(က)-အောက် မြန်မာပြည် (ဖောင်ကြီး)နှင့်အ ထက်မြန်မာပြည်(ဇီးပင်ကြီး)တို့တွင်ဒီမိုကရေစီ အရေးနှင့် ပတ်သက်သော သင်ရိုးညွှန်းတမ်း များ ပြုစုပြဋ္ဌာန်းရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၃၀.၉.၂၀၁၄)

ဦးဝင်းထိန် (မိတ္ထီလာ) ပြည်သူ့ဝန်ထမ်းများကို လေ့ကျင့်ပျိုးထောင်ပေးသော အောက်မြန်မာပြည် (ဖောင်ကြီး)နှင့် အထက်မြန်မာပြည် (ဇီးပင်ကြီး) တို့တွင် လေ့ကျင့်ရေးတက္ကသိုလ်များ ဖွင့်လှစ်ထားပါကြောင်း၊ လေ့လျင့်ရေးကျောင်းများသည် လိုအပ်ပြီး နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းအတွက် အဓိကကျပါသဖြင့် ဝန်ထမ်းများကို လေ့ကျင့်ပေးရာတွင် လည်း ခေတ်စနစ်နှင့်အညီ ကိုက်ညီမည့် မူဝါဒများနှင့်အညီ လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်ပေးသော အစီအစဉ်များသည် ဖောင်ကြီးကျောင်းကို ယခင် မဆလခေတ်က စတင် တည်ထောင်ခဲ့ပါကြောင်း၊ တပ်မတော်အစိုးရလက်ထက်၌ အထက်မြန်မာပြည်၊ ဇီးပင်ကြီးတွင်  တစ်ကျောင်းဖွင့်ခဲ့ပါကြောင်း၊ ကျောင်း နှစ်ကျောင်းမှ တပ်မတော်အစိုးရမူဝါဒများနှင့်ကိုက်ညီသော ဝန်ထမ်းများကို လေ့ကျင့်ပေးခဲ့ပြီး ယခုအချိန်တွင် သင်တန်းမျိုးစုံဖွင့်လှစ်ပြီး ဝန်ထမ်းများကို လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ ယခုအချိန်သည် ဒီမိုကရေစီအသွင်ပြောင်းရေးကာလဖြစ်သောကြောင့် လေ့ကျင့်ပြုစုပျိုးထောင်ပေး သည့် အဆင့်ဆင့်သောဝန်ထမ်းများသည်လည်း ဒီမိုကရေစီနှင့်ကိုက်ညီသော ဝန်ထမ်းများဖြစ်လာပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ မကြာသေးခင်က ဖောင်ကြီးတွင်  ပြီးသွားသော ဆရာဝန်များ လေ့ကျင့် သင်တန်းတွင်  အခြေခံစစ်ရေးပြနှင့် ပတ်သက်သော သင်ခန်းစာ၊ အရာထမ်းကောင်းများနှင့် ပတ်သက် သော အခြေခံမူဝါဒများ၊ ဥပဒေနှင့်ပတ်သက်သော သိသင့်သိထိုက်သည့် ကိစ္စရပ်များ၊ စီးပွားရေးနှင့် စစ်ရေးပညာရပ်များ၊ အထွေထွေစီမံခန့်ခွဲမှုဘာသာရပ်နှင့် ခေါင်းဆောင်မှုပညာ၊ နိုင်ငံတကာရေးရာနှင့် အထွေထွေနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံ၏ အတွေးအခေါ်များနှင့် ကမ္ဘာ့သမိုင်းအကျဉ်း၊ မြန်မာ့လွတ်လပ်ရေး သမိုင်း အကျဉ်းတို့ကို သင်ကြားပို့ချပေးကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊  ခေါင်းစဉ်များကို ကြည့်ခြင်းအားဖြင့် အနာဂတ်ဝန်ထမ်းများအတွက် လိုအပ်သည့် သင်ခန်းစာများဟု ယေဘုယျအားဖြင့် ပြော၍ရသော်လည်း အသေးစိတ်ကြည့်မည်ဆိုပါက ဝန်ထမ်းများကို ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ပို့ချသင်ကြားမှု လွန်စွာအားနည်း နေသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် ယာယီသဘောဆိုသည်ကို သမိုင်းက သက်သေပြခဲ့ပြီဖြစ်ပြီး တပ်မတော်အစိုးရဆိုသည်မှာလည်း ကဏ္ဍတစ်ခု ပြီးဆုံးသွားပြီ ဖြစ်ပါကြောင်း၊ သို့သော် အနာဂတ်မြန်မာပြည် နိုင်ငံရေးခရီးတွင် ဒီမိုကရေစီအရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သကဲ့သို့ အဒွန့် တည်ရှိမည့် ဝါဒတစ်ခုဖြစ်သည်ကို အားလုံးက သဘောတူလက်ခံနိုင်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် အနာဂတ်နိုင်ငံခေါင်းဆောင်များဖြစ်သော အရာထမ်း၊ အမှုထမ်းများကို ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ သင်ကြားပို့ချပေးရန် အလွန်လိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများကို သင်တန်းပို့ချမည့် ဆရာများကိုယ်တိုင် ဒီမိုကရေစီအရေးနှင့်ပတ်သက်သော သင်ခန်းစာများ ကျွမ်းကျင်ရန်လိုအပ်ပါသဖြင့် (၁) ဝန်ထမ်းတက္ကသိုလ်များတွင် သင်ကြားပို့ချမည့်ဆရာများကို ဒီမိုကရေစီအရေးနှင့် သင်ခန်းစာနှင့် ပတ်သက်ပြီး ကျေကျေလည်လည်ဖြစ်စေရန် အရည်အချင်းမြှင့်တင်ပေးမည့်အစီအစဉ်ရှိ/မရှိ၊ (၂) သင်တန်းသူ သင်တန်းသား များနှင့် ဆီလျော်သော ဒီမိုကရေစီအရေးနှင့်ပတ်သက်သည့် သင်ရိုးညွှန်းတမ်းများ၊ ဆဲလဘတ် များ ပြုစုပြဋ္ဌာန်း ရန် အစီအစဉ်ရှိ/မရှိနှင့် (၃) အထက်ပါ မေးခွန်းနှစ်ခုနှင့်ပတ်သက်၍ အစီအစဉ် မရှိသေးပါက မည်သည့် အချိန်တွင် စတင်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်သူလွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသော မေးခွန်း (၁) နှင့်စပ်လျဉ်း၍ တာဝန်ထမ်းဆောင်နေသော နည်းပြများ၏ အရည်အသွေးမြင့်မားလာစေရန် နိုင်ငံတော်က ပြောင်းလဲကျင့်သုံးလျက်ရှိသော ဒီမိုကရေစီ စနစ်နှင့်ပတ်သက်၍ အတွေ့အကြုံကောင်းများရရှိစေရန် ရည်ရွယ်ချက်နှင့် နည်းပြများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ပြီး သင်တန်းများ၊ ဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်များ တက်ရောက်စေလျက်ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ် နိုင်ငံတော်အစိုးရသစ်ပေါ်ပေါက်ချိန်မှစ၍ ဒီနေ့အထိ အကျဉ်းတင်ပြ ရမည်ဆိုပါက ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေး၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူးနိုင်း စသည့် ဒေသတွင်းနိုင်ငံများကို (၃၃) ကြိမ်တိုင်တိုင် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ နည်းပြဆရာများ၊ ဆရာမများ ၆၄ ဦး ကို စေလွှတ်ပေးနိုင်ခဲ့ပါကြောင်း၊ နည်းပြများကို ပြည်ပနိုင်ငံများသို့ စေလွှတ်သကဲ့သို့  ပြည်တွင်းမှာလည်း ရာထူးဝန်အဖွဲ့က တာဝန်ယူရသော အာဆီယံလူ့စွမ်းအားဗဟို (ASEAN Resource Center)ဖွင့်လှစ်ပြီး နိုင်ငံ့ဝန်ထမ်း သင်တန်းဆရာများ လေ့ကျင့်သင်ကြားရေးသင်တန်း (Training of Trainers)၊ TOT သင်တန်းများကို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ ခွင့်ပြုချက်ဖြင့် နှစ်စဉ်ဖွင့်လှစ်ပြီး နည်းပြများ၏အရည်အချင်း မြှင်‌့တင်ပေး လျက်ရှိပါကြောင်း ၎င်းသင်တန်းများတွင် ပြည်တွင်းပညာရှင်များ၊ နည်းပြများအပြင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ထိုင်းနိုင်ငံမှအခြေစိုက် နိုင်ငံ့ဝန်ထမ်းကော်မရှင်ရုံး(OCSC)၊ နော်ဝေးနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့(IMG)၊ ကိုရီးယားနိုင်ငံအခြေစိုက် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ၊ အာရှနှင့် ပစိဖိတ်ဗဟိုသင်တန်းဌာန (UNACP ICT)၊ World Bank ၊ Bankok အခြေစိုက် အက်စကတ် စသည့် အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ပြီး သင်တန်းများတွင် ဒီမိုကရေစီအရေးနှင့် စပ်လျဉ်း သော Fundamentals of Good Management၊ Leadership Development ၊ Human Resources Development ၊ Strategic Management ၊ Good Governance ၊ Public of Administration ၊ Modern Political Constitutions ၊ Public Policies and Administration ၊ International Law စသည့် ဘာသာရပ်များကို သင်ကြားလေ့ကျင့်ပေးလျက်ရှိသည့်အတွက် နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးချိန်မှ ယနေ့အထိဆိုပါက သင်တန်းစုစုပေါင်း တစ်နှစ်ကို နှစ်ကြိမ်နှုန်းဖြင့် ဖွင့်လှစ်ပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ ၈၉ ဦးကို ပျိုးထောင်လေ့ကျင့်ပေးလျက်ရှိပါကြောင်း။

