(ဂ)-၂၀၁၁-၁၂ဘဏ္ဍာနှစ်မှ၂၀၁၅-၁၆ဘဏ္ဍာနှစ် အထိ ပဉ္စမကာလတို ၅နှစ် အမျိုးသားစီမံကိန်း အားပြည်ထောင်စုလွှတ်တော်သို့ရှင်းလင်း တင်ပြရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၃)

နိုင်ငံတိုင်းတွင် အမျိုးသားစီမံကိန်းများသည် အရေးကြီးသကဲ့သို့ မြန်မာနိုင်ငံတွင် လည်း ခေတ်အဆက်ဆက်မှ  အမျိုးသားစီမံကိန်းများကို ဂရုစိုက်ရေးဆွဲခဲ့ပါကြောင်း၊ ၆- ၆ -၁၉၄၇ ရက်နေ့၌ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမျိုးသားကျွမ်းကျင်သူများက ဆိုလမ်တိုဘီယာစတီခေါ် ပြည်ထောင်စုမြန်မာနိုင် ငံတော်စီးပွားရေး ၂ နှစ်စီမံကိန်းကိုရေးဆွဲခဲ့ပါကြောင်း၊ ယင်းစီမံကိန်းတွင် လျှပ်စစ် ကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်သည် အသုံးစရိတ်အနည်း ဆုံးဖြစ်၍ ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန် မူဝါဒ အနေနှင့် ဆုံးဖြတ်ခဲ့သည်ကို သိရပါကြောင်း၊ ၁၉၅၀ ပြည့်နှစ်တွင် ဖဆပလ အစိုးရဝန်ကြီးချုပ် ဦးနုက ပြည်တော်သာစီမံကိန်းကို ရေးဆွဲ ခဲ့ကြောင်း၊ ပြည်တော်သာ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်နှင့် ပြည်တွင်းသောင်းကျန်းမှုဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို စစ်ကြိုခေတ်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့အတွက် ရေးဆွဲခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်းစီမံကိန်း ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခြင်း မရှိပါကြောင်း၊ အမှတ်(၂) ဘီးလူးချောင်း(လောပိတ) စက်ရုံမှ ပထမတာပိုင်သုံးလုံးကို ၁၉၅၂ ခုနှစ်မှစပြီး ၁၉၆၀ တွင် ပြီးစီးခဲ့ပါကြောင်း၊ ရဲရွာစီမံကိန်းနှင့် ပေါင်းလောင်းရေအား လျှပ်စစ် စီမံကိန်းများသည် ပြည်တော်သာစီမံကိန်းတွင် ရေးဆွဲခဲ့သော စီမံကိန်းများဖြစ်ပါကြောင်း၊ ထို့အတူ ကိုယ်စားလှယ်တော်ကြီး ဦးဉာဏ်ဆွေဝင်း တင်ပြသွားသော ကျောက်ကြီးမြို့နယ်ရှိ လောပိတ စီမံကိန်းသည် ရန်ကုန်မြို့နှင့် မိုင် ၁၀၀ ခန့်နီးသောကြောင့် ပြည်တော်သာစီမံကိန်းအရ ပထမဦးဆုံးဆောင်ရွက် မည့် ရေအားစီမံကိန်းဖြစ်သည့်အတွက် ကျောက်ကြီးမြို့တွင်သွား၍ တိုင်းတာရေးများပြုလုပ်စဉ် သောင်းကျန်မှု များကြောင့် စီမံကိန်းကြီး ပျက်စီးသွားခဲ့ပါကြောင်း၊ ဆက်လက်၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် ပထမအကြိမ် ပါတီညီလာခံမှ ချမှတ်ခဲ့သော နှစ်တိုနှစ်ရှည်စီးပွားရေးစီမံကိန်းများကို အကောင်အထည်ဖော်ရန် ၁၉၇၁-၁၉၇၂ မှ ၁၉၇၄-၁၉၇၅ အထိ ပထမ ၄ နှစ်စီမံကိန်းစတင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ်အရေးအခင်းတွင် စီမံကိန်းလွဲချော်ခဲ့ပြီး အစိုးရအပြောင်းအလဲအထိ ဖြစ်ခဲ့ရပါကြောင်း၊ တပ်မတော် အစိုးရလက်ထက်လည်း ၁၉၉၁-၁၉၉၂ မှ စတင်ပြီး ၅ နှစ်စီမံကိန်းများ လုပ်ကိုင်လာခဲ့ရာ ယခု ၂၀၁၃-၁၄ ခုနှစ်ပြီးဆုံးပါက ပဉ္စမ ၅ နှစ်စီမံကိန်း၏ တတိယနှစ်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ  ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရပါကြောင်း၊ နောင်လာမည့် ၃၅ နှစ်တွင် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းများကို အောင်မြင်အောင် ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိပါက လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ခိုက်သွားကြသော တော်လှန်ရေး ရဲဘော်များအပေါ်တွင် တာဝန်ကျေပါသလားဆိုသည့် မေးခွန်းကို မိမိအနေဖြင့် ပြန်လည်မေးမြန်းရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်အထိ ပဉ္စမ ၅ နှစ် စီမံကိန်းကြီးကိုပင်လျှင် လွှတ်တော်၌ အတည်ပြုနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းအား ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခြင်း၊ အတည်ပြုခြင်း၊ ရယူခြင်းနှင့် ၂၅ နှစ်ကြာကာလ မူလရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ သုံးသပ်မှုအား ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အစီအစဉ်ရှိ/မရှိနှင့် ယနေ့ နိုင်ငံတော်မှ ၂၀၁၅ ခုနှစ် အလွန် ၁၅ နှစ်စီမံကိန်း၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များ မည်သည့် အခြေခံနှုန်းထားများအပေါ် မူတည်၍ ရေးဆွဲနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးကြည်သာမေးမြန်းသော မေးခွန်းနှင့်ပတ်သက်၍ အပိုင်း ၃ ပိုင်းတွေ့ရှိရပါကြောင်း၊ ပထမပိုင်းအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခြင်း၊ အတည်ပြုချက်ရယူခြင်း အစီအစဉ်ရှိ/မရှိ၊ ဒုတိယပိုင်းအနေဖြင့် ၂၅ နှစ်ကြာကာလ မူလရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်မှု အခြေအနေသုံးသပ်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အစီအစဉ် ရှိ/မရှိနှင့် တတိယပိုင်းအနေဖြင့် ယခု နိုင်ငံတော်မှ ဆောင်ရွက်မည့် ၂၀၁၅ ခုနှစ်အလွန် ၁၅ နှစ် စီမံကိန်း၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များမှာ မည်သည့်အခြေခံနှုန်းတွေပေါ် ရေးဆွဲသည်နှင့် စပ်လျဉ်းခြင်း တို့ဖြစ်ပါသည်။

