(ဂ)-ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိစေရန် အတွက်အင်္ဂလိပ်စာဖြင့် ပြဋ္ဌာန်းထားသည့်တည်ဆဲ ဥပဒေများအားအတတ်နိုင်ဆုံးမြန်မာစာဖြင့်ပြင်ဆင် ချက်မူကြမ်း ရေးသားတင်သွင်းစေရန် နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၉.၉.၂၀၁၄)

ဦးသောင်းဟန် (ယင်းမာပင်) မိမိတို့မြန်မာနိုင်ငံသည် ဖြတ်သန်းခဲ့ရသော သမိုင်းပေးအခြေအနေအရ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြဋ္ဌာန်းခဲ့သော ဥပဒေအချို့ကို ယနေ့တိုင် တည်ဆဲဥပဒေအဖြစ် လက်ခံကျင့်သုံး နေကြရပါကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများ၏ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေ၊ ပြဋ္ဌာန်းချက်တစ်ခုလုံးကိုဖြစ်စေ ပြင်ဆင်ပြဋ္ဌာန်းချက်အဆို (မူကြမ်း)ကို အတတ်နိုင်ဆုံး မြန်မာ ဘာသာ ရေးသားတင်သွင်းခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၅)၊ ပုဒ်မ ၄၅၀ တွင် ပြဋ္ဌာန်းထားသော မြန်မာစာသည် ရုံးသုံးစာဖြစ်သည်ဆိုသည့် ပြဋ္ဌာန်းချက်ကို လိုက်နာရာရောက်ပြီး ဥပဒေနှင့်ကိုက်ညီမည် ဖြစ်ပါကြောင်း၊ ထိုသို့ ပြင်ဆင်ပြဌာန်းသည့်အခါတွင် မြန်မာစာဖြင့် ပြဋ္ဌာန်းခြင်းအားဖြင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ ထဲထဲဝင်ဝင်နားလည်သဘောပေါက် ပါဝင်ဆွေးနွေးလာနိုင်ပြီး ပြဋ္ဌာန်းချက်ကို လိုက်နာရမည့် ပြည်သူတွေများကလည်း ရှင်းလင်းတိကျစွာ သိရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြသည့်အခါ လွှတ်တော်၏အချိန်များ ကြန့်ကြာကုန်ဆုံးမှုမရှိဘဲ အလွယ်တကူ ဆုံးဖြတ်အတည်ပြုနိုင်သော အကျိုးကျေးဇူးများကိုလည်း လွှတ်တော်နှင့် ပြည်သူများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်္ဂလိပ်စာဖြင့် ပြဋ္ဌာန်းထားခဲ့သည့် တည်ဆဲဥပဒေများအား ပုဒ်မ၊ ပုဒ်မခွဲ၊ စကားစု၊ စကားလုံးများကို ပြင်ဆင်ချက်အဆိုမူကြမ်း တင်သွင်းရာတွင် မြန်မာဘာသာပြန်ဆို၍ မဖြစ်နိုင်သည်မှ အပ အတတ်နိုင်ဆုံး မြန်မာစာဖြင့် ပြင်ဆင်ချက်မူကြမ်း ရေးသားတင်သွင်းစေရန် လွှတ်တော် အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးအင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းပြုရာတွင် ဥပဒေကိုစီမံခန့်ခွဲသော သက်ဆိုင်ရာပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများက ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ကို ပြုစုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းရပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းက ပြင်ဆင်သော ဥပဒေ (မူကြမ်း) ကို ပြုစုရာတွင် တည်ဆဲမူရင်းဥပဒေသည် အင်္ဂလိပ်ဘာသာဖြင့်ရှိနေခြင်းကြောင့် ပြင်ဆင်သော၊ ဖြည့်စွက်သော၊ အစားထိုးသော စကားရပ်များကို အင်္ဂလိပ်ဘာသာဖြင့်ပင် ဖော်ပြရပါကြောင်း၊ ပြင်ဆင်သည့်ဥပဒေအရ သက်ဆိုင်ရာစကားရပ်များကို တည်ဆဲမူရင်းဥပဒေအပေါ် ပြင်ဆင်ခြင်း၊ ဖြည်‌့စွက်ခြင်း၊ အစားထိုးခြင်းပြုရခြင်းဖြစ်ရာ အဆိုပါ ပြင်ဆင်သော၊ ဖြည့်စွက်သော၊ အစားထိုးသော စကားရပ်များကို အင်္ဂလိပ်ဘာသာဖြင်‌့ ဖော်ပြပြဋ္ဌာန်းမှသာ ဆီလျော်မှုရှိမည်ဖြစ်ပါကြောင်း၊ အကယ်၍ ပြင်ဆင်သော ဥပဒေအရ ပြင်ဆင်သော၊ ဖြည့်စွက်သော၊ အစားထိုးသော စကားရပ်ကို မြန်မာဘာသာဖြင့် ဖော်ပြပြဋ္ဌာန်းပါက အင်္ဂလိပ်ဘာသာဖြင့်ရှိနေသည့် တည်ဆဲမူရင်းဥပဒေအပေါ်တွင် မြန်မာဘာသာဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ အစားထိုးခြင်းသည် လိုက်လျောညီထွေဖြစ်မည် မဟုတ်ပါကြောင်း။

အင်္ဂလိပ်ဘာသာဖြင့် ရှိနေသော တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ပြုရာတွင် အစားထိုးသောစကားရပ်ကို အင်္ဂလိပ်ဘာသာဖြင့်ပင် ဖော်ပြသည့် ရေးထုံးရေးနည်းသည် အစဉ်ကျင့်သုံးဆောင်ရွက်ခဲ့သည့် နည်းလမ်းလည်းဖြစ်ပါကြောင်း၊ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ ပါ မြန်မာစာသည် ရုံးသုံးစာဖြစ်သည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုနိုင်ရေးအတွက် ဥပဒေများ ဘာသာပြန်ဆိုရေးကော်မရှင် ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်ဥပဒေကြမ်းကော်မတီများက စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးသည့်အခါ ယင်းဥပဒေအရ ဖွဲ့စည်းသည့် ဥပဒေဘာသာပြန်ကော်မရှင်က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာ ပြန်ဆိုချက်သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေကဲ့သို့ ဥပဒေအာနိသင်ရှိမည်ဖြစ်ပါကြောင်း၊ မြန်မာဘာသာပြန်ဆိုပြီးသော ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ အစားထိုးရာတွင် ပြင်ဆင်သောဥပဒေ (မူကြမ်း) မှာ မြန်မာဘာသာဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ အစားထိုးဖော်ပြပြဋ္ဌာန်းနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။