(ဂ)-လက်ပံတန်းမြို့နယ်၊မန်ကျည်းကွင်းကျေးရွာမြေ (၁၆၃.၆၂)ဧကကျယ်ဝန်းသောစားကျက်မြေအားပြည် ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စားကျက်မြေ အဖြစ်မှပယ်ဖျက်ခြင်းသည်ကျေးရွာမီးလင်းရေးနှင့် မည်သို့ဆက်စပ်နေသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၈.၁.၂၀၁၆)

ဦးကျော်မင်း (လက်ပံတန်း)ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၊ မန်ကျည်းကွင်းကျေးရွာတွင်ရှိသော ကွင်းအမှတ်-၁၁၅၉ ဦးပိုင်အမှတ်(55-N) မြေ(၁၆၃.၆၂)ဧကကျယ်ဝန်းသည့် မန်ကျည်းကွင်း စားကျက်မြေကို ပဲခူးမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၇-၁၀-၂၀၁၅ ရက်စွဲပါ စာအမှတ် ၄/၂-၉၅(၉၈) ဦ ၁ အထ ဦးဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ကျေးရွာအုပ်စု မီးလင်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီက ၁၁-၉-၂၀၁၅ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၅) ဆုံးဖြတ်ချက်အပိုဒ် ၁၇ အပိုဒ်ခွဲ(ဋ)ဖြင့် သဘောတူခွင့်ပြု ခဲ့သဖြင့် အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၆၈ အရ ၇-၁၀-၂၀၁၅ ရက်နေ့ မှစ၍ စားကျက်မြေအဖြစ်မှ နုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းပြီး စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရာတွင် လက်ရှိတည်ဆဲ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်ညီညွတ်ခြင်းရှိ/မရှိနှင့် ထိုသို့ စားကျက်မြေပယ်ဖျက်ခြင်းသည် ကျေးရွာမီးလင်းရေးနှင့် မည်သို့မည်ပုံ ဆက်စပ်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

 

 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မန်ကျည်းကွင်းကျေးရွာအုပ်စု မန်ကျည်းကွင်း အမှတ်-၁၁၅၉ မြေဧရိယာ ၁၆၃.၆၂ ဧကကို ၁၉၅၄ ခုနှစ်တွင် စားကျက်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၈၉ ခုနှစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဒေသဝမ်းစာဖူလုံရေးအတွက်ကို အဆိုပါ စား ကျက်မြေ ၁၆၃.၆၂ ဧကအနက် မြေဧရိယာ ၁၁၁.၂၀ ဧကအား မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစီအစဉ်ဖြင့် ဌာနဆိုင်ရာ/အဖွဲ့အစည်း ၁၀ ဖွဲ့သို့ တာဝန်ပေးစိုက်ပျိုးစေခဲ့ပြီး တောင်သူများနှင့် တောင်သူများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကို ၂၀၁၁ ခုနှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက်တွင် ဒေသခံတောင်သူ ၁၃ ဦးမှ  အစဉ်တစ်စိုက်လုပ်ကိုင်လာသည်ကို တွေ့ရှိရပါကြောင်း၊  

မန်ကျည်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းညွန့်ပါ လယ်သမား ၁၃ ဦးတို့သည် မန်ကျည်း ကွင်းကျေးရွာအုပ်စုရှိ စားကျက်မြေဧရိယာ ၁၆၃.၆၂ ဧကကို စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပြီး စိုက်ပျိုး မြေအဖြစ် ၁၁၁.၂၀ ဧက၊ ကန်မြေ ၁၇.၅၁ ဧက၊ အိမ်ခြံမြေ ၉.၅၁ ဧက၊ ဆည်မြောင်းမြေ ၅.၂၄ ဧကနှင့် အခြားမြေ ၂၀.၁၆ ဧကအဖြစ် သက်မှတ်ပေးရန် တင်ပြလာပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၉-၁-၂၀၁၅ ရက်နေ့တွင်ပြုလုပ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး သဘောထား မှတ်ချက်နှင်‌့အတူ စားကျက်မြေပယ်ဖျက်မှုအမှုတွဲအား တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၆-၁-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးချုပ်သို့ တင်ပြခဲ့ပါကြောင်း၊

