(င)-တရားဝင်မြေငှားဂရန်အမည်ပေါက်သူ ဒေါ်နန်း ခမ်းစိန်၏နစ်နာမှုကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၃)

ယခုမေးမည့် မေးခွန်းကို ပြည်သူ့လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး တွင် မေးမြန်း ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဖြေကြားခဲ့သည့်အဖြေမှာ လုံလောက်မှုမရှိ သည့်အတွက် ထပ်မံမေးရခြင်းဖြစ်ပါကြောင်း၊ အထက် မြန်မာပြည်မြေနှင့် အခွန်ဥပဒေ၊ နည်းဥပဒေတို့နှင့် အညီ ၁၉၉၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ် ၃၀ မြေငှား တည်ရန် အမည်ပေါက်ရရှိထားသူ ဒေါ်နန်းခမ်းစိန် ဂရန်ရရှိချိန်မှ နစ်နာမှုအား လွှတ်တော်သို့ တင်ပြချိန် လက်ရှိကာလထိ အနှစ် ၂၀ ကျော် မြို့မြေ ငှားခွန်ဆောင်နေသူ ထို အမည်ပေါက်မြေပေါ်မှ တိုက်နှင့်နေအိမ်ကို ဖျက်သိမ်းရှင်းလင်း၍ မြေပေါ်မှ ထွက်ခွါပေး ရန် အမည်ပေါက်ဂရန်မရှိသော သာရေးနာရေးအသင်းအဆောက်အဦ များ ဆောက်လုပ်ရန် ချထားပေးတော့မည်ဖြစ်ကြောင်း ဖွင့်ဟကြေညာပေးရန် အဓိပ္ပါယ်ရသည့် အမိန့်ကို တရားရုံးများက ချမှတ်ခဲ့၍ နစ်နာမှုဖြစ်ပေါ်ရသော အကြောင်းကိစ္စဖြစ်ပါကြောင်း၊ မန္တလေးခရိုင်တရားရုံးမှ တရားမဇာရီမှု ၅၁/၂၀၁၁ ဖြင့် ၁၅-၇-၂၀၁၃ ရက်နေ့ တွင် မြေအပ်ဝရမ်းနစ်နာသူနှင့် အိမ်အဆောက်အဦများ ဖယ်ရှားပေးရန် ဖြစ်ပေါ်ခဲ့ရာ ပြီးခဲ့သော လွှတ်တော်တွင် တရားလွှတ်တော်ချုပ်မှ အပိုဒ် ၇ ပိုဒ်ပါ ဖြေဆိုချက်များတွင် အပိုဒ် ၃၂၄ ၌ နစ်နာသူသည် ဂရန်လက်ဝယ် ကိုင်ဆောင်သူ အမည်ပေါက်သူဖြစ်ကြောင်းကို ငြင်းဆိုနိုင်ခြင်း မရှိသဖြင့် နစ်နာသူသည် နိုင်ငံတော်မှ ဥပဒေနှင်‌့ အညီ တရားဝင်မြေငှားဂရန် ရရှိသူဖြစ်ကြောင်းပေါ်လွင်ပါသည်။ တရားလွှတ်တော်ချုပ်၏ အဖြေအပိုဒ် ၄ တွင် အကြောင်းအရာ၌ ရှမ်းတိုင်းရင်းသားသာရေးနာရေးအသင်း အဆောက်အဦဆောက်လုပ်ရန်ဟု ဖော်ပြထားခြင်းမှာ ဂရန်ရသည့်လူက နေအိမ်ဆောက်လုပ်ရန်ဟူသော စာသားကို ဖျက်၍ ပြင်ဆင်ထားကြောင်းကိုလည်း ဝန်ခံချက်များရှိနေပါသည်။ အသင်းအဆောက်အဦဖြစ်စေ၊ လူနေအိမ်ဖြစ်စေ၊ သက်မဲ့အကြောင်းအရာများသာဖြစ် ပြီး ပြည်ထဲရေးဝန်ကြီးဌာန ကော်လိတ္တော်အရာရှိမှ မြေငှားဂရန်ထုတ်ပေးခြင်းကို ရယူသူမှာ သက်ရှိလျှောက်ထား သူ၊ နစ်နာသူဖြစ်၍ သတ်မှတ်အကြောင်းအရာများ၊ ရည်ရွယ်ချက်များကို ချထားပေးခဲ့ခြင်း မဟုတ် ပါကြောင်း၊ မြေဖိုးပေးသွင်းသူမှာ နစ်နာသူဖြစ်ပြီး အသင်းအမည်ဖြင့် မြေဖိုးပေးသွင်းထားမှု မရှိကြောင်း ဖြေဆိုချက် တွင် ပေါ်လွင်နေပါကြောင်း၊ ဖြေဆိုချက် ၅ တွင် အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးမှ သက်သေ ထွက်ဆိုခဲ့ရာတွင်လည်း လက်ရှိတာဝန်ရှိသူ ဂရန်ထုတ်ပေးသည့် ဌာနကိုယ်စား လာရောက်သက်သေ ထွက်ဆိုခြင်း မဟုတ်သည့်အပြင် တာဝန်ရှိသူများက သက်သေထွက်ဆိုနိုင်ရန် တရားရုံးမှ ဆင့်ခေါ်ခဲ့ခြင်း မရှိကြောင်း၊ ဖြေဆိုချက်မှာ “အသင်းသည် အချင်းဖြစ်မည်ကို ဝယ်ယူသည့်” ဟု ဆိုထားသည်မှာလည်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် တရားဝင် ဦးပိုင် အမည်ခွဲဂရန် လျှောက်ထားနိုင်သော်လည်း တရားဝင်ဆောင်ရွက်ထားမှုမရှိကြောင်း၊ အသင်း လက်ဝယ် မြေပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပါကြောင်း၊ အသင်း ဟု ပြည်ထဲရေးဌာနမှလည်း တရားဝင် ခွင့်ပြုချက် မရှိထားပါကြောင်း၊ အချင်းဖြစ်မြေကို လျော်အပ်နိုင်ရန် တရား စွဲဆိုမှုတွင် အသင်းကို တရားရေးဌာနမှ အကြိမ်ကြိမ်အနိုင်ပေးခဲ့ပြီး နစ်နာသူအနေဖြင့် အဆိုပါမြေတွင် ဂရန်ပေါက်နေခြင်းကြောင့် ၎င်းကို ထိုအခင်းဖြစ်မြေပေါ်မှ ပယ်ထုတ်ခွင့်မရှိပါကြောင်း။

