စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လ အတွင်းက ရေကြီး ရေလျှံမှုကြောင့် မြို့၊
ရပ်ကွက်ကျေးရွာများ ရေတိုက်စားခြင်းခံခဲ့ရသည့်အပြင် လယ်ယာမြေအများစု သဲနုန်းများဖုံးလွှမ်းခဲ့သဖြင့် တောင်သူများ များစွာနစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊ စိုက်ပျိုးသီးနှံများအထွက် လျှော့ခြင်း၊ ပျက်စီးခြင်းများ ကြုံတွေ့ရကာ စပါးပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရန်အတွက် အခက်အခဲရှိနေခြင်း၊ သဲနုန်းဖုံးလွှမ်းနေသည့် လယ်ယာမြေများကို ပြန်လည်၍ လယ်ကွက်များဖော်ထုတ်ပေးစေလိုခြင်းနှင့် ရေတိုက်စား၍ ပါသွားသည့် လယ်ယာမြေများအစား လုပ်ကိုင်စားသောက်နိုင်ရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လျှောက်ထားခွင့် ပေးပြီး အမြန်ဆုံးချထားပေးစေလိုကြောင်း ဒေသခံများက တင်ပြလာခဲ့သည့်အတွက် အဆိုပါ ရေဘေးသင့်တောင်သူများ၏ အခက်အခဲများကို မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများကို စပါးပေါ်ချိန်တွင် စိုက်ပျိုး
စရိတ်ချေးငွေ ပြန်ဆပ်ရန် အခက်အခဲရှိနေခြင်းကိစ္စနှင့်ပတ်သက်၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် နည်းဥပဒေ အခန်း(၆)၊ နည်းဥပဒေ ၃၀ အရ ရက်ရွှေ့ဆိုင်းပေးဆပ်ခွင့်ပြုရန် မြို့နယ်ဘဏ်ခွဲ မန်နေဂျာထံသို့ လျှောက်ထား တင်ပြနိုင်ပါကြောင်းနှင့် ယနေ့အချိန်ထိ တမူးခရိုင်မှ ရေကြီးရေလျှံမှုကြောင့် ပျက်စီးလယ်ယာမြေများအတွက် ၂၀၁၅ ခုနှစ်၊ မိုးချေးငွေများအား ရက်ရွှေ့ဆိုင်းပေးဆပ်ခွင့်ပြုပါရန် တင်ပြခြင်းမရှိသေးပါကြောင်း၊ သဲနုန်းဖုံးလွှမ်းလယ်ယာမြေများနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် မိုးရာသီရေကြီး ရေလျှံစဉ်က လယ်ယာမြေ ၇၃၁၈ ဧကတွင် သဲနုန်းနှင့် အမှိုက်၊ ဒိုက်များဖုံးလွှမ်းခဲ့သည့်အနက် ၄၃၅၃ ဧကကို စက်မှုလယ်ယာဦးစီးဌာနပိုင် ထွန်စက်များဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ပြီးဖြစ်ပါကြောင်း၊ ရှင်းလင်းရန် ကျန်ဧရိယာများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ပေးသော စက်ယန္တရား အချို့နှင့်ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊
ရေတိုက်စား၍ လယ်ယာမြေပါသွားသော ဧရိယာများနှင့် ပက်သက်၍ ရေတိုက်စားခြင်းဖြင့် လယ်ယာ မြေ ၅၆၆ ဧက ပျက်စီးမှုရှိခဲ့ပါကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ လယ်ယာမြေဖော်ထုတ်လုပ်ကိုင် လိုသူများက ၂၀၁၂ ခုနှစ် ပြဋ္ဌာန်းပြီးဖြစ်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့်အညီ တိုင်းဒေသကြီး မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးလုပ်ငန်းအဖွဲ့သို့ တင်ပြလျှောက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးခင်မောင် (တမူး) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိတို့ တမူးမြို့နယ်က တောင်သူလယ်သမားများအနေဖြင့် ရေကြီးတိုက်စားမှုကြောင့် ဆုံးရှုံးမှုများစွာဖြစ်သည့်အတွက် နိုင်ငံတော်က စီမံချက်ချပြီး စိုက်ပျိုးစရိတ်ချေးငွေကို ပြန်ဆပ်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု မျှော်လင့်နေကြပါကြောင်း၊ တောင်သူလယ်သမားများ ရက်ရွှေ့ဆိုင်းပေးဆပ်ခွင့်ပြုရန် ကိစ္စသည်လည်း အလျင်အမြန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုစပါးပေါ်ချိန်ဖြစ်သည့်အတွက် မကြာခင် ပြန်ဆပ်ရမည်ဖြစ်ရာ တောင်သူလယ်သမားအနေဖြင့် အခက်အခဲကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန အနေဖြင့် အောက်ခြေရှိဌာနများသို့ ရက်ရွှေ့ဆိုင်းပေးဆပ်ခွင့်ပြုရန် လျှောက်လွှာကို တောင်သူလယ်သမားထံ အမြန်ဆုံး ရရှိရန် ဆောင် ရွက်ပေးနိုင်ခြင်းရှိ/မရှိကိုလည်ကောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေအရ လျှောက်ထားကြသည့် တစ်ဧက၊ နှစ်ဧက တစ်နိုင်တစ်ပိုင် လျှောက်သည့်သူများပင် ၂ နှစ်ခန့် ကြာပါကြောင်း၊ ထို့ကြောင့် ရေဘေးသင့် တောင်သူလယ်သမားမိသားစုများအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနကညှိနှိုင်းပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်း ရပိုင်ခွင့်ကို အသုံးချပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကိုလည်းကောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
ချေးငွေပြန်ဆပ်ရသည့် ကိစ္စနှင့် စပ်လျဉ်း၍ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ဘဏ်ကို တိုက်ရိုက်ညွှန်ကြား၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတစ်ဆင့် တင်ပြလာသည့် အပေါ်မူတည်ပြီး ပြည်ထောင်စုအစိုးရက ပြန်လည်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စဖြစ်ပါကြောင်း၊
မြေလွတ်၊ မြေလပ်၊ မြေရိုင်းလျှောက်ထားခြင်းနှင့်ပတ်သက်၍ ဧက ၅၀ အထိကို တိုင်းဒေသကြီးအစိုးရသို့ လုပ်ပိုင်ခွင့် ပေးထားခြင်းဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရကို လျှောက်ထားပြီး တိုင်းဒေသကြီးအစိုးရ၏ ညှိနှိုင်းလာချက်ပေါ် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က လိုအပ်ချက်ပေါ်မူ တည်ပြီးညှိနှိုင်းဆောင်ရွက်ပေး သွားနိုင် မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
