မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ဆာလည်ကျေးရွာတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော နံရံဆေးရေးပန်းချီရှိသည့် ဘုရား ပေါင်း ၂၅ ဆူရှိပါကြောင်း။ တချို့ ပြည်တွင်းပြည်ပဧည့်သည်များ သွားရောက်လည်ပတ်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အဆိုပါ ဆာလည်ရွာတွင် လျှပ်စစ်မီးရရှိခြင်း မရှိသည့်အတွက် ပြည်တွင်း ပြည်ပ ဧည့်သည်များကို ညအိပ် လက်ခံနိုင်ခြင်းမရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ယခုအခါ လျှပ်စစ်မီးသည် ပုဂံခေတ် ရှေးဟောင်း ဘုရားပေါင်း ၄၅ ဆူ ရှိသည့် ဆာလည် ကျေးရွာမှ ပေ ၁၂၀၀ ဝေးကွာသော ကျန်စစ်စေတီအထိအောင်ရောက်ရှိနေပြီဖြစ်သည့်အတွက် ဆာလည်ကျေးရွာမီးလင်းရေးအပြင် ခရီးသွားလုပ်ငန်းကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ပါရန် ဆာလည်ကျေးရွာအား လျှပ်စစ်သွယ်တန်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ချောက်မြို့နယ်၊ ဆာလည်ကျေးရွာတွင် အိမ်ခြေ ၂၂၉ အိမ်ရှိပြီး လူဦးရေ ၈၇၆ ဦး နေထိုင် လျက်ရှိပါကြောင်း၊ ဆာလည်ကျေးရွာ လျှပ်စစ်စွမ်းအားရရှိရေးအတွက် ရေနံချောင်းမြို့ လက်မှတ်ကုန်း ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ စက်မှုဇုန်ဓာတ်အားလိုင်းမှ ဓာတ်အားရယူထားသည့် ကျန်စစ်စေတီမှ တစ်ဆင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁.၅ မိုင်ခန့် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ထို့နောက် ကျေးရွာတွင် ထရန်စဖော်မာ ၂၀၀ ကေဗွီတစ်လုံးတပ်ဆင်ပြီး ၄၀၀ ဗို့လိုင်းများဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးရမည်ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ၁၁ ကေဗွီဗို့အား ဓာတ်အားလိုင်းနှင့် ၁၁/ဝ.၄ ကေဗွီ ဓာတ်အားခွဲရုံငယ်များ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ အသစ်တည်ဆောက်ခြင်းနှင့် အဟောင်းထိန်းသိမ်းခြင်းလုပ်ငန်းများကို တိုင်းနှင့် ပြည်နယ်ဒေသအစိုးရအဖွဲ့များမှတစ်ဆင့် ရန်ပုံငွေ လျာထားတောင်းခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ချောက်မြို့နယ်၊ ဆာလည်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ပေးရန် အထက်ဖော်ပြပါလုပ်ငန်းများအားလုံးကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားဆောင်ရွက်ရန် ဘဏ္ဍာငွေခွဲငွေ ပေးနိုင်မှုအခြေအနေအရ ပါဝင်မှုမရှိခဲ့ပါ၍ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေတွင် ထပ်မံထည့်သွင်း တောင်းခံဆောင်ရွက်ပေးရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