၁၉၉၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးချုပ် တရားစီရင်ထုံးများ ဂရန်ချထားခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းပိုင်ခွင်‌့ကို ဥပဒေ အရပြဋ္ဌာန်းထားရှိခြင်း၊ ဂရန်ချထားပေးခြင်း သည် ကော်လိတ္တော်အရာရှိ လုပ်ပိုင်ခွင့် ဖြစ်ခြင်း၊ တရားရှုံးများက ဥပဒေနှင်‌့အညီ ဂရန်ရရှိထားသဖြင့်  ဂရန်ရရှိသူ တရားရှုံးက ယင်းတို့ကို အတည်ပြုရာ တွင် နှင်ထုတ်နိုင်မည်မဟုတ်သော်လည်း တရားရုံး၏ ဒီဂရီများ အဟောသိဒါန် မဖြစ်ခြင်း၊ တရားရုံး၏ ဒီဂရီနှင့် အုပ်ချုပ်ရေးအာဏာပိုင်တို့၏  ဆုံးဖြတ်ချက်များ ဝိရောဓိ မဖြစ်စေရန် တရားစီရင်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍ တို့ ညီညွတ်မျှတစွာ ပေါင်းစပ်ဆောင်ရွက်ရန်လိုခြင်းဟု ယင်းတရားမထူးစီရင်ထုံးအယူခံမှုတွင် ပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် အောက်ပါမေးခွန်းများကိုမေးမြန်းလိုပါကြောင်း-

(၁) တရားဝင်မြေငှားဂရမ် အမည်ပေါက်သူ ဒေါ်နန်းခမ်းစိန်အား အမည်ပေါက်မြေပေါ်မှ တိုက်နှင့် နေအိမ်ကို ဖျက်သိမ်းရှင်းလင်း၍ မြေပေါ်မှ ထွက်ခွါသွားပေးရန်အဓိပ္ပါယ် ရသည့်အမိန့်ကြောင့် နစ်နာမှုဖြစ်ရခြင်းကို သက်ဆိုင်ရာမှ သိပါသလား။ ထိုအမိန့်သည် တစ်ဖက်သက် ဘက်လိုက်ဆုံးဖြတ်ခြင်းဟုတ်/မဟုတ်သိလိုပါသည်။ (၂) အထက်မြန်မာပြည် မြေနှင့်အခွန်ဥပဒေပါ ဂရမ်ကိစ္စနှင့်စပ်လျဉ်း၍ နစ်နာမှုပေါ်ပေါက်ရသော ဤအမှုတွင် နိုင်ငံသားတို့၏ အခွင်‌့အရေးဆုံရှုံးရမှုသည် တရားစီရင်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့ ညီညွှတ်မျှတစွာ ပေါင်းစပ်ဆောင်ရွက်ရန်လိုခြင်းကို တရားစီရင်ရေးမှ မည်မျှထိ ညီညွတ် မျှတစွာ ပေါင်းစပ်ဆောင်ရွက်ခြင်း ရှိ/ မရှိ၊ ကော်လိတ္တော်အရာရှိ လုပ်ပိုင်ခွင့်အပါအဝင် အုပ်ချုပ်ရေးတာဝန်ရှိသူမှ မည်မျှထိဆောင်ရွက်၍ နိုင်ငံသားတို့၏ အခွင်‌့အရေးကို ကာကွယ်စောင်‌့ရှောက်ဆောင်ရွက်ပေးခဲ့မှု ရှိ/မရှိ၊ နစ်နာမှုဖြစ်ရသောကိစ္စရပ်တွင် ပြည်ထဲရေးဌာနမှ စုံစမ်းစစ်ဆေးမှုများ၊ အမှန်တရားများပေါ်ပေါက်ရန် စစ်ဆေးမှု များ၊ စစ်ဆေးပေါ်ပေါက်မှုများ ရှိ/မရှိ နှင့် စစ်ဆေးပေါ်ပေါက်ချက်များရှိပါက ရလဒ်များဖြစ်ပေါ်ခဲ့ခြင်း ရှိ/မရှိ တို့ကို သိလိုကြောင်း မေးမြန်းပါသည်။

အဖြေ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက် အကွက် အမှတ် (၇၅၄) ဦးပိုင်အမှတ် (၁၁မှ ၂၀ အထိ)၊ မြေဧရိယာ (၂.၄၆၈) ဧကရှိ မြေနှင့်ပတ်သက်၍ ဒေါ်နန်းခမ်းစိန်နှင့် ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းတို့ တရားရုံးအဆင့်ဆင့် တရားရင်ဆိုင်ဖြေရှင်းခဲ့ပြီး ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းက လက်ရောက်ရလိုမှုဖြင့် မန္တလေးခရိုင်တရားရုံးတွင် ဇာရီ မှုလျှောက်ထားရာ မြေအပ်ဝရမ်း အတည်ပြုရေးဆောင်ရွက်နေသည် ကို ဒေါ်နန်းခမ်းစိန်၏ ၅-၇-၂၀၁၃ ရက်စွဲပါစာဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြချက်အရသိရှိရပါသည်။

မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းကို အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီစောင့်ရှောက်ပေးပါရန် ဒေါ်နန်းခမ်းစိန်က ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့မှုအပေါ် စိစစ်တင်ပြရန် မန္တလေးတိုင်း ဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၁၈-၇-၂၀၁၃ ရက်နေ့တွင် အကြောင်းကြားခဲ့ရာ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းစိစစ်စေခဲ့ပြီး တွေ့ရှိချက်အပေါ် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သုံးသပ်ချက်များနှင့် ၂၈-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်တင်ပြချက်အရ မြေရာဇဝင်နှင့် ပိုင်ဆိုင်မှု အထောက်အထားများ၊ မန္တလေးမြို့နယ်စု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြေငှားဂရန် အမှုတွဲတို့အရ အချင်းဖြစ် မြေဧရိယာ (၂.၄၆၈) ဧကသည် ဒေါ်နန်းခမ်းစိန်အမည်ပေါက် နှစ်ရှည်ဂရမ်မြေဖြစ်ပြီး ၂-၆-၁၉၉၂  ရက်နေ့မှ ၁-၆-၂၀၂၂ ရက်နေ့အထိ သက်တမ်းရှိကြောင်း၊ ဒေါ်နန်းခမ်းစိန်၏လက်ဝယ်တွင် ဂရန်မူရင်းရှိကြောင်း၊ ဒေါ်နန်းခမ်းစိန်သည် ယင်းမြေပေါ်တွင် နှစ်ထပ်တိုက်နေအိမ်ဖြင့် အခိုင်အမာ အဆောက်အဦ ဆောက်လုပ်နေထိုင်လျက်ရှိကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ၏ မြေရာဇဝင် ဖော်ပြသည့် ဦးပိုင် မှတ်ပုံတင်စာရင်း(၁-က)တွင်လည်း ဒေါ်နန်းခမ်းစိန် အမည်ပေါက်လျက် ရှိကြောင်း၊ ယင်းမြေအတွက် မြေကွက် တန်ဖိုး ကျပ်သိန်း(၅၀)ကို ဒေါ်နန်းခမ်းစိန်မှ ပေးသွင်းခဲ့ကြောင်းနှင့် ယနေ့အချိန်ထိလည်း နိုင်ငံတော်သို့ အခွန် အခများကို ပေးဆောင်လျက်ရှိကြောင်း၊ မြေငှားဂရန်စာချုပ်တွင် အငှားရသူအမည်ကို ဒေါ်နန်းခမ်းစိန် အမည်ဖြင့်သာ ဖော်ပြထားပြီး ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အမည်ဖြင့် ဖော်ပြထားခြင်း မရှိကြောင်း၊ လူနေ အိမ်အဆောက်အဦ ဆောက်လုပ်ရန်ဟု မူလကဖော်ပြ ထားသော်လည်း ယင်းမြေငှားစာချုပ် ထုတ်ပေးပြီးနောက် ဒေါ်နန်းခမ်းစိန်၏ဆန္ဒအရ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းအဆောက်အဦဆောက်လုပ်ရန်ဟုအသုံးပြုရမည့်နည်းလမ်း  ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်နန်းခမ်းစိန်အမည်ဖြင့် မြေပေးမိန့် ရရှိခဲ့စဉ်က လည်းကောင်း၊ မြေငှားဂရန်လျှောက်ထားခဲ့စဉ်က လည်းကောင်း၊ တရားရုံးအဆင့်ဆင့်မှ အမိန့်ချမှတ်စဉ်က လည်းကောင်း၊ လက်ရှိအချိန်ထိလည်းကောင်း၊ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းသည် တရားဝင် ဖွဲ့စည်းထားသည့် အသင်းမဟုတ်ကြောင်း၊ တရားဝင်အသင်းအဖွဲ့ မှတ်ပုံတင်ရရှိရေး လျှောက်ထားရန် လိုကြောင်း၊ ယင်းအသင်းတွင် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာမရှိကြောင်းနှင့် ဒေါ်နန်းခမ်းစိန်၏ သဘောတူခွင့်ပြုချက်ဖြင့်သာ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်နန်းခမ်းစိန် သည် ၎င်းမြေငှားဂရန်ရရှိသည့် မြေအနက်မှ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အမှုဆောင်အဖွဲ့နှင့် ညှိနှိုင်းသဘောတူညီချက်အရ အသင်းက ပေ(၄၀၀)ဝယ်ယူခဲ့ပြီး ကျန်မြေပေ(၁၀၀)အား ဒေါ်နန်းခမ်းစိန်က အုတ်နံရံကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ အသင်းမှ လည်း ၎င်းဝယ်ယူခဲ့သည့် ဧရိယာအတွင်း အဆောက်အအုံဆောက်လုပ်ခြင်းများကို ဆောင်ရွက်ကြရာ ယခင်က ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း၊ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အမှုဆောင်အဖွဲ့များ အဆင့်ဆင့်ပြောင်း လဲပြီးနောက် ဒေါ်နန်းခမ်းစိန်နှင့် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းတို့သည် အချင်းဖြစ်မြေပေါ်ရှိ အဆောက်အဦ ဆောက်လုပ်မှုနှင့်ပတ်သက်၍ တရားမမှု အပြန်အလှန်စွဲဆိုခဲ့ရာ တရားရုံးအဆင့်ဆင့်တွင် တရားမဝင် အသင်းအဖွဲ့တစ်ခုအား အနိုင်ပေး၍ ဒေါ်နန်းခမ်းစိန် ရှုံးနိမ့်ခဲ့ကြောင်း၊ မန္တလေးတိုင်းတရားရုံး သည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တည်ဆဲ အထက် မြန်မာနိုင်ငံမြေနှင့်အခွန် စည်းမျဉ်းဥပဒေနှင့်အညီ ထုတ်ပေးထားသည့် ဒေါ်နန်းခမ်းစိန် အမည်ပေါက် မြေငှားဂရန်အား မျက်ကွယ်ပြု၍ အဆောက်ဦဆောက်လုပ်အသုံးပြုမည့် နည်းလမ်းအပေါ်၌သာ အလေးပေး ဆုံးဖြတ်ခဲ့ကြောင်း၊ တရားရုံးက အထက်မြန်မာနိုင်ငံမြေနှင့်အခွန် စည်းမျဉ်းဥပဒေအရ ကော်လိတ္တော်အရာရှိ၏ ဥပဒေနှင့်အညီ ဆောင်ရွက်မှုကို လျစ်လျူရှု၍ ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းအသင်းက မြေကို လက်ရောက် ရလိုမှုဖြင့် မန္တလေးခရိုင်တရားရုံးသို့ ဇာရီမှုလျှောက်ထားရာ တရားမဇာရီမှုအမှတ်(၅၁/၂၀၀၁)ဖြင့် မြေအပ်ဝရမ်း အတည်ပြုနိုင်ရေး အတွက် ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ မန္တလေးခရိုင်တရားရုံးက မြေအပ်ဝရမ်း အတည်ပြုရေး ဆောင်ရွက်ရာတွင် အချင်းဖြစ်မြေ သည် ဒေါ်နန်းခမ်းစိန်၏ အမည်ပေါက် ဂရန်မြေဖြစ်ပြီး နှစ်ပေါင်းနှစ်ဆယ် ကျော် လက်ရှိနေထိုင်လျက်ရှိသဖြင့် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေပုဒ်မ ၅၃၊ ပုဒ်မခွဲ (၁)အရ တရားရုံးအနေဖြင့် အရေးယူဆောင်ရွက် ပိုင်ခွင့်မရှိသည်ကို စိစစ်တွေ့ရှိရပါသည်။