ထို့နောက် အဆိုပါလက်ရှိအသုံးပြုနေသော စားကျက်မြေဧရိယာကို သက်ဆိုင်ရာဌာနများ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ပြီး တည်ရှိစားကျက်မြေဧရိယာနှင့် လက်ရှိအသုံးပြုလျက်ရှိသည့် ဧရိယာ၊ စိုက်ပျိုးသီးနှံအမည်၊ တစ်ဧကအထွက်နှုန်း၊ တောင်သူလုပ်ကိုင်သောဧရိယာ၊ စတင်စိုက်ပျိုးသည့်ခုနှစ်၊ ကျွဲ/နွားကောင်ရေစာရင်း၊ ပတ်ဝန်းကျင်တောင်သူများ၏ သဘောထား၊ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရပ်မိရပ်ဖတို့၏ အစည်းအဝေးမှတ်တမ်း၊ ပတ်ဝန်းကျင်မြေပုံ၊ သက်ဆိုင်ရာဌာနများ၏ သဘောထား၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးတို့၏ သဘောထားမှတ်ချက်တို့နှင့်အတူ စားကျက်မြေပယ် ဖျက်ခွင့် အမှုတွဲအား ပြည့်စုံစွာတင်ပြရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)က ၁၉-၃-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင်‌့ အကြောင်းကြားခဲ့ပါကြောင်း၊

ကျေးရွာမီးလင်းရေးဆောင်ရွက်ရန်အတွက် စပါးစိုက်စားကျက်မြေအား ရောင်းချခဲ့ခြင်းအပေါ် စားကျက်မြေ ရောင်းချရငွေအား လယ်သမားများနှင့် ဌာနဆိုင်ရာမှ ခွဲဝေရယူခဲ့သည်ဟု တိုင်ကြားခဲ့ပါကြောင်း၊ အဆိုပါတိုင်ကြားမှုအပေါ် ပဲခူးတိုင်းဒေသကြီး မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ စိစစ်ခဲ့ရာတွင်  ယခင်က ဌာနဆိုင်ရာအမည်ဖြင့် ရယူထားသော အဆိုပါစားကျက်မြေကို လယ်သမားများနှင့် အကျိုးတူ လုပ်ကိုင်နေရာမှ ၂၀၁၁ ခုနှစ်မှစ၍ ဌာနဆိုင်ရာများမှ အကျိုးတူသီးစားခရယူခြင်း၊ လုပ်ကိုင်ခြင်း မရှိဘဲ ယခု လုပ်ကိုင်နေသူ တောင်သူများကသာ မြေရောင်းချရငွေများအားလုံးကိုရယူပြီး ကျေးရွာမီးလင်းရေး အတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းတင်ပြခဲ့သည့်အပြင် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ စိစစ် တွေ့ရှိချက်၊ သုံးသပ်ချက်နှင်‌့ အကြံပြုချက် အစီရင်ခံစာများနှင့်အတူ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ မန်ကျည်းကွင်းစားကျက်မြေအတွင်း အသုံးပြုလျက်ရှိသော မြေအမျိုး အစားအလိုက် ပူးပေါင်းအဖွဲ့ဖြင့်စိစစ်၍ စားကျက်မြေမှ ပယ်ဖျက်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီဆောင်ရွက်သွားရန် ၁၁-၃-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ပါကြောင်း၊

အဆိုပါမြေအား စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရန် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်များဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၉-၄-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန(ရုံးချုပ်)သို့ ပြန်လည်တင်ပြလာခဲ့သည့် အတွက်           ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်ပြီး ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်၊ လက်ပံတန်း မြို့နယ်၊ မန်ကျည်းကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၅၉)၊ မန်ကျည်းကွင်းရှိ စားကျက်မြေအား စိုက်ပျိုးမြေအဖြစ် ၁၁၁.၂၀ ဧက၊ ကန်မြေအတွက်ကို ၁၇.၅၁ ဧက၊ အိမ်ခြံမြေ အတွက် ၉.၅၁ ဧက၊ ဆည်မြောင်းမြေအတွက် ၅.၂၄ ဧကနှင့် အခြားမြေအတွက် ၂၀.၁၆ ဧက စုစုပေါင်း ၁၆၃.၆၂ ဧကကို ၁၁-၉-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထဲရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီရဲ့ အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၅)၊ ဆုံးဖြတ်ချက် အပိုဒ် ၁၇ အပိုဒ်ခွဲ(ဋ)ဖြင့် သဘောတူခွင့်ပြုချက်အရ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၆၈ နှင့်အညီ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၇-၁၀-၂၀၁၅ ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ စားကျက်မြေ ၁၆၃.၆၂ ဧကအား ပယ်ဖျက်ရာတွင် အမှုတွဲဖွင့်လှစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စတင်လျှောက်ထားကာ ကျေးရွာရပ်မိရပ်ဖများ၊ အထောက်အကူပြု ကော်မတီများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ထောက်ခံချက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအဆင့်ဆင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်တို့ဖြင့် တည်ဆဲမြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့် နည်းတူစားကျက်မြေ ပယ်ဖျက်ရာတွင်လည်း စိုက်ပျိုးရေး၊ ကျေးရွာအုပ်စုမီးလင်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ပြချက်အရ ပယ်ဖျက်ခဲ့ခြင်းဖြစ်ရာ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပြီးစိုက်ပျိုးရေး၊  ကျေးရွာ မီးလင်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးချခဲ့သည့်အတွက် စားကျက်မြေပယ်ဖျက်ခြင်းနှင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ သည် ဆက်စပ်နေခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။       

