မိမိတို့ မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့အပြားတွင် ငလျင်များမကြာခဏလှုပ်နေသည်ကို တွေ့ရှိရ ပါကြောင်း၊ အင်အားအကြီးဆုံး ငလျင်ဖြစ်သည့် သပိတ်ကျင်းငလျင် လှုပ်ခတ်ပြီးနောက်တွင်လည်း ငလျင်ငယ်များ ရာနှင့်ချီ လှုပ်ခတ်နေခဲ့သည် ကိုကြုံတွေ့ရပါကြောင်း၊ ၎င်းငလျင်ငယ်များ၏ ပြင်းအားသည် အဆင့် ၅ အထိ ကျော်လွန်သည့် ငလျင်များ ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ငလျင်အန္တရာယ်ကြိုတင်ပြင်ဆင်မှုအပိုင်းဟာ အခြားသဘာဘေးအန္တရာယ်များထက် ပိုပြီးတော့ အလေးပေးသင့်ကြောင်း ပညာရှင်များကလည်း ထောက်ပြဝေဖန်နေသည်ကို တေ့ွရှိရပါကြောင်း၊ မြန်မာနိုင်ငံအနှံ့တွင် အဓိကငလျင်ကြောကြီး ငါးခုရှိနေသည့်အပြင် စစ်ကိုင်းပြယုဒ် ကြောကြီးကလည်း မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းမှ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ အနီးက ကပ္ပလီပင်လယ်အတွင်းကို တိုးဝင်သွားသည်မှာ ကီလိုမီတာ ၁ သောင်းခန့်ရှည်လျားသည် ဆိုသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းပြယုဒ်ကြောကြီးသည် မိုးကောင်း၊ အင်းတော်ကြီး၊ ထီးချုင့်၊ စစ်ကိုင်း၊ မြစ်သား၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပျဉ်းမနား၊ ဖြူး၊ ပဲခူး၊ ခရမ်းသုံးခွများကို ဖြတ်ကျော်၍ ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်သွားခြင်းဖြစ်သည်ဟု ပညာရှင်များက အသေးစိတ် တွက်ချက်ထားပါကြောင်း။
ငလျင်ကြောပေါ်တွင် နေထိုင်သော မြန်မာနိုင်ငံသားများအနေဖြင့် ငလျင် သဘာဝဘေး အန္တရာယ် တုံ့ပြန်အသိပညာပေး နည်းပါးနေသည်ကို တေ့ွရှိရပါကြောင်း၊ ထို့ကြောင့် ကြိုတင် ပြင်ဆင်ထားသည့် ကောင်းမွန်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ ဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာပစ္စည်းများ ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန်အတွက် မြေငလျင်မလှုပ်ခတ် မီနှင့် လှုတ်ခတ်နေစဉ်၊ လှုပ်ခတ်ပြီးအချိန်များမှာ မည်ကဲ့သို့ကြိုတင်လုပ်ဆောင်ရမည့် ပညာပေးရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံဆောင်ရွက်ထားရှိမှုရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြေငလျင်သဘာဝ ဘေးအန္တရာယ်သည် အခြားသဘာဝဘေးအန္တရာယ်များ ကဲ့သို့ ကြိုတင်ခန်းမှန်း၍ မရနိုင်သည့်အတွက် မြေငလျင် လှုပ်ခတ်မည့်သတင်းကို ကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်းနှင့် မြေငလျင်သည် နေ့/ညအချိန်မရွေး လှုပ်ရှားနိုင်ပါကြောင်း။ နည်းပညာဖွံ့ဖြိုး တိုးတက်သော နိုင်ငံများတွင် လှုပ်ရှားခဲ့သော မြေငလျင်အချက်အလက်များနှင့် ဘူမိဗေဒဆိုင်ရာ ကွင်းဆင်းတိုင်းတာမှု များပြုလုပ်ပြီး မြေငလျင်ဘေးကျရောက်နိုင်သော မြေငလျင်ပြင်းအားပြမြေပုံ (Micro-seismic Zoing Map) များ ရေးဆွဲထားရှိပါကြောင်းနှင့် မိမိတို့ မြန်မာနိုင်ငံတွင်လည်း အဆိုပါ မြေငလျင်ပြင်းအားပြမြေပုံများ ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါမြေပုံအရ အဆောက်အဦများ တည်ဆောက်ရာတွင် သက်ရောက်နိုင်သော မြေငလျင်ဒဏ်ကို ခံနိုင်သည့်ဒီဇိုင်း များ၊ ပစ္စည်းများဖြင့် ဆောက်လုပ်ရန် အဆောက်အဦ တည်ဆောက်ပုံ လက်စွဲစည်းမျဉ်း (Building Code) ကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရေးဆွဲ လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် မြေငလျင်ဘေးအန္တရာယ် လျော့ပါးစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများအပြင် ဒေသတွင်းရှိ အခြားအဖွဲ့အစည်းများ၊ ဦးစီးဌာနများနှင့်လည်း ပူပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့်အတူ အာရှသဘာဝ ဘေးကြိုတင်ကာကွယ်ရေး ဗဟိုဌာန (Asian Disaster Preparedness Centre- ADPC)၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် အခြားအဖွဲ့ အစည်းများပါဝင်ပြီး Earthquake Risk Assessment of