(ဂ)-နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားသယ်ယူ ပို့ဆောင်ရေး မဟာစီမံကိန်းကို မည်သို့ရေးဆွဲ၍ မည်သို့အကောင်အထည်ဖော်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ (၃.၂.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းလာစေရေးနှင့် ဒေသအတွင်း ပေါင်းသင်းဆက်ဆံမှု မြှင့်တင်ရေးအတွက် အာဆီယံအဝေးပြေးလမ်းမကွန်ယက် စင်ကာပူ-ကူမင်းရထားလမ်းချိတ်ဆက်မှု၊ အာဆီယံ၏ တစ်ခုတည်းသော လေကြောင်း ပို့ဆောင်ရေးဈေးကွက်၊ အာဆီယံ၏ တစ်ခုတည်းသော ပင်လယ်ရေကြောင်း ပို့ဆောင်ရေးဈေးကွက် ပဏမခြေလှမ်းများကို ပြီးစီးမှုအပါအဝင် အကျိုးများသော၊ စိတ်ချရသော၊ ရေရှည်ခံသော ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အာဆီယံခေါင်းဆောင်များက ၎င်းတို့၏ ကတိကဝပ်များကို အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ အကြိမ် (၂၀) မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးတွင် ၂၀၁၆ မှ ၂၀၂၅ အထိ အာဆီယံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်ချမှတ်ခြင်း၊ အာဆီယံတစ်ခုတည်းသော ရေကြောင်းပို့ဆောင်ရေးဈေးကွက် အကောင်အထည်ဖော်ရေးမူဘောင် ချမှတ်ခြင်းနှင့် ရေနံ ရုပ်သိမ်းမှု ပူတွဲကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဖြေရှင်းရေး အာဆီယလုပ်ထုံးလုပ်နည်းဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသောဒေသများက လမ်းပန်းကောင်းမွန်ရေးသည် ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျော့နည်းစေပြီး ဒေသခံများ၏ လူနေမှုအဆင့်အတန်းကိုလည်း မြင့်မားစေမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျသည့်လူများသည် ကားလမ်း၊ ရထားလမ်းမရှိသော ကျေးရွာများမှ လူများ၊ ဝေးလံခေါင်ဖျားပြီး တောတောင်ထူထပ်သည် ဒေသမှ လူများဖြစ်ကြပါကြောင်း၊ ၎င်းဒေသခံများသည် ဆင်းရဲတွင်းနက်သည့်အပြင် အာဟာရချို့တဲ့ခြင်း၊ မီးအိမ်ကလေးသေနှုန်းမြင်‌့မားခြင်း၊ ကျောင်းနေနိုင်မှု၊ စာတတ်မြောက်မှု နိမ့်ကျနေခြင်းများကို တွေ့ရှိရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါမှ ပညာရေး၊ ကျန်းမာရေး၊ အခြားဝန်ဆောင်မှုများပါ တိုးတက်မြင့်မားလာမည်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားသယ်ယူပို့ဆောင်ရေး မဟာစီမံကိန်းကို မည်ကဲ့သို့ ရေးဆွဲပြီး မည်ကဲ့သို့ အကောင်အထည်ဖော်  ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ
ဖြေကြားချက် 

ပို့ဆောင်ရေးဝန်ကြီးဌာနသည် လေကြောင်း၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ကုန်းလမ်း၊ မီးရထားပို့ဆောင်ရေး ကဏ္ဍအသီးသီးနှင့် ချိတ်ဆက်ပြီး ပေါင်းစည်းထားသော သယ်ယူပို့ဆောင်ရေးစနစ် ရေရှည်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အဓိကလိုအပ်နေသော မဟာစီမံကိန်း သို့မဟုတ် ပင်မစီမံကိန်း (Master Plan) တစ်ရပ်ကို ပြည်ပမိတ်ဆွေနိုင်ငံများ၏ အကူအညီဖြင့် ရေးဆွဲရန် နည်းလမ်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊  ကြိုးပမ်းမှုရလဒ်အဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (Ministry of Land Infer structure  Transport and Tourism) ၏ ဖိတ်ကြားချက်အရ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သော ခရီးစဉ်အတွင်း Memorandum on Cooperation in the field of Transportation နားလည်မှုစာချွန်လွှာကို MLIT ၏ ဝန်ကြီး Mr.Yuichiro Hata နှင့်  လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။