ပထမပိုင်းမေးခွန်းအနေဖြင့်  မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ပဉ္စမကာလတို ၅ နှစ် အမျိုးသား စီမံကိန်း (၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထိ) (မူကြမ်း)ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါသည်။ ယင်းမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကိုလည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ရှင်းလင်း တင်ပြခဲ့ပါသည်။

ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်း(မူကြမ်း)အပေါ် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးကလည်း အကြံပြုချက်၊ ဆွေးနွေးချက်၊ ဖြည့်သွင်း၊ ဖြည့်ဆည်းချက်များအပြင် စီမံကိန်းအခေါ်အဝေါ်၊ စီမံကိန်းရေးဆွဲ တင်ပြပုံနှင့် အပြင်အဆင်ဦးစားပေးကဏ္ဍ စသည်တို့ကိုပါ အကြံပြုဆွေးနွေးခဲ့ကြပါသည်။

အဆိုပါမူကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့်အညီ ပြန်လည်ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော် သို့ ပြန်လည်တင်ပြရန် အဆိုပြုတိုက်တွန်းကြောင်းနှင့် ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်း (မူကြမ်း) ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ချက်ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနေဖြင့် အထက်ဖော်ပြပါ သဘောထားမှတ်ချက် အပေါ် အခြေခံပြီး ဆွေးနွေးတင်ပြချက်များကို အသေးစိတ်ပြန်လည်စိစစ်ပြီး ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းကို အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ပထမ ၅ နှစ်စီမံကိန်း (၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်) ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုဟု ပြင်ဆင်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့များနှင့် ကဏ္ဍစီမံကိန်း၊ ဒေသန္တရစီမံကိန်းများကို အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ပြီးတော့ ပြင်ဆင်ဖြည့်စွက် အပြီးသတ် ရေးဆွဲလျက်ရှိကြောင်း တင်ပြအပ်ပါသည်။ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ပထမ ၅ နှစ်စီမံကိန်း (၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်) ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ဒုတိယပိုင်းမေးခွန်းအနေဖြင့် ၂၅ နှစ်ကြာကာလသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကာလများဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးအနေဖြင့် ၁၉၈၈-၈၉ ခုနှစ်မှ ၁၉၉၁-၉၂ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ၅.၉ ရာခိုင်နှုန်း၊ ပထမကာလတို ၄ နှစ်စီမံကိန်း (၁၉၉၂-၉၃ ဘဏ္ဍာနှစ်မှ ၁၉၉၅-၉၆ ဘဏ္ဍာနှစ်ထိ) စီးပွားရေးတိုးတက်မှုနှုန်း တစ်နှစ်ပျမ်းမျှ ၇.၅ ရာခိုင်နှုန်း၊ ဒုတိယကာလတို ၅ နှစ်စီမံကိန်း (၁၉၉၆-၉၇ ဘဏ္ဍာနှစ်မှ ၂၀၀၀-၀၁ ဘဏ္ဍာနှစ်ထိ) စီးပွားရေးတိုးတက်မှုနှုန်း တစ်နှစ်ပျမ်းမျှ ၈.၅ ရာခိုင်နှုန်း၊ တတိယကာလတို ၅ နှစ် စီမံကိန်း (၂၀၀၁-၀၂ ဘဏ္ဍာနှစ်မှ ၂၀၀၅-၀၆ ဘဏ္ဍာနှစ်ထိ) စီးပွားရေးတိုးတက်မှုနှုန်း တစ်နှစ်ပျမ်းမျှ ၁၂.၉ ရာခိုင်နှုန်း၊  စတုတ္ထကာလတို ၅ နှစ်စီမံကိန်း (၂၀၀၆-၀၇ ဘဏ္ဍာနှစ်မှ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်ထိ)  စီးပွားရေးတိုးတက်မှုနှုန်း တစ်နှစ်ပျမ်းမျှ ၁၁.၁ ရာခိုင်နှုန်း တိုးတက်ခဲ့မှုအပေါ် သက်ဆိုင်ရာအစိုးရအဖွဲ့ကို နှစ်စဉ်နှင့် ၅ နှစ်စီမံကိန်းအလိုက် သုံးသပ်တင်ပြ ခဲ့ပြီးဖြစ်ပါသည်။

ထို့ပြင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေအရ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည် ဖော်နိုင်အခြေအနေကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကနေတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြ အတည်ပြုချက်ရယူပြီးဖြစ်ပါသည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်အပေါ် အကောင် အထည်ဖော်မှု ကိုလည်း ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။ ထို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရများ လက်ထက် မူလစီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ သုံးသပ်ချက် များကို သက်ဆိုင်ရာအစိုးရအဖွဲ့များသို့ သုံးသပ်တင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။

တတိယမေးခွန်းအနေဖြင့် လွှတ်တော်၏ အကြံပြုချက်နှင့်အညီ လက်ရှိရေးဆွဲလျက်ရှိသော နိုင်ငံတော်၏ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၂၀၁၁-၃၁ နှစ် ၂၀ နှစ်ရှည်စီမံကိန်းသည် ၂၀၁၅ ခုနှစ် အလွန် ၁၅ နှစ် စီမံကိန်း အပါအဝင်ဖြစ်ပြီး နှစ်ရှည်စီမံကိန်းဖြစ်သည့်အတွက် Strategy ကိုသာဖော်ပြပြီး နိုင်ငံတော် ၏ နောင်အနှစ် ၂၀ တွင် ဖြစ်ပေါ်စေလိုသော စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို ရရှိစေရန်အတွက် ကျင့်သုံးဆောင်ရွက်မည့် ဦးတည်ချက်များကို ရှေ့နောက်ညီညွတ်စွာ အစီအစဉ်တကျ ဖော်ပြသွား မည် ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာလတို ၅ နှစ်စီမံကိန်းကဲ့သို့ ၅ နှစ်တစ်ကြိမ် ၄ ကြိမ် ပိုင်းခြားအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၂၀၁၁- ၃၁ ကို ပြည်တွင်းပြည်ပ စီးပွားရေးပညာရှင်များ ပါဝင်ရေးဆွဲလျက်ရှိကြောင်းလည်း တင်ပြ အပ်ပါသည်။