ယခင်မန္တလေးတိုင်းတရားရုံး၏ တရားမဇာရီမှုအမှတ် ၅၀၂/၂၀၀၅ အရ မြေအပ်ဝရမ်း အတည်ပြု ဆောင်ရွက်မှု အပေါ် ဒေါ်နန်းခမ်းစိန်က ကျေနပ်မှုမရှိ၍ ပြန်လည်စိစစ်ပေးပါရန် မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ တင်ပြခဲ့ရာ လုံခြုံရေးအရ ခွင်‌့ပြုမိန့်ကို ခေတ္တဆိုင်းငံ့ထားခဲ့ပါကြောင်း၊ မန္တလေးတိုင်း အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက  နှစ်ဦးနှစ်ဖက် မြေပိုင်ဆိုင်အငြင်းပွားမှု ဆက်လက် မဖြစ်ပေါ်စေရေးအတွက် ၂၁-၁-၂၀၀၉ ရက်စွဲပါစာဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သို့တင်ပြခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာနသို့ စိစစ်တင်ပြရန် အကြောင်းကြားချက်အရ ၄-၃-၂၀၀၉ ရက်စွဲပါစာဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သုံးသပ်အကြံပြု တင်ပြစာတွင် အချင်းဖြစ်မြေဧရိယာ ၂.၄၆၈ ဧကကို ရှမ်းတိုင်းရင်းသားများ သာသနာရေးအသင်းနှင့် ဒေါ်နန်းခမ်းစိန်တို့ ပိုင်းခြားထားသည့် လက်ရှိမျက်မြင်အနေအထားအတိုင်း စီမံခန့်ခွဲမှုနည်းလမ်းအရသီးခြားစီ ဂရန်ခွဲဝေပေးသင့်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနကို တင်ပြထားပါသည်။

အချင်းဖြစ်မြေနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အဆောက်အဦတည်ရှိ ရာမြေနှင့် ဒေါ်နန်းခမ်းစိန်၏ နေအိမ်အဆောက်အဦ တည်ရှိရာမြေတို့ကို ခွဲစိတ်ဂရန်ပြုလုပ်ပြီး ညီညွတ်မျှတစွာ ခွဲဝေပေးနိုင်ရန်အတွက်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး   ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန(ရုံးချုပ်)က မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနကို အကြောင်းကြားထားပါကြောင်း။

သို့ဖြစ်ပါ၍ နှစ်ရှည်မြေငှားဂရန် အမည်ပေါက်ရရှိပြီး နှစ်ပေါင်း ၂၀ ကျော် လက်ရောက် နေထိုင်လျက်ရှိသူ ဒေါ်နန်းခမ်းစိန်နှင့် တရားရုံးအဆင့်ဆင့်တွင် အနိုင်ဒီကရီရရှိခဲ့သော ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းတို့၏ မူလညှိနှိုင်း သဘောတူညီမှုအရလည်းကောင်း၊ နှစ်ဦးနှစ်ဖက် ညီညွတ်မျှတစေရေးအတွက် လည်းကောင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဝိရောဓိမဖြစ်စေရေးအတွက် လည်းကောင်း၊ အချင်းဖြစ် မြေဧရိယာ ၂.၄၆၈ ဧကအနက် သုံးပုံနှစ်ပုံခန့်ဖြစ်သော မြေဧရိယာ ၁.၅၇၂၄ ဧကကို ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းအမည်ဖြင့်လည်းကောင်း၊ သုံးပုံနှစ်ပုံခန့်ဖြစ်သော မြေဧရိယာ ဝ.၈၉၅၆ ဧကကို ဒေါ်နန်းခမ်းစိန်အမည်ဖြင့်လည်းကောင်း အမည်ပြောင်းမြေငှားဂရန်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြင်ဆင်ထုတ်ပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ အကြံပြုချက်နှင့်အတူ ညှိနှိုင်းအကြောင်းကြား ခဲ့ပြီးဖြစ် ပါကြောင်း။ ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း ၄-၁၁-၂၀၁၃ ရက်စွဲပါ စာအမှတ် ၂၂၃၃/၃၄၉- မြေ ၁-၁၉ /အဖရ ၂၀၁၃ ဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က ပြင်ဆင်ထုတ်ပေးနိုင်ရေး အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားသူကြီး ဦးမြင့်အောင်      