မေးခွန်း (၂)နှင့် စပ်လျဉ်း၍ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဒီမိုကရေစီအရေးဟူ၍ သီးခြားခေါင်းစဉ်ဖြင့် သင်ရိုးညွှန်းတမ်းများ ပြုစုပြဋ္ဌာန်းထားခြင်းတော့မရှိသော်လည်း ဒီမိုကရေစနစ်ကိုဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေမည့် ဘာသာရပ်များကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ၂၀၁၃ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သော အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း (Senior-Level Officials Management Course)၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း (Government Executive Officials Management Course) သင်တန်းများတွင် ထည့်သွင်းပို့ချပေးလျက်ရှိပါကြောင်း၊ အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းတွင် မိမိတို့ အမှတ်စဉ် (၃) အထိ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ သင်တန်းတွင် ပို့ချသော ဘာသာရပ်များကို သင်တန်းတွင် သင်တန်း၏ ၅၀ ရာခိုင်နှုန်းခန့်ကို ပြည်ပနိုင်ငံက ပညာရှင်များ၊ အထက်တင်ပြခဲ့သော အဖွဲ့အစည်းများက ပညာရှင်ကျွမ်းကျင်သူများ ဖိတ်ကြားပြီး ပို့ချစေခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်တွင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အပါအဝင် ပညာရှင်များက လာရောက်ပို့ချပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းအဖွဲ့အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းကို ပြီးခဲ့သည့် ဇွန်လမှ သြဂုတ်လအထိ ရှစ်ပတ်ကြာမျှ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင်  သမ္မတကြီး၏ လမ်းညွှန်မှု နှင့်အညီ ဖွင့်လှစ်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် အရာထမ်းများတက်ရောက်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းများ တွင် ဒီမိုကရေစီရေးနှင့် နွယ်စပ်သည့်ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါကြောင်း၊  ထိုကဲ့သို့ ပြည်ပပညာ ရှင်များ၊ ပြည်တွင်း အဆင့်မြင့်အရာရှိကြီးများ၊ ပညာရှင်များ၊ ပို့ချဆွေးနွေးရုံသာမက သင်တန်းများတွင် ဗဟိုဝန်ထမ်း တက္ကသိုလ်များက သင်တန်းနည်းပြများကိုလည်း လေ့လာသူအဖြစ် တက်ရောက်စေပြီး ထိုသူတို့မှတစ်ဆင့် ဆင့်ပွားသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ အချုပ်အားဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် နှစ်စဉ်ပုံမှန်ဖွင့်လှစ်သော သင်တန်းများ၊ ထို့အပြင် မိမိဖော်ပြသည်တွင် မပါရှိသော အခြားသော သင်တန်းများတွင်လည်း ဒီမိုကရေစီအရေးနှင့်ပတ်သက်သော သင်ခန်းစာ ဘာသာရပ်များကို သင်ရိုး ညွှန်းတမ်းများတွင် လိုအပ်သလို ထည့်သွင်းပြုစုသင်ကြားပို့ချနိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP နှင့် ညှိနှိုင်းပြီး Technical Assistant တစ်ဦး ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။