နိုင်ငံတော်၏ ရေတိုရေရှည် မျှော်မှန်းချက်များကို ပြည့်မီစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အရေးကြီးသော မူဝါဒလမ်းညွှန်ချက်မှာ စီးပွားရေးနှင့် လူမှုရေး  ပြုပြင်ပြောင်းလဲမှုအခြေခံမူဘောင် (Framework for Economic and Social Reform-FESR) ဖြစ်ပါသည်။ FESR ကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် ပြည်သူလူထုအတွက် အမှန်တကယ် လက်တွေ့ကျကျ အကျိုးရှိစေမည့် လုပ်ငန်းများ အလျှင်အမြန် အောင်မြင်မှုရရှိစေရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး အကြံပြုချက်တွေရယူပြီး ၂၀၁၂ ခုနှစ် မေလမှ အောက်တိုဘာလအထိ အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် MDRI တို့ ပူးပေါင်း ရေးဆွဲခဲ့ပါသည်။ ယင်းအခြေခံမူဘောင်သည် ကာလရှည် နှစ် ၂၀ စီမံကိန်းဖြစ်သည့် အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း NCDP နှင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ပေါင်းကူးဆက်စပ်ပေး ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို အခြားသော အာရှနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ပါသည်။ အသေးစိတ်ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြန်အလှန် အကျိုးတူကိစ္စရပ်များအတွက် ရေရှည် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သော လမ်းညွှန်မူဘောင် တစ်ခုလည်းဖြစ်ပါသည်။ အခြေခံမူဘောင် အရ (၁) ဘဏ္ဍာရေးနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲမှုများ၊  (၂) ငွေကြေးကဏ္ဍပြုပြင် ပြောင်းလဲမှုများ၊ (၃) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြေလျော့မှုများဆောင်ရွက်ခြင်း၊ (၄) ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ (၅) ကျန်းမာရေးနှင့် ပညာရေး၊ (၆) စားနပ်ရိက္ခာဖူလုံမှုနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ (၇) အစိုးရစနစ်နှင့် ပွင့်လင်းမြင်သာမှု၊ (၈) မိုဘိုင်းဖုန်းနှင့် အင်တာနက်၊ (၉) အခြေခံအဆောက်အဦနှင့် (၁၀) ထိရောက်ထက်မြက်သောအစိုးရ စသည့် ဦးစားပေးနယ်ပယ် သတ်မှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၄ ရပ် နှင့် စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုအခြေခံမူဘောင် (FESR) ၁၀ ချက် အပေါ်အခြေခံပြီး ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကဏ္ဍအချင်းချင်း အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်ရမည့် မဟာဗျူဟာများ၊ မူဝါဒများ၊ အစီအစဉ်များကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်တွင်းပြည်ပ စီးပွားရေးပညာရှင်များအားလုံး နှင့် ပူးပေါင်းကာ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း  (၂၀၁၁-၃၁) ကိုရေးဆွဲလျက်ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မက္ကင်ဆေးတက္ကသိုလ်၏ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ အလားအလာ သုံးသပ်ချက်များ၊ ERIA ၏ မြန်မာဘက်စုံဖွံ့ဖြိုးရေး မျှော်မှန်းချက် ၂၀၁၁-၃၅ နှင့် OECD ၏ လေ့လာသုံးသပ်ချက်များကို ပေါင်းစပ်ထည့်သွင်း ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုနှစ်ရှည် စီမံကိန်း သည် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းစေရန်အတွက် ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ဒေသန္တရ ဖွံ့ဖြိုးမှုစီမံကိန်းများကို ပေါင်းစပ်ရေးဆွဲသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ရှင်းလင်းဖြေကြားချက်နှင့် စပ်လျဉ်း၍ ဂွမဲဆန္ဒနယ်မှ ဦးကြည်သာက ဆက်စပ်မေးခွန်း မေးမြန်းရာ

ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်တွင် ကာလတို ၅ နှစ်စီမံကိန်းကို ရှင်းလင်းပြီး လွှတ်တော်တွင် ဆွေးနွေးသော်လည်း အစိုးရဌာနများနှင့် သုံးသပ်ရေးဆွဲနေသည်ဟု သိရပါကြောင်း၊ သို့သော် ကာလတို ၅ နှစ် စီမံကိန်း စာအုပ်မူကြမ်းကို တချို့ကော်မတီများ ကိုသာဝေထားသည် ကိုတွေ့ရှိရ ပါကြောင်း၊ ပြန်ပြင် ထားသော စာအုပ်အသစ်ကို လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေသင့်ပါကြောင်း၊ ထို့ပြင် ၂၅ နှစ် စီမံကိန်းအပေါ် သုံးသပ်ချက်ကို သက်ဆိုင်ရာအစိုးရဌာနများသို့ အစီရင်ခံပြီး ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံရန် အစီအစဉ်မရှိသည်ကို နားမလည်ပါကြောင်း၊ ၂၅ နှစ်ကာလ သုံးသပ်ချက်၊ အားနည်းချက်၊ အားသာချက်များကို ပြည်သူကိုယ်စားပြုသော ကိုယ်စားလှယ်များကို လာရောက်ရှင်းလင်းလျှင် Policy Maker ဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ အနာဂတ်စီမံကိန်းများတွင် အကြံပြုချင်သောဆွေးနွေး ချက်များလည်း ရှိနိုင်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဖြေကြားသော အစိုးရဌာနသို့ သုံးသပ်ချက်များ တင်ပြ ပြီး ပြည်ထောင်စု လွှတ်တော်၌ ရှင်းလင်းတင်ပြရန် အစီအစဉ်မရှိဟု ဆိုသည်မှာ ဟုတ်ပါသလား။ အဘယ့်ကြောင့် မိမိတို့ကို ရှင်းလင်းတင်ပြရန် အစီအစဉ်မရှိသည်ကို သိရှိလိုကြောင်း ထပ်မံမေးမြန်းပါသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဒေါ်လဲ့လဲ့သင်း မှ ပြန်လည်ဖြေကြားပါသည်။

၅ နှစ်စီမံကိန်းသည် ဆွေးနွေးညှိနှိုင်းဆောင်ရွက် ရေးဆွဲနေဆဲဖြစ်သည့်အတွက် အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက် ရယူမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင်ထားပြီးဖြစ်သော်လည်း မိမိတို့အနေဖြင့် ပြန်လည်တင်ပြမည်ဖြစ်ပါကြောင်း။ သက်ဆိုင်ရာစီမံကိန်းအလိုက် ၄ နှစ်၊ ၅ နှစ် စသဖြင့်လည်းတင်ပြပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ ရှင်းလင်းတင်ပြခြင်းဖြစ်ပါကြောင်း၊ ၂၅ နှစ်ကာလတွင် သုံးသပ်ချက်အရ အားနည်းချက်များ၊ အားသာချက်များ မည်မျှရှိပါသနည်း။ ရှင်းလင်းတင်ပြရမည်ဆိုပါက အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အနေဖြင့် လာရောက်၍ ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်းကို ရှင်းလင်းဖြေကြားပါသည်။

ဦးကြည်သာ (ဂွ) မှ ဆက်စပ်မေးခွန်း ဆက်လက်မေးမြန်းပါသည်။

ဆရာဦးစိုးသာကိုပေးထားသော စာအုပ်ကို မိမိလည်း ငှားယူ၍ ဖတ်ရှုရပါကြောင်း၊ ပြန်ပြင်သော စာပိုဒ်ကို နောက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးထံသို့ ဝေပေးသင့်ကြောင်း ဆက်လက် မေးမြန်း ပါသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်လဲ့လဲ့သင်း မှ ပြန်လည်ဖြေကြားပါသည်။

ပြန်ပြင်သော စာပိုဒ် အကုန်ပြီးသွားလျှင် မိမိတို့မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကြီးများထံ သို့ ဖြန့်ဖြူးပေးမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။