(က)-ဝန်းသိုမြို့စော်ဘွားကန်ကိုပြုပြင်ပေးရန်အစီအ စဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁.၁၀.၂၀၁၄)

ဦးစိုးပိုင် (ဝန်းသို) ဝန်းသိုမြို့တွင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ဖခင် ဦးရွှေတာလက်ထက်က ဆောင်ရွက်ပေးထား ခဲ့သော စော်ဘွားကန်ရှိပါကြောင်း၊ စော်ဘွားကန်သည် ယခင်က စိုက်ပျိုးရေးအတွက်သာ အသုံးပြုခဲ့သော်လည်း ယခုအချိန်ခါတွင် မြို့ရွာရေးပေးရေးအတွက်ပါ အသုံးပြုလျက်ရှိပါကြောင်း၊ စော်ဘွားကန်ကြီးသည် နှစ်ကာလ ကြာလာသည်နှင့်အမျှ တိမ်ကောလာသည့်အတွက် ရေသိုလှောင်နိုင်မှု နည်းလာကာ နွေရာသီ ကာလတွင် သောက်ရေသုံးရေပေးဝေမှုကိုပါ အခက်အခဲရှိလာခဲ့ပါကြောင်း၊ ထို့ကြောင့် ဝန်းသိုမြို့ရှိ စော်ဘွား ကန်ကို ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦး‌အောင်သိမ်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦး‌အောင်သိမ်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ စော်ဘွားကန်သည် ကန်ပေါင်အလျား ၄၁၀ ပေ၊ အမြင့် ၁၀ ခန့်နှင့် ကန်ပေါင်အမျိုးအစားမှာ မြေသားရေလှောင်ကန်ဖြစ်ပြီး မြို့လူထုသောက်သုံးရန်အတွက် ရည်ရွယ်တည်ဆောက်ထားသော ရေလှောင် ကန်ဖြစ်ပါကြောင်း၊ စော်ဘွားကန်ပြန်လည်ပြုပြင်ရန် ကန်ပေါင်မြှင့် တင်ခြင်း၊ ပေါင်အင်အားဖြည့်ခြင်းနှင့် ကန်အတွင်း၌ သဲနှုန်းများဆယ်ခြင်း၊ ၁၅ ပေ အကျယ် ရေပိုလွှဲအသစ်တပ်ဆင်ခြင်း စသည့် လုပ်ငန်းများလုပ်ဆောင်၍ ပြန်လည်ပြုပြင်ပြီးပါက ရေလှောင်ကန်အမြင့် သည် ၁၈ ပေ ရှိမည်ဖြစ်ပြီး ရေသိုလှောင်မှုမှာ ရေဂါလန် သိန်း ၈၀ သိုလှောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြန်လည်ပြုပြင်ပြီးပါက မိုးစပါး ၅၀ ဧကခန့်ကို ဖြည့်စွက်ရေအဖြစ် အကျိုးပြု‌ပေးဝေနိုင် မည်ဖြစ်ပြီး ပြန်လည်ပြုပြင်ရန် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၃၀၀ သိန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၌ တိုင်းဒေသကြီးရန်ပုံငွေအပေါ် မူတည်ပြီး လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။