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်အကွက် ၇၅၄၊ အမှတ် ၁၁ မှ ၂၀ ထိ မြေကွက်များနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းတရားရုံးတွင် ၁၉၉၇ ခုနှစ် တရားမကြီးမှု အမှတ် ၁၁၁ နှင့် ၂၀၁၁ ခုနှစ် တရားမကြီးမှုအမှတ် ၂၃ တို့၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၁ ခုနှစ် တရားမ အထူးအယူခံမှုအမှတ် ၈၀ နှင့် ၈၁ တိုင်အောင် တရားရုံးအဆင့်ဆင့် ဒေါ်နန်းခမ်းစိန် စွဲဆိုသည့်အမှု ရှုံးနိမ့်ခဲ့ပြီးဖြစ်ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားမဝင်အသင်းအဖွဲ့တစ်ခုကို အနိုင်ပေးခဲ့ သည် ဆိုသောစကားရပ်သာရှိပြီး ယင်းနှင့်ပတ်သက်၍ မိမိတို့ တရားမမှုများ စစ်ဆေး ရင်ဆိုင်ရာတွင် တရားမဝင်အသင်းဖြစ်ကြောင်း ကန့်ကွက်တင်ပြချက်မရှိသည့်အတွက် ထည့်သွင်းမစဉ်းစားခဲ့ခြင်း ဖြစ်ပါသည်။

