စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးခရိုင်အတွင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်းက ရေကြီးရေလျှံမှုကြောင့် မြို့ရပ်ကွက်၊ ကျေးရွာ များ ရေတိုက် စားခြင်းခံခဲ့ရပါကြောင်း၊ နောင်တွင် အလားတူမဖြစ်စေနိုင်ရေးအတွက် ရေထိန်းနံရံများကို စီမံချက်ချမှတ်ပြီး ကြိုတင်ဆောင်ရွက်ပေးရန် လိုအပ်နေ ပါကြောင်း၊ ဒေသခံပြည်သူများမှလည်း ရေထိန်းနံရံများ တည်ဆောက်ပေးရန် တင်ပြလာသည့်အတွက် တမူးမဟူရာချောင်းရေတိုက်စားမှု၊ ကမ္မကြီးကျေး ရွာချောင်းရေ တိုက်စားမှု၊ ကနန့်ကျေးရွာချောင်းရေးတိုက်စားမှုများမှ ကာကွယ်ရန်နှင့် ခမ်းပါတ်-၁ နှင့် ခမ်းပါတ်-၂ ရပ်ကွက် ချောင်းရေတိုက်စားမှုတို့မှ ကာကွယ်ရန်တို့အတွက် ရေထိန်းနံရံတည်ဆောက် ခြင်းလုပ်ငန်းများကို မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တမူးမြို့မဟူရာချောင်း ပါဟဲတံတားရေလမ်း၊ ခမ်းပါတ်မြို့ ကနန်ကျေးရွာချောင်း ရေတိုက်စား ကမ်းပြိုသည့်နေရာ ခမ်းပါတ် -၁ နှင့် ခမ်းပါတ် -၂ အကြား ရေတိုက်စားသည့်နေရာများသည် စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကွင်းဆင်းတိုင်းတာ တွေ့ရှိချက်များအနက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အစီ အမံများဖြစ်သည့် တမူးမြို့နယ် ပါဟဲတံတာရေလမ်း ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ကျောက်စီမြေထိန်းနံရံ အလျား ၅၇၀ ပေ ရေကာများ အလျားတိုး ချဲ့ခြင်းနှင့် ရေကာတာ ၆၅ ပေ (၄)ခု တည်ဆောက်ခြင်းအတွက် ခန့်မှန်းတန်ဖိုးကျပ် ၁၉၈.၅ သန်း၊ ခမ်းပါတ်မြို့ ကနန်ချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း သန့်ရှင်း အခြေပြုမြေထိန်းနံရံ အလျား ၉၈၄ ပေအတွက် ခန့်မှန်းတန်ဖိုးကျပ် ၂၈၂ သန်းနှင့် တမူးမြို့နယ်ခမ်းပါတ်နှင့် အမှတ် - ၁နှင့် အမှတ် - ၂ အကြား ခမ်းပါတ်မြို့ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ကျောက်ဖြစ်ရေကာများ အလျား ၉၂၀ ပေ အတွက်ခန့်မှန်းတန်ဖိုးကျပ် ၇၅ သန်း အသီးသီး ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါတမူးမြို့နယ်အတွင်း ကမ်းပြိုနေရာ ၃ နေရာအား ကမ်းပြိုကာကွယ်ရေး အစီအမံများ ဆောင်ရွက်ပေနိုင်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင်ပါဝင်ခြင်း မရှိပါသဖြင့် ရန်ပုံငွေအကူအညီရရှိရန်အတွက် ကမ္ဘာ့ဘဏ်နှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် ခတ်ပါတ်-၁ ရပ်ကွက် မြစ်ကမ်းပါး အခြေအား ရေတိုက်စားမှု ကာကွယ်ရေးအတွက် သံခြင်းများ ချထားခြင်းလုပ်ငန်းကို တမူးခရိုင်လမ်းဦးစီးဌာန မြစ်ကမ်းထိန်းသိမ်းရေး ရန်ပုံငွေဖြင့်လည်းကောင်း၊ ခမ်းပါတ်-၂ ရပ်ကွက်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