နားလည်မှုစာချွန်လွှာတွင်ပါရှိသော ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအရ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်နှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပို့ဆောင်ရေးနည်းလမ်းအားလုံးပါဝင်သော အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်း (National Transport Master Plan) တစ်ရပ်ရေးဆွဲရန် ညှိနှိုင်းခဲ့ပါကြောင်း၊ ယင်း Master Plan ရေးဆွဲနိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်သော ဌာနများမှ ကိုယ်စားလှယ်များပါဝင်သော Joint Coordination Committee (JCC) ကို ၁၄.၁၂.၂၀၁၂ ရက်နေ့တွင် မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ် ၁၇ ဦး၊ ဂျပန်ဘက်ကကိုယ်စားလှယ် ၂၉ ဦး စုစုပေါင်းအဖွဲ့ဝင် ၄၆ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ Master Plan ရေးဆွဲနိုင်ရေးအတွက် ပို့ဆောင်ရေးနည်းလမ်းတစ်ခုချင်းကို Survey ပြုလုပ်ပြီး  ပမာဏ ကောက်ယူရရှိသော အချက်အလက်များအပေါ် အခြေခံပြီး ပထမမူကြမ်းကို ၂၅.၁၁.၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယမူကြမ်းကို ၁၈.၁.၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ တတိယမူကြမ်းကို ၁၃.၃.၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ အပြီးသတ်မူကြမ်းကို ၁၆.၉.၂၀၁၄ ရက်နေ့တွင်လည်းကောင်း အဆင့်ဆင့်ပြုစုခဲ့ပါကြောင်း။

Master Plan ရေးဆွဲနေသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးကဏ္ဍ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သော Rehabilitation and Modernization of Yangon-Mandalay Railway၊ Inland Water Transport Facilities Improvement and Development in Mandalay ဆိုသည့် လေ့လာမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်း ရေးဆွဲနိုင်ခဲ့သည့် အတွက်  ပို့ဆောင်ရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲဆောင်ရွက်ခြင်း၊ အမျိုးသားပို့ဆောင်ရေးကွန်ယက်တည်ထောင်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ ညှိနှိုင်းပေးနိုင်မည့် အမျိုးသားအဆင့် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းအကောင်အထည်ဖော်ခြင်း၊  ပို့ဆောင်ရေးကဏ္ဍ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ကောင်းမွန်သည့် အစီအမံများ ရေးဆွဲ၍ လျှော့ချသွားခြင်း၊ ပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံမှုအစီအမံများကို အပြည်ပြည်ဆိုင်ရာစံနှုန်းများ နှင့် ကိုက်ညီစေရေးအတွက် မြှင့်တင်ဆောင်ရွက်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ခြင်း၊ ဘေးကင်းလုံခြုံပြီး ယုံကြည်စိတ်ချရသည့် ဈေးနှုန်းသင့်တင့်သော ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများဖြင့် အခြားကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုခြင်းဆိုသည့် ရည်မှန်းချက်များကို  စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

ပင်မစီမံကိန်း၏ ထူးခြားသော ဝိသေသ(၂)ရပ်မှာ နှစ်ပေါင်းများစွာကာလအတွင်း မြန်မာနိုင်ငံ၌ ပထမဆုံးရေးဆွဲခဲ့သည့် ကုန်း၊ ရေ၊ လေ ပို့ဆောင်ရေးနည်းလမ်းများအားလုံးပါဝင်သော နှစ်ရှည်စီမံကိန်း တစ်ခုဖြစ်ခြင်းနှင့် မြန်မာနိုင်ငံအဝှမ်းအား ဖြန့်ကျက်ထားသော သယ်ယူပို့ဆောင်ရေးစြင်္ကန် Transport Corrector ၁၀ ခု ရေးဆွဲသတ်မှတ်ပြီး စြင်္ကန်အလိုက် ပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည့် အစီအမံဖြစ်ခြင်းပင် ဖြစ်ပါကြောင်း၊ ယင်းပင်မစီမံကိန်းတွင်  လေကြောင်းပို့ဆောင် ရေးစီမံကိန်း ၃၂ ခု၊ ရေကြောင်းပို့ဆောင်ရေးစီမံကိန်း ၁၅ ခု၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး စီမံကိန်း ၃၃ ခု၊ ရထားပို့ဆောင်ရေးစီမံကိန်း ၁၄ ခု၊ ကုန်းလမ်းပို့ဆောင်ရေးစီမံကိန်း ၄၈ ခု စုစုပေါင်း ပို့ဆောင်ရေးစီမံကိန်း ၁၄၂ ခုကို နှစ်အလိုက်အကောင်အထည်ဖော်နိုင်စေရန် ရေးဆွဲထားပါကြောင်း၊ ပင်မစီမံကိန်း၏ အပြီးသတ်မူကြမ်းကို ၄.၁၂.၂၀၁၄ ရက်နေ့က  ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၄/၂၀၁၄)တွင် အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့် အညီတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပါက Master Plan ပါစီမံကိန်းများကို ဦးစားပေးအဆင့်အလိုက် သုံးသပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပင်မစီမံကိန်းပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုနှင့် ကြီးကြပ်မှုအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့အပါအဝင် အခြားပို့ဆောင်ရေးကဏ္ဍများ၊ ဆက်စပ်လျက်ရှိသော ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများပါဝင်၍ အမျိုးသားအဆင့် ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။