တရားမကြီးအမှုအမှတ် (၁၁၁/၉၇) တွင် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းဥက္ကဋ္ဌက အခင်းဖြစ်ဂရန်မြေ သည် ရှမ်းတိုင်းရင်းသားများသာရေးနာရေးအသင်း အဆောက်အဦများဆောက်လုပ်ရန် ချထားပေး သည့်မြေဖြစ်ကြောင်း ကြေညာပေးပြီး မြေပေါ်ဆောက်လုပ်ဆဲတိုက်နှင့် နေအိမ်တို့ကို ဖျတ်သိမ်း ရှင်းလင်း ထွတ်ခွာသွားစေလိုမှုကို စွဲဆိုခြင်း ဖြစ်ပါသည်။ အမှုတွင် ၂-၆-၉၂ ရက်စွဲပါ သက်သေခံ (ဂ) နှင့် တရားခံဘက်ကတင်ပြသော သက်သေခံ (၃) ဂရန်စာချုပ်မှာ ဒေါ်နန်းခမ်းစိန်အမည်နှင့် ဂရန်ချထားပေးခဲ့သည်မှာ အငြင်းမပွားပေါ်ပေါက်ပါသည်။ ဒေါ်နန်းခမ်းစိန်အမည်နှင့် ဂရန်ချထားပေးခြင်းအပေါ် တိုင်းရင်းသားများ သာရေးနာရေးအသင်းသို့ ဂရန်အမည်ပေါက်ပြောင်းလဲပေးရေးအတွက်       တောင်းဆိုသော အမှုမဟုတ်သည့် အတွက် တရားရုံး၏ ဆုံးဖြတ်ခွင့်အာဏာကို အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း ဥပဒေပုဒ်မ ၅၃ တွင် ပြဋ္ဌန်းချက်က ပိတ်ပင်တားမြစ်ထားကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ကော်လိတ္တော်အရာရှိက ဂရန်ချ ထားပေးသည့် လုပ်ပိုင်ခွင့်အပေါ် လျစ်လျူရှုဆုံးဖြတ်ခဲ့သည်မှာ မဟုတ်ကြောင်းနှင့် စီရင်ပိုင်ခွင့် အာဏာဘောင်အတွင်း ကျရောက်သည့်အတွက် စစ်ဆေးစီရင်ခဲ့ပါကြောင်း၊ အမှုတွင် အချင်းဖြစ်မြေများ၏ ဂရန်ပေါက်အမည် မည်သူဖြစ်ထိုက်သည်ကို ဆုံးဖြတ်ခြင်းမဟုတ်သည့်အတွက် ဂရန်ထုတ်ပေးနိုင်ခွင့်ရှိသော အာဏာပိုင်များ၏ ဆောင်ရွက်ချက်နှင့်လည်း ဝိရောဓိဖြစ်ရန်မရှိပါကြောင်း၊ ဂရန်စာချုပ် စာမျက်နှာ (၂) တွင်လည်း ရှမ်းတိုင်းရင်းသားများသာရေးနာရေးအသင်း အဆောက်အဦ ဆောက်လုပ်ရန် စည်းကမ်းချက်နှင့် ဒေါ်နန်းခမ်းစိန် ကို ဂရန်ချထားပေးခြင်းဖြစ်ရာ ဒေါ်နန်းခမ်းစိန်သည် ဂရန်ရထားထားသည့်မြေပေါ်တွင် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အဆောက်အဦဆောက်လုပ်ရန် အသုံးပြုပါမည်ဟု တာဝန်ယူရာ ရောက်ပါေ ကြာင်း၊ ဒေါ်နန်းခမ်းစိန်က ဂရန်စာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်သည့်အတွက် ဂရန်စာချုပ်ပါ မြေကွက်များသည် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း ဆောက်လုပ်ရန် ချထားပေး သော မြေဖြစ်သည့်အကြောင်း မြွက်ဟကြေညာ ပေးစေလိုကြောင်း စွဲဆိုခြင်းသည် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၁ ၌ အကျုံးဝင်ရာ တရားရုံးက စီရင်ပိုင်ခွင့်ရှိပါကြောင်း၊ ယခု ဒေါ်နန်းခမ်းစိန် စွဲဆိုခံရသည့် ကိစ္စမှာလည်း ဂရန်ပါစည်းကမ်းချက်အရ သာရေးနာရေးအတွက် ဆောက်လုပ်ရန် စည်းကမ်းချက်နှင့် ချထားပေးသော မြေဖြစ်သည် ဆိုရာတွင် ယင်းမြေပေါ် ကျူးကျော်ဆောက်လုပ်သည့် စည်းကမ်းချက် ကို ဖောက်ဖျက်ကြောင်း မြွက်ဟကြေညာပေးရန် စွဲဆိုခြင်းဖြစ်သည့်အတွက် သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၄၁ မှာ အကျုံးဝင်ပါကြောင်း၊ ဒေါ်နန်းခမ်းစိန်အမည် နှင့် ရရှိထားသောမြေကွက်များသည် ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်း အဆောက်အအုံဆောက်လုပ်ရန် ချထားပေးသော မြေကွက်ဖြစ်ကြောင်း ကြေညာပေးခြင်း သည် ဂရန်စာချုပ်ပါ စည်းကမ်းချက်နှင့် ညီညွတ်သည့်အတွက် ဒေါ်နန်းခမ်းစိန် ရရှိထားသော မြေငှားဂရန် အခွင့်အရေးကို ပယ်ဖျက်ရာမရောက်သည့်အတွက် အုပ်ချုပ်ရေးကဏ္ဍ၏ ဂရန်ထုတ်ပေးခြင်းနှင့် ဆောင်ရွက်ပိုင်ခွင့် ကို တရားရုံးမှ ထိပါး၊ ထိခိုက်ဖွယ်ရာ မရှိပါကြောင်း၊ သာမန်အားဖြင့် တရားဝင်မြေငှား ဂရန်ပေါက်နေသူကို ဂရန်မြေပေါ်က ဖယ်ရှားနှင်ထုတ်ပိုင်ခွင့် မရှိသော်လည်း ယခုအမှုတွင် မြေငှားဂရန် စာချုပ်မှာ ဒေါ်နန်းခမ်းစိန် အမည်နှင့် ထုတ်ပေးခဲ့ရသည့်အကြောင်းက ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းအတွက် မြေနေရာရရှိရန် အတွက် အသင်းက ဒေါ်နန်းခမ်းစိန်၏ ခင်ပွန်း ဦးစိုင်းအက်ဒရွန်းကို အသင်းဝင်အဖြစ်နှင့် တာဝန်ပေးဆောင်ရွက်စေ ခဲ့ရာမှ ဂရန်မှာ ဒေါ်နန်းခမ်းစိန် အမည်ပေါက်ဖြစ်ခဲ့ရကြောင်း၊ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အဆောက်အအုံ ဆောက်လုပ်ရန် အချင်းဖြစ် မြေနေရာချထားပေးခဲ့သည့်အခါ ဒေါ်နန်းခမ်းစိန်က အသင်း ကိုယ်စား ဆောက်ရွက်ပေးသည့်အတွက် သူ့အမည်နှင့်နေရာချထားပေးသော စာချုပ်ကို ပေးပို့ခဲ့ခြင်းြ ဖစ်ကြောင်း၊ မြေပေးအမိန့်အရသာ ဂရန် ထုတ်ပေးရခြင်းဖြစ်ကြောင်းနှင့် ၁၃-၁၂-၁၉၉၁ ရက်စွဲအရ သက်သေခံ (ဈ) အဖြစ်တင်ပြထားသော စာတွင်လည်း အချင်းဖြစ်မြေကွက်များကို ရှမ်းတိုင်းရင်းသား များ သာရေးနာရေး အသင်း ဆောက်လုပ်ရန် ချပေးလိုက်ကြောင်း ဖော်ပြထားပါသည်။ မန္တလေးတိုင်း ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေး အဖွဲ့က ၁၈-၉-၁၉၉၆ ရက်စွဲပါ သက်သေခံ (င) နှင့် (ဈ) စာကို ရည်ညွှန်းပြီး မန္တလေးမြို့ စည်ပင်သာယာရေးဌာန မြို့ပြနေရာစီမံခန့်ခွဲမှုစာရင်းနှင့် မှတ်တမ်းထိန်းသိမ်းရေးဌာနကို ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အဆောက်အအုံဆောက်လုပ်ရန် ချထားပေးသော မြေဖြစ်သည့် အတွက် ဒေါ်နန်းခမ်းစိန်အမည်နှင့် ဂရန်ချထားပေးခြင်းကို ရုပ်သိမ်းပြီး ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းအမည်ဖြင့်သာ ဂရန်ချ ထားပေးရေး ဆောင်ရွက်နိုင်ရန် အကြောင်းကြားခဲ့မှုလည်း အမှုတွင်း ပေါ်ပေါက်ခဲ့ပါကြောင်း၊ ဒေါ်နန်းခမ်းစိန် ဂရန်အမည်ပေါက်သော်လည်း ဂရန်ထုတ်ပေးစဉ်က ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း အဆောက်အအုံ ဆောက်လုပ်ရန် စည်းကမ်းချက်နှင့် နေရာချထားပေးခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ စွဲဆိုချက်အတိုင်း ဒီဂရီချမှတ်ခြင်းသည် မြေပေါ်က ဆောက်လုပ်ဆဲ တိုက်နယ် လူနေအိမ်များကို ဖျက်သိမ်းထွက်ခွာသွားစေခြင်းဖြစ်ပါကြောင်း၊ တရားရုံးအဆင့်ဆင့်က အမှုမှာ နှစ်ဖက် အမှုသည်များ တင်ပြကြသော သက်သေခံချက်အထောက်အထားပေါ် ဥပဒေနှင့်အညီ ကျိုးကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ဖက်သတ် ဘက်လိုက်ဆုံးဖြတ်ရန် အကြောင်းတစ်စုံတရာ မရှိပါကြောင်းနှင့် ဘက်လိုက်ဆုံးဖြတ်ခြင်းလည်း မဟုတ်ကြောင်း၊ အခုအမှုမှာ မည်သူဂရန်ရထိုက်သည်ကို အငြင်းပွားခြင်း မဟုတ်သည့်အတွက် တရားစီရင်ရေးကဏ္ဍ စစ်ဆေးစီရင်မှုသည် ဂရန်ထုတ်ပေးပိုင်ခွင့်ရသော အုပ်ချုပ်ရေးကဏ္ဍ ၏ ဆောင်ရွက် ချက်များနှင့် ဝီရောဒိဖြစ်ရန် မရှိပါကြောင်း၊ နိုင်ငံသားများ၏အခွင့်အရေးကို ဥပဒေနှင့်အညီသာ ကာကွယ်စောင့်ရှောက်ခွင့်ရှိပါကြောင်း၊  မိမိတို့အမှုများကို ပြဋ္ဌာန်းသတ်မှတ်ထားသော ဥပဒေများနှင့်အညီ တရားရုံးမှာ နှစ်ဖက်ရင်ဆိုင်ဖြေရှင်းကြစဉ်က တင်ပြကြသောသက်သေများနှင့် စုံစမ်းစစ်ဆေးမှု အဖွဲ့က ခေါ်ယူစစ်ဆေးသည့် သက်သေများ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှေ့တွင် တင်ပြကြသော သက်သေများဖြင့် တစ်ထပ်တည်း တူညီမှုရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် တရားရုံးများက ဆုံးဖြတ်ခဲ့သော အမှုတွဲမှာ စစ်ဆေးစဉ် က နှစ်ဖက်တင်ပြခဲ့ကြသော သက်သေခံ အထောက်အထားနှင့် သက်သေထွက်ချက်များအပေါ် စိစစ်ဆုံးဖြတ် ရခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