ဦးကျော်မင်း(လက်ပံတန်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စားကျက်မြေများနှင့် ပတ်သက်ပြီး ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံတော် မြေယာနှင့်အခွန် နည်းဥပဒေအရ စားကျက်မြေများနှင့် ပတ်သက်ပြီးအကာအကွယ် ပေးထားသည့် ဥပဒေများတွင် စားကျက်မြေကို မည်သူ့မှမကျူးကျော်ရဟူ၍ ပါရှိပြီး  စားကျက်မြေတည်တံ့ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၃ အရ ထိန်းသိမ်းကာကွယ်ရမည်ဟူ၍ လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေနှင့် ၂၀၁၂ ခုနှစ် မြေယာဥပဒေများတွင် လည်းကောင်း၊ စားကျက်မြေများကို မည်သည့်အကြောင်းနှင့်မျှ ပယ်ဖျက်ခြင်းမပြုရဆိုသည့် ၁၉၆၄ ခုနှစ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်များလည်းရှိပါကြောင်း၊ စားကျက်မြေ များနှင့်ပတ်သက်သည့် တည်ထောင်ရေးနှင့် တည်တံ့ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသည့် ကိစ္စတစ်ခုကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နည်းဥပဒေ ၁၈၇၆ ခုနှစ်၊ အောက် မြန်မာနိုင်ငံတော် မြေယာနှင့်အခွန်ဥပဒေ ၆၈ အရ ပယ်ဖျက်ပါသည်ဟု ဆိုရာတွင်လည်း ၁၈၇၆ ခုနှစ်၊ အောက်မြန်မာ နိုင်ငံတော် မြေယာနှင့်အခွန်ဥပဒေ ၆၈ သည် စားကျက်မြေကို ကာကွယ်ပေးထားသည့် ဥပဒေဖြစ်ပါကြောင်း၊ ထို့ကြောင့် စားကျက်မြေကို ပယ်ဖျက်ခြင်းသည် တရားဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မန်ကျည်းကွင်းကျေးရွာအုပ်စု မန်ကျည်းကွင်း အမှတ်(၁၁၅၉) ရှိ မြေဧရိယာသည် ၁၉၅၄ ခုနှစ်က စားကျက်မြေအဖြစ် သတ်မှတ်ထားတာဖြစ်ပါကြောင်း၊ ထို့နောက် ၁၉၈၉ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာ စိုက်ပျိုးနိုင် သည့် အနေအထားရှိသည့်အတွက် သက်ဆိုင်ရာလမ်းညွှန်ချက်အရ သက်ဆိုင်ရာအဖွဲ့အစည်း ၁၀ ဖွဲ့ဖြင့်  သက်ဆိုင်ရာဝန်ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်ခြင်း၊ ဒေသရှိတောင်သူများနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခြင်းများကို ၂၀၁၁ခုနှစ် အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် သက်ဆိုင်ရာ တောင်သူများ ကသာ လယ်ယာစိုက်ပျိုးရေးကိစ္စများကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  ထိုမှတဆင့် ယင်းဒေသတွင် ရှိသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ အထောက်အကူပြုကော်မတီအဖွဲ့များက စားကျက် မြေကို စိုက်ပျိုးမြေအဖြစ် ၂၅ နှစ်ကျော် စိုက်ပျိုးလာခဲ့ပြီးဖြစ်သည့်အတွက် စားကျက်မြေအဖြစ် ပယ်ဖျက် ပေးရန် တင်ပြလာခဲ့ခြင်းအပေါ်အဆင့်ဆင့်စိစစ်၍  သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အတူ သက်ဆိုင်ရာ တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ တောင်သူများ၏ အကျိုးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက် ထားခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးရွာမီးလင်းရေးအတွက်  ဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုများသည် မီးပေးမည့် နေရာနှင့် ၆ မိုင်ခန့် ဝေးကွာပြီး ကျပ်သိန်းပေါင်းများစွာ ကုန်ကျသည့်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တစ်ဝက်စီကျခံမည့် စနစ်ဖြင့်ဆောင်ရွက်ရာတွင် ပြည်သူများကကျခံ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အဆိုပါစားကျက်မြေကို ရောင်းချပြီး  ထိုသို့ရောင်းချခြင်းဖြင့် ရရှိလာသည့်ငွေများကို ယင်းဒေသရှိ ပြည်သူများအကျိုးအတွက်သုံစွဲရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့က  လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။