(ခ)-ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု တွင်(၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံတစ်ရုံဆောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၃၀.၉.၂၀၁၄)

ဒေါ်တင်တင်ရီ(ကျွန်းစု ) ကျွန်းစုမဲဆန္ဒနယ်၊ ရေကန်တောင်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၆ ရွာဖြင့်ဖွဲ့စည်းထားပြီး အနီးဆုံး ကန်မှော်ကျေးရွာ အုပ်စုတိုက်နယ်ဆေးရုံသို့ ၄ နာရီခန့် ရေလမ်းခရီးဖြင့်သွားလာရပြီး သွားလာရောက်ရန် လွန်စွာမှခက်ခဲပါကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ခရီးစဉ်တွင် ဒေသခံများ၏ တောင်းဆိုချက်အရ ယင်းရေကန်တောင်ကျေးရွာတွင် မြေနေရာရရှိပါက တိုက်နယ် ဆေးရုံတစ်ရုံကို ချထားပေးမည်ကို ကတိပေးထားခဲ့သည်ဖြစ်ရာ  ယခုအချိန်တွင် ရေကန်တောင် ကျေးရွာရှိမြေပိုင်ရှင်ဖြစ်သူ ဦးစိုးမိုး၊ ဒေါ်သိင်္ဂီဝင်းတို့မှာ ဆေးရုံဆောက်လုပ်ရန် မြေငါးဧကကိုလှူဒါန်း ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေကန်တောင်ကျေးရွာအုပ်စုတွင် ခုတင် ၁၆ လုံးဆံ့ တိုက်နယ်ဆေးရုံတစ်ရုံကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်နှင့် ဆောက်လုပ် ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းအိမ်ရာများ အသစ်ဆောက်လုပ်ရန် ကျန်းမာရေး ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း ၁၀၀ ခွင့်ပြုခဲ့ပါကြောင်း၊ ကျွန်းစုမြို့နယ်၊ သစ်ရာပိုင်တိုက်နယ်ဆေးရုံ၊ ပထပ်တိုက်နယ်ဆေးရုံ၊ မောတောင်တိုက်နယ်ဆေးရုံများ ဆောက်လုပ်ရန်အတွက်လည်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း ၁၅၀ စီ၊ ကန်မှော် တိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် သန်း ၅၀ ၊ ကျွန်းစုမြို့နယ်၊ မောင်းလှော် တိုက်နယ်ဆေးရုံ ဆောက်လုပ်ခြင်းအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ကျပ် ၃၅၀ သန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ကျပ် ၂၀၅ သန်းကို ခွင့်ပြုထားခဲ့သည်ဖြစ်ခြင်းကြောင့် ကျွန်းစုမြို့နယ်၊ ရေကန်တောင်တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစီအစဉ်မရှိသေးပါ ကြောင်း၊  ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။