(ဇ)-ရခိုင်ပြည်နယ်(၁၇)မြို့နယ်တွင်(၂၄)နာရီမီးရ ရှိရေးမည်သို့ဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း (၅၀) ခန့်ကို လျှပ်စစ်မီးရရှိနိုင်ရန်ဆောင်ရွက်ပေး မည့်အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေး ခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၉)ရက်မြောက်နေ့ (၂၀.၅.၂၀၁၅)

ဦးအောင်စိန် ( မာန်အောင် မဲဆန္ဒနယ်)ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၇) မြို့နယ်ရှိပြီး မာန်အောင်မြို့နယ်ကလွဲပြီး ကျန် (၁၆) မြို့နယ်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကစပြီး မဟာဓာတ်အားလိုင်းက (၂၄) နာရီ မီးရရှိနေပြီဖြစ်ပါကြောင်း၊ မာန်အောင်မြို့နယ်တစ်ခုသာ (၂၄) နာရီ မီးမရရှိ၍ ဒီဇယ်အင်ဂျင်စက်နှင့် မြို့အတွက် (၅) ရပ်ကွက်သာ ညနေ (၆) နာရီမှ (၁၀) နာရီ၊ နံနက် (၄) နာရီမှ (၆) နာရီ စုစုပေါင်း နေ့စဉ် (၆)နာရီသာ မီးရရှိပါကြောင်း၊ လျှပ်စစ်မီးဖိုး ပေးဆောင်နေရသူမှာလည်း တစ်ယူနစ်ကို ၄၀၀ မှ ၅၀၀ ကျပ်အထိ မီးလင်းရေးအဖွဲ့က ကောက်ခံနေသည်ကို ပေးသွင်းနေကြရပါကြောင်း၊ မာန်အောင်မြို့နယ်တွင် ကျေးရွာကြီး/ကျေးရွာငယ်ပေါင်း ၁၈၆ ရွာရှိသည့်အတွက် မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးရရင် တစ်မြို့နယ်လုံးမီးလင်းနိုင်ပါကြောင်း၊ ထိုသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရရှိပါက အခြားနည်းလမ်းများဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း မြို့နှင့် နီးကပ်စွာ တည်ရှိနေသော ကျေးရွာပေါင်း (၅၀) ခန့်ကို ဆိုလာမီးစနစ်ဖြင့်ဖြစ်စေ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် ၂ လုံးဖြင့် မီးသုံးသူ ၈၃၁ ကို တစ်‌နေ့လျှင် (၆) နာရီ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ မာန်အောင်ကျွန်းသည် သီးသန့်တည်ရှိနေသော ကျွန်းဖြစ်ပြီး အနီးဆုံးနေရာဖြစ်သော ရမ်းဗြဲမြို့နယ်၊ အောင်လှပြင်မှ ရေမိုင်အကွာအဝေး (၅) မိုင်ခန့်ရှိသည့်အတွက် ဓာတ်အားလိုင်းတည်ဆောက်ရန် ခက်ခဲမှုရှိပါ၍ လက်ရှိအခြေအနေတွင် ဒီဇယ်ဓာတ်အားပေးစက်ဖြင့်သာ ဓာတ်အားပေးနေရခြင်းဖြစ်ပါကြောင်း၊ မာန်အောင်ကျွန်းပေါ်တွင် အသေးစားဓာတ်အားစနစ် (Mini Grid System) ကို အသုံးပြုပြီး (၂၄) နာရီ ဓာတ်အားပေးနိုငရန် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေ့လာတွေ့ရှိချက်များအရ မာန်အောင်မြို့နယ်အတွင်း ဇီဝဒြပ်ထု/ဇီဝဓာတ်ငွေ့(Biomass နှင်‌့ Biogas) ဓာတ်အားပေးစက်နှင့် လေအားလျှပ်စစ် (Wind