Mandalay City စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ငလျင်ဘေးအပါအဝင် သဘာဝဘေးများကြောင့် ပြည်သူတို့၏အသက်၊ အိုးအိမ်ပျက်စီးဆုံးရှုံးမှု သက်သာစေရေးအတွက် ဘေးမဖြစ်မီ၊ ဘေးဖြစ်နေစဉ်၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို နံရံကပ်ပို စတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျောင်းနေရွယ်ကလေးများမှ အစပြု၍ မိသားစုများ အတွင်းပါ သိရှိစေရန် ကျောင်းသုံးဗလာစာအုပ်အတွင်းဘက် မျက်နှာဖုံးများတွင် ဘေးအန္တရာယ်ဆိုင် ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ ထည့်သွင်းပုံနှိပ်ခြင်း၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ ရပ်ကွက်/ကျေးရွာ နေပြည်သူများအတွက် ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခဲမှုဆင့်ပွားသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဒေသ၏ပထဝီအနေအထား၊ ဖြစ်ပွားတတ်သော ဘေးအမျိုးအစားပေါ်မူတည်၍ ရပ်ကွက်/ကျေးရွာ အဆင့် အသိပညာပေး ဆွေးနွေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့အပြင် သဘာဝ ဘေးဒဏ်ကို လက်တွေ့ရင်ဆိုင်ရမည့် ရပ်ရွာလူထု ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရန် ထိရောက်ပြီး ပြီးပြည့်စုံသော၊ အားလုံးပါဝင်ဆောင်ရွက်သော သဘာဝဘေး စီမံခန့်ခွဲမှု စနစ်ကို ထူထောင်နိုင်ရန် သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့်စွမ်းအားစုများ အမြဲအသင့်ဖြစ်စေ နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များရှိ ကျေးရွာများတွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များကို ၂၀၁၄ ခုနှစ် မေလမှစတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါ လူငယ် မောင်မယ်များအား သဘာဝ ဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် နည်းပြသင်တန်းများ ဖွင့်လှစ်၍ သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်များနှင့် ရပ်ရွာအခြေပြုသဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်း အကြောင်း ဆွေးနွေးပို့ချလျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ သင်တန်း (၂၆)ကြိမ် ဖွင့်လှစ်ခဲ့ ပြီးဖြစ်ပါကြောင်း၊ အဆိုပါသင်တန်းဆင်းလူငယ်များသည်လည်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ ၏ကြီးကြပ်မှုဖြင့် ရပ်ရွာတွင် သဘာဝဘေးလျော့ပါး စေရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်းများနှင့် ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ပေးလျက် ရှိပါကြောင်း။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်Japan Intermational Cooperation Agency အဖွဲ့တို့ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် အ.ထ.က(၁)တွင် ကျောင်းသား/ကျောင်းသူများအား ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ရန်အတွက် လက်တွေ့လေ့ကျင့်ခန်းပြုလုပ်ခြင်း အသိပညာပေး ဆောင်ရွက်ခဲ့ခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဦးစီး ဌာနများ၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီ၊ (UN-Habitat) တို့ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်လျက် ရှိခြင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်နှင့် လှုပ်ပြီးနောက် လိုက်နာဆောင်ရွက်မည့်အချက်များကို ပြည်သူလူထုအား အသိ ပညာပေး လုပ်ငန်းတိုးမြှင့်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ငလျင်လှုပ်ပြီးနောက် ဖြစ်ပေါ် တတ်သည့် နောက်ဆက်တွဲငလျင်ကြောင့် အဆောက်အဦပြိုကျနိုင်သည့်အတွက် လုံခြုံစိတ်ချရသော အဆောက်အဦများနှင့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ရေးတို့ကိုလည်း သတင်းစာများနှင့် ရုပ်မြင်သံကြားတို့မှတစ်ဆင့် ပြည်သူလူထုထံ သတိပေးရေးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားပါသည်။