မေးမြန်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၊ ဥက္ကဋ္ဌ သူရဦးအောင်ကို      မှ ဆက်လက်တင်ပြရာ

အဆိုပါအမှုသည် မိမိတို့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို တိုင်ကြားခဲ့သောအမှုဖြစ်ပြီး တရားလို သည်လည်း ရှမ်းတိုင်းရင်းသားဖြစ်၍ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်ကို မိမိတို့ ကော်မတီမှ တာဝန်ပေး ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါသည်။ အမှုအကျဉ်းချုပ်ကိုထပ်မံတင်ပြရပါက ၁၉၉၂ ခုနှစ်တွင် မန္တလေးတိုင်း ငြိမ်ဝပ်ပိပြားမှု ဆောင်ရွက်ရေး အဖွဲ့က ဒေါ်နန်းခမ်းစိန်ကို အချင်းဖြစ်နေရာ လောကတတ်ဖြစ်သည့်မြေကို သဏ္ဍာန်ချပေးခဲ့ပါသည်။ ဒေါ်နန်းခမ်းစိန်ထံတွင် အမည်ပေါက်ဂရန်စာချုပ်၊ မြေတန်ဖိုးပေးသွင်း သည့် ပြေစာများနှင့် နှစ်စဉ်အခွန်ဆောင်သည့် မြေခွန်ပြေစာများရှိသည်။ ဒေါ်နန်းခမ်းစိန်သည် ရှမ်းတိုင်းရင်းသား များ သာရေးနာရေးအသင်းကို အကူအညီတောင်းခံချက်အရ ဓမ္မာရုံဆောက်လုပ်ရန် မြေတချို့ကို ခွဲခြမ်းပေးခဲ့ပါ သည်။ ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်းတွင် ပိုင်ဆိုင်မှုစာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ မရှိသော်လည်း မန္တလေးတိုင်းတရားရုံးမှ အနိုင်ပေးခဲ့ပါသည်။ အမှုကို စာရင်းစစ်ရာတွင် ဘက်လိုက်မှုများ ရှိနေ၍ ဒေါ်နန်းခမ်းစိန်သည် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို အထူးအယူခံမှု ဝင်ခဲ့ပါသည်။ လွှတ်တော်ချုပ်က ၁၄-၅-၂၀၁၂ နေ့က ဆီနှင့် တရားမအထူးအယူခံမှုအမှတ် ၈၀၊ ၈၁/၂၀၁၁ အရ အမိန့်စီရင်ချက် ချမှတ်ခဲ့ပါသည်။ စီရင်ချက်မှာ မန္တလေးမြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့က ရှမ်းတိုင်းရင်းသားအသင်း အတွက် မြေကွက်ချထားပေးကြောင်း ကောက်ယူရန် တစ်နည်းအားဖြင့် ကောက်ချက်ချရန် ခိုင်လုံမှုရှိကြောင်း အထောက်အထား၊ စာရွက်စာတမ်း၊ သက်သေခံတစ်ခုမှမရှိဘဲ ဆုံးဖြတ်ပြီး ဒေါ်နန်ခမ်းစိန်ကို အရှုံးပေးခဲ့ပါသည်။ ယင်းသို့ ဆုံးဖြတ်ချက်ချရာတွင် မန္တလေးတိုင်းတရားရုံးအနေဖြင့် မန္တလေးမြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့နှင့် မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို ရယူ မေးမြန်းခြင်း မရှိဘဲ တစ်ဖက်သတ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း မန္တလေးတိုင်းတရားရုံး၏ဆုံးဖြတ်ချက် အတိုင်း ဆက်လက် အနိုင်ဒီဂရီပေးခဲ့ပါသည်။ ယင်းသို့ လုပ်ဆောင်ခြင်းသည် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို တရားအဆင့်ဆင့်က စွပ်ဖက်ခြင်းသာဖြစ်ပြီး အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် စည်းမျဉ်းဥပဒေကိုလည်း ဆန့်ကျင်ချိုးဖောက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ ပြည်ထောင်စုဥပဒေပြုစာရင်း စီမံခန့်ခွဲရေးအပိုင်းတွင် ရွာမြေ၊ မြို့မြေများ စီမံမှုကို အုပ်ချုပ်ရေးအာဏာ၏ လုပ်ပိုင်ခွင့်အဖြစ် ပြဋ္ဌာန်းပေးထားပြီး တရားရုံးများသို့ ပေးထားခြင်းမရှိပါ။ ထို့ကြောင့် တရားရုံးအဆင့်ဆင့် ဆုံးဖြတ်ချက်က အခြေခံဥပဒေပုဒ်မ ၉၆ ကိုလည်း ဆန့်ကျင်ချိုးဖောက် ရာရောက်နေပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို မဆန့်ကျင်မှသာ အယူခံမှုများကို စီရင်စစ်ဆေးပိုင်ခွင့်ရှိပါသည်။ အခြေခံဥပဒေ ၉၆ နှင့် ပုဒ်မ ၁၁ ပုဒ်မခွဲ(က) ပြဋ္ဌာန်းချက်ကိုလည်း စီရင်ပိုင်ခွင့်မရှိသည့် တရားလွှတ်တော်ချုပ် တရားမအထူးအယူခံမှု ၈၀၊ ၈၁/ ၂၀၁၁ ကို လက်ခံကြားနာ စိစစ်စီရင်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၅ ပုဒ်မခွဲ (ဃ)ပါ အခြေခံဥပဒေတစ်ရပ်ကိုဖြစ်စေ၊ အခြားဥပဒေပြဋ္ဌာန်းချက်ကိုဖြစ်စေ မဆန့်ကျင်မှ စီရင်နိုင်သည် ဆိုသော ပြဋ္ဌာန်းချက်ကို ဆန့်ကျင် ချိုးဖောက်ရာ ရောက်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အထူးအယူခံမှုအမှတ်စဉ် ၈၀၊ ၈၁/၂၀၁၁ ကို ၁၄-၅-၂၀၁၂ နေ့က စီရင်ဆုံးဖြတ်ခဲ့မှုသည် တရားမဝင်ကြောင်း၊ အတည်မဖြစ်ကြောင်း ဤလွှတ်တော်ကြီးမှ မှတ်တမ်းတင်ပေးပါရန်နှင့် မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ တရားလို ဒေါ်နန်းခမ်းစိန်ဘက်မှ ဆက်လက်ရင်ဆိုင်ဖြေရှင်းခွင့်ပြုရေးအတွက် ဆုံးဖြတ်ပေးပါရန် တင်ပြပါသည်။