Turbine) တို့ကို တစ်လှည့်စီအသုံးပြုမည့်စနစ် (Hybrid Generation System) ဖြင့် ဓာတ်အားထုတ်လုပ်ပြီး ကျွန်းပေါ်ရှိမြို့နှင့် ကျေးရွာအားလုံးကို ၃၃ ကေဗွီ ဓာတ်အားစနစ်ဖြင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ကနဦးလေ့လာမှုများကို ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြစ်မြောက်နိုင်စွမ်းပေါ်မူတည်၍ နိုင်ငံတော်မှရန်ပုံငွေ  ခွဲဝေရရှိမှု၊ အတိုးနှုန်းသက်သာသော ပြည်တွင်းပြည်ပချေးငွေရရှိမှုပေါ်မူတည်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး နှစ်အလိုက် အစီအစဉ်များချမှတ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်စိန် (မာန်အောင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၁၉၄၂ ခုနှစ်ကစပြီး ၁၉၄၅ ခုနှစ်အထိ ကျောက်ဖြူ၊ ရမ်းဗြဲကတစ်ဆင့် မြေအောက်လိုင်းဖြင့် မာန်အောင်တွင် လျှပ်စစ်မီးရရှိခဲ့ပါကြောင်း၊ နည်းပညာများလည်း ရရှိနေပြီဖြစ်ပြီး မဟာဓာတ်အားလိုင်းရရှိနေသော ရမ်းဗြဲမြို့မှ မာန်အောင်မြို့သို့ ပလပ်စတစ်အမာသားပိုက်ဖြင့် သွယ်တန်းပြီး အတွင်း၌ လျှပ်စစ်ကြိုးဆက်သွယ်ရယူပါက အကုန်အကျသက်သာစွာဖြင့် မာန်အောင်မြို့နယ်တစ်ခုလုံး (၂၄) နာရီ လျှပ်စစ်မီးရရှိနိုင်ပါကြောင်း ပြောကြားပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး

မာန်အောင်နှင့် အနီးဆုံး ဓာတ်အားရောက်ရှိနေသည်မှာ ရမ်းဗြဲမြို့ဖြစ်ပါကြောင်း၊ ရောက်ရှိနေသော ဓာတ်အားမှာ ၆၆ ကေဗွီ ဓာတ်အားစနစ်ဖြစ်ပါပြီး ယင်း ၆၆ ကေဗွီ ဓာတ်အားစနစ်ကို ပင်လယ် ကြမ်းပြင်ရေအောက်မှ ရေအောက်သုံးသော Sub Marine Cable ချမြှုပ်ရမည်ဖြစ်ပါကြောင်း၊ Sub Marine Cable ၅ မိုင်တန်ဖိုးသည် အလွန်တန်ဖိုးကြီးမားသည့်အတွက် မိမိတို့အနေဖြင့် ဖြစ်မြောက်နိုင်စွမ်း‌ ဈေးနှုန်းစသည်တို့ကို အသေးစိတ်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး ပြန်လည်လေ့လာဆန်းစစ် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ယခင်က ချမြုပ်ခဲ့သော Cable သည် ၆၆ ကေဗွီ မဟုတ်နိုင်ပါကြောင်း၊ ဗို့အားအဆင်‌့နိမ့်သောကြိုးသာ ဖြစ်မည်ဖြစ်ပါကြောင်း၊ ယခုအခါ ရွာပေါင်း ၅၀ ကို ဖြန့်ဖြူးပေးနိုင်မည့် ဗို့အား အဆင့်ကလည်း ၆၆ ကေဗွီနှင့် လာမှာသာလျှင် ဖြစ်နိုင်မည့်အတွက် မြေအောက်ကြိုး၏ တန်ဖိုး၊ ထုတ်လုပ်နိုင်မည့် အချိန်ကာလအားလုံးကို လေ့လာဆန်းစစ်ပြီး တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဖြေကြားသည့် ဌာန 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး