ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်သည် ရန်ကုန်-မော်လမြိုင်မီးရထားလမ်း၊ မော်တော်ကားလမ်းဘေးတွင်ရှိပြီး ကျေးရွာပေါင်း ၁၁၆ ရွာ၊ ကျေးရွာအုပ်စု ၆၀ နှင့် လူဦးရေနှစ်သိန်းကျော်ရှိသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ မြို့ပေါ်ရှိဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်ပြီး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၃ ခု၊ တိုက်နယ်ကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၇ ခုနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၃ ခုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝေါမြို့နယ်သည် ၃၇၆ စတုရန်းမိုင် ကျယ်ဝန်းပြီး ရန်ကုန်အထွေထွေကု ဆေးရုံကြီးနှင့်မိုင် ၇၀၊ ပဲခူးအထွေထွေရောဂါကု ဆေးရုံကြီးနှင့် မိုင် ၂၀ ကျော်ကွာဝေးပါကြောင်း၊ လူဦးရေ၏ ၇၅% သည် တောင်သူလယ်သမားများဖြစ်ပြီး မြို့နယ်အတွင်း၌ ဆေးရုံ၊ ဆေးခန်းများ အားကိုးနေကြရသူများဖြစ်ပါကြောင်း၊ မြို့ပေါ်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံသည် တစ်နေ့လျှင်ပျမ်းမျှလူနာ ပြင်ပ ၃၀ ဦးနှင့် အတွင်းလူနာ ၂၁ ဦးရှိပြီး တစ်ခါတစ်ရံ လူနာများသည့်အခါများတွင် ခုတင်မရှိသည့် အခက်အခဲများ ရှိနေပါကြောင်း၊ ထို့ကြောင့် ဝေါမြို့ပေါ်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံကို ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့အတူ လက်ရှိဆေးခန်းများဖြစ်သော ကဒွတ်ကျေးရွာနှင့် ဆင်ရွာကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးခြင်း၊ ဘုရားပျိုကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုမြှင့်ပေးမည်ဆိုပါက ဝေါမြို့နယ်နှင့် ဆက်စပ်နေသော ကျိုက်ထိုမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ပဲခူးမြို့နယ်ရှိ ပြည်သူများ၏ ကျန်းမာရေးကိုလည်း စောင့်ရှောက်ပြီး ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝေါမြို့နယ်ပြည်သူ့ဆေးရုံအား ၂၅ ခုတင်ဆံ့ဆေးရုံမှ ၅၀ ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ကဒွတ်ကျေးရွာရှိနှင့် ဆင်ရွာကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတို့အား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်ပေးရန်အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်နှင့် ဘုရားပျို ကျေးလက်ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၄ ရုံ၊ (မြစ်ကျိုး၊ သရဲသမိန်၊ ညောင်ခါးရှည်၊ ဖိုးဦးစိန်) စုစုပေါင်း ဆေးရုံ ၅ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၈ ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ဝေါမြို့နယ်တွင် အိမ်ခြေ ၃၅၆၇၉ အိမ်၊ လူဦးရေ ၂၀၁၆၆၁ ဦး၊ ကျေးရွာပေါင်း ၁၁၆ ရွာရှိပြီး ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် မိုင် ၂၀ ကွာဝေးပါကြောင်း၊ ဝေါမြို့နယ် ပြည်သူ့ဆေးရုံတွင် တစ်နေ့လျှင် ပျမ်းမျှပြင်ပလူနာ ၁၅ ဦးနှင့် တစ်နေ့ပျမ်းမျှအတွင်းလူနာ ၂၇ ဦးရှိပြီး လူနာများသောအချိန်တွင် အတွင်းလူနာ ၅၀ ဦးရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ခွင့်ပြုခုတင် အသုံးပြုနှုန်း ၁၀၈ % ရှိနေသည့်အတွက် ဝေါမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ် ရန် ဖွဲ့စည်းပုံရရှိရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကဒွတ်ကျေးလက်ကျန်းမာရေးဌာနှင့် ဆင်ရွာ ကျေးလက်ကျန်းမာရေးဌာနခွဲများကိုလည်း တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့် ဖွဲ့စည်းပုံရရှိရေး အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဘုရားပျိုး ကျေးလက်ကျန်းမာရေးဌာနခွဲသည် ကဒွတ်ကျေးလက်ကျန်းမာရေးဌာန အောက်တွင်ရှိပြီး ဘုရားပျိုးကျေးရွာအုပ်စုသည် အိမ်ခြေ ၂၁၅၆ အိမ်၊ လူဦးရေ ၁၁၄၄၈ ဦးရှိပြီး ဝေါမြို့နယ်ဆေးရုံနှင့် ၅ မိုင်ကွာဝေးပါကြောင်း၊ ဘုရားပျိုးကျေးလက် ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ရန်ခွင့် ရရှိရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
