(က)-အရေးကြီးဆုံးစီမံကိန်းဖြစ်သည့်ထားဝယ်ရေ နက် ဆိပ်ကမ်း တည်ဆောက်ရေး ကာလသည် ကြာမြင့်နေပြီဖြစ်၍ထိုစီမံကိန်းကြီးအမြန်ပြီးစီးရေး အတွက်မည်ကဲ့သို့စီမံဆောင်ရွက်နေသည်ကိုပြည် သူများသို့ ရှင်းလင်းတင်ပြပေးနိုင်ပါရန်နှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၆)ရက်မြောက်နေ့ (၂.၆.၂၀၁၅)

မိမိအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးစီမံကိန်းတစ်ခုဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကာလသည် ကြာမြင့်နေပြီး အခက်အခဲများစွာရှိနေသည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် အဆိုပါစီမံကိန်းကြီး အမြန်ပြီးစီး အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် မြန်မာနိုင်ငံတွင်  ပထမဦးဆုံးစတင် အကောင်အထည်ဖော်ခဲ့သည့် အကြီးဆုံးအထူးစီးပွားရေးဇုန် ဖြစ်ခဲ့သော်လည်း ပုဂ္ဂလိက ကုမ္ပဏီဖြစ်သော အီတာလျံ-ထိုင်း ကုမ္ပဏီတစ်ခုတည်းသို့သာ ရင်းနှီးတည်ဆောက်သူ Developer အဖြစ် မူဘောင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံမှုမရှိခြင်း၊ ဘဏ်များအပါအဝင် ငွေကြေးအဖွဲ့အစည်းများမှ ဘဏ္ဍာရန်ပုံငွေ မရရှိခြင်းတို့ကြောင့် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများ နှောင့်နှေးကြန့်ကြာပြီး လုပ်ငန်းလျာထားချက်အတိုင်း ပြီးစီးနိုင်ခြင်းမရှိသည်ကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊

ထို့ကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများက ၂၃-၇-၂၀၁၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီနှင့် ပူးတွဲလုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင် ယခင် အီတာလျံ-ထိုင်း ကုမ္ပဏီဆောင်ရွက်ခဲ့သော မူဘောင် သဘာတူစာချုပ်ကို ၂၁-၁၁-၂၀၁၃ ရက်နေ့တွင် ရပ်ဆိုင်းပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို ပင်မစီမံကိန်းနှင့် ကနဦးစီမံကိန်းဟူ၍ ခွဲခြားအကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံခဲ့ပါကြောင်း၊

ထို့သို့ ပင်မစီမံကိန်းနှင့် ကနဦးစီမံကိန်းကို ခွဲခြားအကောင်အထည်ဖော်ရာတွင် လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဘဏ္ဍာရန်ပုံငွေ ရှာဖွေရာတွင် ပိုမိုလွယ်ကူစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိစေရေး စသည့်အချက်များပေါ်မူတည်၍  ကနဦးစီမံကိန်း (Initial Phase) ကို စတင်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်တွင်လည်း လျင်မြန်စွာစတင်နိုင်ရန် International Tinder ခေါ်ယူခြင်းမပြုဘဲ Selective Bidding စနစ်ကို ကျင့်သုံးခဲ့ပါကြောင်း၊  သတ်မှတ်ချက်များနှင့်အညီ တင်ဒါတင်သွင်းလာသော အီတာလျံ-ထိုင်း စုပေါင်းကုမ္ပဏီအဖွဲ့ (ITD Consortium) နှင့် လုပ်ငန်းဆောင်ရွက်မည့်သဘောတူစာချုပ် Concession Agreement များကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက စတင်ပြီးတော့ ညှိနှိုင်းခဲ့ပြီး Draft Concession Agreement တွေကို ပြုစု၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရှေ့နေချုပ်ရုံးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရတို့ထံက သဘောထားမှတ်ချက်များကို ပြန်လည်တောင်းခံခဲ့ပါကြောင်း၊ အဆိုပါ သဘောထားမှတ်ချက်များကို ပြန်လည်ဆွေးနွေး ညှိနှိုင်း၍ လုပ်ငန်းများကို စတင်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊  

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းလုပ်ငန်းများတွင် အဓိကကျသော နှစ်လမ်းသွားလမ်း (2-Lane Road) တည်ဆောက်ရေးအတွက် ထိုင်းနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Neighbouring Countries Development Cooperation Agency – DEDA) ကတစ်ဆင့် ထိုင်းနိုင်ငံမှ  အတိုးနှုန်းသက်သာသော (ODA Loan) ချေးငွေဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးနေပါကြောင်း၊ ထိုသို့ဆောင်ရွက်ပါက ထိုင်းနိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီ သို့မဟုတ် ထိုင်းဦးဆောင်သော ပူးပေါင်းကုမ္ပဏီတွေကို တင်ဒါရွေးချယ်ခေါ်ယူ တည်ဆောက်စေပြီး 2- Lane Road Concession Agreement မှာ ODA Loan ကို ပြန်ဆက်မည့် အစီအမံများကို ထည့်သွင်းရေးဆွဲ ထားပါကြောင်း၊ ထိုသို့ဆောင်ရွက်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်ကို တင်ပြခွင့်ပြုချက်တောင်းခံရယူရန်နှင့်  ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းဆောင်ရွက်သူက BOT စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ 

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများတွင် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းပြီး နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏ ပူးတွဲတင်ပြချက်များကို (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကနေ သတင်းထုတ်ပြန် ကြေညာခဲ့သည့်နည်းတူ ဂျပန်နိုင်ငံမှ ဗဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ရန် ဖိတ်ကြားစာ ပေးပို့ခဲ့ပါကြောင်း။ ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အ ထည်ဖော်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံက ပါဝင်ဆောင်ရွက်ရေးကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊

ဂျပန်နိုင်ငံအနေနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီးမံကိန်းကို အကောင်အထည်ဖော်ရာတွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရန် စိတ်ဝင်စားခဲ့သည့်အတွက် ထားဝယ် အထူးစီးပွား‌ရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းသုံးခုကို ဆောင်ရွက်ခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (SPV) တွင် ဂျပန်နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ရေး၊ SPV ကို JICA က ကျွမ်းကျင်သူ စေလွှတ်အကူအညီပေးရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်ကနေ မြန်မာ-ထိုင်းနယ်စပ်အထိ အဝေးပြေးလမ်းဖောက်လုပ်ရန် အကြိုဖြစ်နိုင်ချေ လေ့လာမှုပြုလုပ်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်၏ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘက်စုံလွှမ်းခြုံနိုင်သော မဟာဗျူဟာစီမံကိန်း ရေးဆွဲမှုအတွက် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာ-ထိုင်း-ဂျပန် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် Memorandum of Intent (MOI) ကို လာမည့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးနိုင်ရေး စသည့် ကိစ္စများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင် ရွက်နေမှုများနှင့်ပတ်သက်ပြီး ပြည်သူလူထု သိရှိစေဖို့အတွက် အာဆီယံ ကုန်သွယ်ရေး၏ တံခါးပေါက်ဖြစ်လာမည့် ထားဝယ်အထူးစီးပွားရေးဇုန်ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာလည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီးပွားရေးလုပ်ငန်း သဘောတူစာချုပ် ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ချုပ်ဆိုနိုင်ရန် ဆောင်ရွက်သွားမည်ဟူသော ခေါင်းစဉ်နှင့် တွေဆုံမေးမြန်းခန်းကို ၂၀၁၅ ခုနှစ်၊ မေလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ရေးသားဖော်ပြခဲ့ကြောင်း ဖြေကြားပါသည်။