 

တင်ပြချက်နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ

ဤအမှုမှာ လွှတ်တော်ထဲတွင် ရှင်းလင်းရန်အချိန် မဟုတ်သေးပါကြောင်း၊ မိမိတို့ ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တွင် ဥပဒေပညာရှင်များ၊ ဥပဒေနှင့် ပတ်သက်ပြီး သင်ကြားပေးသော ဆရာ ဆရာမများအပြင် အုပ်ချုပ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အထူးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်၊ စဉ်းစားနိုင်ရန်အတွက်လည်း တရာသူကြီးအဟောင်းများ၊ ရှေ့နေဟောင်းများ၊ ရှေ့နေချုပ်ရုံးတွင် တာဝန် ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် ယနေ့ တင်ပြချက်မှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရားလွှတ်တော်ချုပ်တို့အကြား ဥပဒေ အရသော်လည်းကောင်း၊ အကြောင်းအချင်းအရာအရသော်လည်းကောင်း အငြင်းပွားရ သည့်သဘော ပေါ်ပေါက်နေသည့်အတွက် မိမိတို့ ပြည်သူ့လွှတ်တော်အတွင်း ဖွဲ့စည်း ထားသော ဥပဒေရေးရာနှင့် အထူးကိစ္စ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို တရားဥပဒေ ရေးရာနှင့် အသနားခံစားများ၊ တိုင်ကြားစာများကော်မတီက ဤကိစ္စကို လွှဲပေးစေလိုပါကြောင်း၊ လွှဲပေးရာတွင် လည်း အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်၏ သုံးသပ်ချက်များအရ ဆက်လက် ဆောင်ရွက်သွား သင့်ပါကြောင်း၊ လွှတ်တော်အနေဖြင့် ဤကိစ္စကို ဒီမှာဆက်လက်ဆောင်ရွက်ဖို့ကိစ္စအတွက် မဆုံးဖြတ်သင့်သော ကိစ္စတစ်ခုဖြစ်ပြီး ဥပဒေရေးရာနှင့် အထူးကိစ္စလေ့လာသုံးသပ်ရေးကော်မရှင်၏ စိစစ် တွေ့ရှိချက်အပေါ် မူတည်ပြီး ဆောင်ရွက်သွားသင့်ပါကြောင်း၊ ထိုနည်းတူစွာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ် သုံးသပ်ပြောဆို သွားသည့်အတွက် ယခုကိစ္စမှာလည်း မိမိတို့လွှတ်တော်အနေဖြင့် တိုက်ရိုက်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိမည် မဟုတ်ပါကြောင်း။ ထို့ကြောင့် အချိန်အရသော်လည်းကောင်း၊ အခြေအနေအရသော်လည်းကောင်း ဦးခိုင်မောင်ရည် မေးမြန်းသွားသော တရားဝင်မြေငှားဂရန် အမည်ပေါက်သူ ဒေါ်နန်းခမ်းစိန်၏ နစ်နာမှုကိစ္စနှင့်စပ်လျဉ်းသည့် မေးခွန်းမှပေါ်ပေါက်လာသော ပြည်ထဲရေး ဝန်ကြီးဌာနနှင့် တရားလွှတ်တော်ချုပ်တို့အကြား ဥပဒေရေးရာ အရသော်လည်းကောင်း၊ အကြောင်းအချင်းအရာ အရသော် လည်းကောင်း အငြင်းပွားသည့်သဘော သက်ရောက်သည့်အတွက် ဤကိစ္စကို ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်သို့ လွှဲအပ်ပေး ရန် ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ဖော်ပြထားသောကိစ္စများကို လေ့လာသုံးသပ်ပြီး လွှတ်တော်ကို ပြန်တင်ပြရာတွင် တင်ပြချက်အပေါ် မူတည်ပြီး လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်သွားမှာြ ဖစ်ပါကြောင်း၊ ဦးခိုင်မောင်ရည် မေးသောမေးခွန်းအပေါ် မူတည်ပြီး ပေါ်ပေါက်လာသော ကိစ္စရပ်များ ကိုပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသောဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်သို့ လွှဲအပ်ပေးရန် လွှတ်တော်ဥက္ကဋ္ဌအနေနှင့် ဆုံးဖြတ်ပါကြောင်း ပြောကြားပါသည်။