ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်း အစောဆုံး ရုံးဖွင့်လှစ်ခဲ့သည်တွင် ခရိုင်ဥပဒေ၊ မြို့နယ်ဥပဒေများ ပါဝင်ခဲ့သော်လည်း ယနေ့အချိန်အထိ ရုံးများမရှိသေးသည့်အတွက် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အောက်ထပ်တွင် အလွန်ကျဉ်းကျပ်စွာဖြင့် ရုံးခန်းဖွင့်လှစ်လျက် လုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် သာမန်အချိန်တွင် အခက်အခဲ မရှိသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လည်းကောင်း၊ တရားခံအနေဖြင့်လည်းကောင်း ဥပဒေအကြံဉာဏ်များ ရယူသည့်အခါတွင် နေရာထိုင်ခင်းများစွာ အခက်အခဲရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း၊ မြေစာရင်းဌာနများ အနေဖြင့်လည်း လက်ရှိ ဌာနအသစ်များ နေရာချပေးလျက်ရှိသော လေယာဉ်ကွင်း၏ အရှေ့ဘက် ခန္တီး-ဟုမ္မလင်းကားလမ်းဘေးတွင် နေရာသတ်မှတ်ထားပေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်ဥပဒေ၊ မြို့နယ် ဥပဒေရုံးများ ဆောက်လုပ်ရန် မည်သည့်ဘဏ္ဍာနှစ်တွင် ရန်ပုံငွေများချမှတ်၍ အဆောက်အဦများ ဆောက်လုပ်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးလက်အောက်တွင် မြို့နယ်ဥပဒေရုံး ၃၁၉ ရုံးရှိသည့်အနက် အစိုးရခွင့်ပြုငွေဖြင့် ဆောက်လုပ်ခွင့်ပြုခဲ့သော မြို့နယ်ဥပဒေရုံး ၂၃၂ ရုံးရှိပြီး ခန္တီးမြို့နယ်ဥပဒေရုံးအပါအဝင် အဆောက်အအုံ ငှားရမ်းဖွင့်လှစ်သော ရုံး ၈၇ ရုံးရှိပါကြောင်း၊ ခန္တီးခရိုင်ဥပဒေရုံးနှင့် မြို့နယ်ဥပဒေရုံးများကို ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ရုံးအောက်ထပ်တွင် အလျား ၂၅ ပေ၊ အနံ ၁၀ ပေရှိ အခန်းတစ်ခန်းစီတွင် တစ်လလျှင် ၂၁၆၅ ကျပ်ဖြင့် ငှားရမ်း၍ ရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခန္တီးခရိုင် ဥပဒေရုံးနှင့် မြို့နယ်ဥပဒေရုံးများကို ပြည်ထောင်စုရှေ့နေချုပ်ရုံး အဆောက်အဦးများအဖြစ် သီးသန့် ဆောက်လုပ်နိုင်ရန်အတွက် မြို့မြေနေရာရရှိရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ညှိနှိုင်း တင်ပြရာ ခန္တီးခရိုင်တရားရုံး၊ မြို့နယ်တရားရုံးနှင့် အနည်းငယ် အလှမ်းကွာဝေးသော ခန္တီးမြို့လေယာဉ်ကွင်း အနီးရှိ မြို့ကွက်သစ်တွင် မြေနေရာရရှိနိုင်ပါကြောင်း၊ ဥပဒေရုံးများ၏ လုပ်ငန်းသဘော သဘာဝအရ မိမိတို့နှင့် သက်ဆိုင်သည့် တရားရုံး၊ ရဲတပ်ဖွဲ့ရုံး၊ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် နီးကပ်သည့် နေရာများတွင် ရုံးဖွင့်လှစ်နိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိရရှိနိုင်သော မြေနေရာသည် အနည်းငယ်ကွာဝေးနေသည့်အတွက် ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်မည့် မြေနေရာရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ခန္တီးခရိုင်ဥပဒေရုံးနှင့် မြို့နယ်ဥပဒေရုံးများ ဆောက်လုပ်နိုင်ရေးအတွက် သင့်လျော်သော မြေနေရာ ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြေနေရာရရှိပါက အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဆောက်လုပ်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဘဏ္ဍာငွေ တင်ပြ တောင်းခံ ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
