမ်းများနည်းတူ လစာ (၂) ဆ ခံစားခွင့်ရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မာန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့၏ အရအသုံးသည် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်ခြင်းတို့ကြောင့် အဆိုပါဝန်ထမ်းများ၏ လစာများ (ဒေသစရိတ်အပါအဝင်) မြို့နယ်အတွင်း လိုအပ်သော စည်ပင်သာယာရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို မာန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲလျာထားရမည် ဖြစ်ပါကြောင်းနှင့် ၎င်းတို့၏ ရငွေထက်ပိုသော အသုံးစရိတ်အတွက် လိုငွေကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့သောထောက်ပံ့ငွေတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြညှိနှိုင်း ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
