မော်လမြိုင်နှင့်ရေးသည် မိုင် ၁၀၀ ကျော်ကွာဝေးပြီး ကားလမ်းနှင့်ရထား လမ်းရှိပါသော်လည်း ယခုအခါ ဒေသခံပြည် သူများသည် ကားလမ်းကိုသာ အသုံးပြုသွားလာခြင်းများပါကြောင်း၊ ထို့ကြောင့် ရထားလမ်းကို လူစီးများနိုင်ရန် အတွက် မော်လမြိုင်-ရေးရထားလမ်းတွင် ဂျပန်ပြည်မှ ရထားတွဲများကို ဆွဲပေးပါက သွားလာရေးပိုမို အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့သို့ပြေးဆွဲရာတွင်လည်း ပြေးဆွဲလိုပါကြောင်း၊ ထို့ကြောင့် ရေးနှင့်မော်လမြိုင် ရထားလမ်းတွင် ဂျပန်ပြည်မှ ရထားတွဲများနှင့် ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင်ပြေးဆွဲပေးမည်းကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မပြေး ဆွဲနိုင်သည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ခရီးသည်များ အများအပြားစီးနင်းလျက်ရှိသော ရန်ကုန်မြို့ပတ်နှင့် အခြားလမ်းပိုင်းများတွင် ဦးစားပေးဖြည့်ဆည်းလျက်ရှိပါသဖြင့် မော်လမြိုင်မြို့နှင့် ရေးရထား လမ်းပိုင်းမှာ ဂျပန်မှ အထူးတွဲ များပြေးဆွဲရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း။
မော်လမြိုင်-ရေး ရထားလမ်းပိုင်း ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် Flash Butt Welding Machine နှင့် ၄ ချောင်းဆက် သံဂဟေဆက်ခြင်းနှင့် ကျောက်ဖြည့်ပက်ကင်ရိုက်ခြင်းတို့ကို သိမ်ဇရပ် ဘူတာနှင့် မုပ္ပလင်ဘူတာအကြားတွင်လည်းကောင်း၊ မုပ္ပလင်ဘူတာနှင့် ကျိုက်ကသာ ဘူတာကြားတွင် လည်းကောင်း၊ တောင်စွန်းဘူတာနှင့် နှင်းပုလဲဘူတာကြားတွင် လည်းကောင်း၊ နှင်းပုလဲဘူတာနှင့် ဒုံဝန်း ဘူတာကြားမှာလည်းကောင်း၊ သစ်ဆိပ်ဘူတာနှင့် နောင်ကုလား ဘူတာကြားတွင်လည်းကောင်း၊ သထုံ ဘူတာနှင့် ရင်းငြိမ်ဘူတာကြားတွင် လည်းကောင်း၊ ဇင်းကျိုက်ဘူတာနှင့် ပေါင်ဘူတာကြားတွင် လည်းကောင်း၊ ပေါင်ဘူတာနှင့် ကျွဲခြံဘူတာ ကြားတွင်လည်းကောင်း စုစုပေါင်း သံလမ်းမိုင် ၂၃.၀၁ မိုင် ကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း။
လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ၉ ချောင်းဆက် သံလမ်းဂဟေဆက်ခြင်းလုပ်ငန်းကို မြန်မာ့မီးရထားနှင့် Rail Link Rail Device Project Co.Ltd တို့မှ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီက နိုင်ငံခြားမှ တင်သွင်းလာသော သံလမ်းဂဟေဆက်ခြင်း ဆိုင်ရာ စက်ယန္တရားများကို ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရောက်ရှိလာမည်ဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ လုပ်ငန်းစတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အလားတူ ကျောက်ဖြည့် စက်နှင့် ပက်ကင်ရိုက်ခြင်းတို့နှင့် ပတ်သက်၍ နိုင်ငံခြားမှ တင်သွင်းသော ပင်ကင်ရိုက် စက် ယန္တရားများ ဇွန်လကုန်တွင်ရောက်ရှိမည်ဖြစ်ပြီး ယခုအခါ အကြိုလုပ်ငန်းများ စတင် ဆောင်ရွက် လျက်ရှိရာတွင် ရထားလမ်းတိုင်းတာရေးစက်နှင့် ပဲခူး-ကလိ- နောင်ပတ္တရား လမ်းပိုင်း ၁၀ မိုင်ကို တိုင်းတာစစ်ဆေးနေပြီဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ဘဏ္ဍာငွေရရှိပြီးသည့်အပြင် ဒေသတွင်း နိုင်ငံများနှင့် ဆက်သွယ်မည့် ပဲခူး-မော်လမြိုင်-ရေး-ထားဝယ် ရထားလမ်းပိုင်း အဆင့်မြှင့် တင်ရေးလုပ်ငန်းကို ၂၀၁၆-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ADB မှ မြန်မာ့မီးရထားသို့ပေးမည့် Pipeline Project ခေါင်းစဉ်အောက်မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ထည့်သွင်းအဆိုပြု ထားပါကြောင်းနှင့် ၎င်းငွေများရရှိပြီးချိန်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
