(ခ)-ကျောက်မီးသွေးသုံးစက်ရုံများနိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်၍နိုင်ငံသားများအားအဖိုးနှုန်းချိုသာသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၃)

ကလေးဝဒေသရှိ ကျောက်မီးသွေးစက်ရုံ တည်ဆောက်စဉ်က ကျောက်မီးသွေး စက်ရုံမှ ထွက်ရှိလာမည့် ဆိုးကျိုးများ သံသယများနှင့်ပတ်သက်၍ မိမိအနေဖြင့် မေးခွန်းတစ်ခု မေးခဲ့ဖူးပါကြောင်း၊ ဒုတိယအနေဖြင့် ကျောက်မီးသွေး ၏ ဖြစ်တည်မှုပမာဏကို မေးခဲ့ပြီး ယနေ့မှာ ယခင်မေးခွန်းများမှ အဖြေကို စုစည်းပြီး သံသယရှိခဲ့သည်များကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့သည့် အတွက် ထပ်ဆင့်မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းနှင့် ပတ်သက်ပြီး ဆက်စပ် ကျိုးကြောင်းတင်ပြရပါက ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ များတွင် သူတို့နိုင်ငံမှထုတ်ယူရရှိသော ရေနံ သဘာဝဓါတ်ငွေ့နှင့် ကျောက်မီးသွေးများ အသုံးပြုပြီး လျှပ်စစ် ဓါတ်အား သုံးစွဲမှု မလုံလောက်၍ အခြားတိုင်းပြည်များမှ ဝယ်ယူတင်သွင်းပြီး သယ်ယူစရိတ်၊ ကိုင်တွယ်စရိတ်များ ကြီးမြင့်စွာကုန်ကျခံပြီး ဓါတ်အားထုတ်လုပ်လျက် အသုံးပြုနေကြရပါသည်။ ထို့ကြောင့်လည်း ထိုနိုင်ငံများ၏ စီးပွားရေးများ၊ လူမှုရေးများနှင့် ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ခံစားနေကြရပါကြောင်း။

ပြည်ထောင်စု လွှတ်တော်နာယကကြီးနှင့် ထိုင်းတော်ဝင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်တွင် မိမိအနေဖြင့် လိုက်ပါခွင့်ရခဲ့ပြီး ခရီးစဉ်အရ လွှတ်တော်ဥက္ကဋ္ဌများ၊ ထိုင်းတော်ဝင်မိသားစုများ၊ ဝန်ကြီးချုပ်အစိုးရအဖွဲ့များ၊ ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအခြေစိုက် CPU အဖွဲ့ဝင် လုပ်ငန်း ဥက္ကဋ္ဌများ၊ Truce PTT BLCP Company ဥက္ကဋ္ဌများနှင့် ဆွေးနွေးပြီး နှစ်နိုင်ငံ အကျိုးအမြတ်ရှိမည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ညှိနှိုင်း ပြုလုပ်ခဲ့ကြရာ CPU Group ကုမ္ပဏီများ၏ စက်ရုံများလည်ပတ် နေမှုစနစ်ကို မိမိတို့ကော်မတီမှ လေ့လာခွင့်ရခဲ့ပါကြောင်း၊ လေ့လာချက် အရ ကျောက်မီးသွေးသုံးစက်ရုံနှင့် ပတ်သက်ပြီး မိမိတို့တွေးထင်နေသည့် အားနည်းချက်များ နည်းပါးသည်ကိုလည်း တွေ့ရှိရပါကြောင်း။

ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်မီးရရှိရန် ကျောက်မီးသွေးလုံလောက်မှု မရှိသည့်အတွက်  မလေးရှားနှင့် သြစတေးလျနိုင်ငံတို့မှ ကုန်ကျစရိတ်များစွာဖြင့် ဝယ်ယူသုံးစွဲရပါကြောင်း၊ ထိုစက်ရုံကြီးကို ၂၀၀၆ခုနှစ် ကတည်းက တည်ဆောက်ခဲ့ပြီး စက်ရုံဝင်းအတွင်းရှိ သစ်ပင်များမှာလည်း မိမိတို့ထင်မြင်မိသလို မဟုတ်ပဲ စိမ်းစိမ်းစိုစိုရှိနေပါကြောင်း၊ ထို့ပြင် စွန့်ပစ်ပစ္စည်းများဖြစ်သော ပြာများကိုလည်း ဘိလပ်မြေလုပ်ငန်းများ၊ ကလေးကစားစရာအရုပ်များ စသည့် လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါကြောင်း၊ အဆိုပါစက်ရုံမှာ မဂ္ဂါဝပ် ၅၀၀၀ ခန့် ထုတ်လုပ်ပြီး သူတို့အလုပ်ရုံ၊ စက်ရုံ၊ အသား၊ ငါး၊ ကြက်ဥများ ထုတ်သည့် နေရာများကို ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း စသည်တို့ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း။

ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများနှင့် မိမိတို့ မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်ရာ လျှပ်စစ်ဓါတ်အားမှာ ယနေ့အထိ တိုင်းပြည်အတွက် အလိုအပ်ဆုံး ပစ္စည်းဖြစ်ပြီး လျှပ်စစ်ဓါတ်အားရှိမှ ခေတ်မှီဖွံ့ဖြိုးခြင်း၊ လူမှုပတ်ဝန်းကျင် တိုးတက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကို ပြုပြင်နိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏  အလိုအပ်ဆုံးဖြစ်သော လျှပ်စစ် ဓါတ်အားစက်ရုံများကို မည်သည့်နည်းနှင့်ပင်ဖြစ်စေ တည်ဆောက်သင့်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်သူများခေတ်မှီဖွံ့ဖြိုးတိုးတက်သော လူမှုဘဝ၊ စီးပွားရေးဘဝ၊ အသိပညာ၊ အတက်ပညာ ဖွံ့ဖြိုးသောဘဝများသို့ ရောက်ရှိနိုင်ရန်သယံဇာတဖြစ်သော ကျောက်မီးသွေးကိုသုံး၍ စက်ရုံအလုပ်ရုံနှင့် လုပ်ငန်းဌာနများ တည်ဆောက်လုပ်ကိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်း၍ မေးခွန်းသုံးခု မေးမြန်းလိုပါကြောင်း။

မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အပြင် မည်သည့်မြို့နယ် မည်သည့်ဒေသတွင် ကျောက်မီးသွေး ထွက်ရှိမှု ရှိနေသော နေရာများနှင့် ကျောက်မီးသွေးသိုက်များ၏ ပမာဏကိုလည်း သိလိုပါကြောင်း။

မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိနေ၍ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများနှင့် လူနေသိပ်သည်းမှုကြောင့် နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာ ချောင်ချိရေး အတွက် အဟန့်အတားဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ ကျောက်မီးသွေးထွက်ရှိရာဒေသနှင့် မြေလွတ်မြေရိုင်းများစွာ ရှိသော ကျေးလက်ဒေသများတွင် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ တည်ထောင်၍ မြို့ပြနှင့် ကျေးလက်အချိုးညီ တိုးတက်စေအောင် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအတွက် CPU Group မှ BLCP Company Power Company သည် လျှပ်စစ်ဓါတ်အားများထုတ်ယူရန် နိုင်ငံခြားတိုင်းပြည်များဖြစ်သော သြစတေးလျနှင့် မလေးရှားတို့မှ ကျေက်မီးသွေးဝယ်ယူ၍ သယ်ယူစရိတ်များစွာဖြင့် လျှပ်စစ်ဓါတ်အားထုတ်ယူ သုံးစွဲလျက်ရှိပါသည်။ထိုလုပ်ငန်းများကို ထိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက် ထုတ်လုပ်ရခြင်း ဖြစ်ပါ၍ ၎င်းထိုင်းနိုင်ငံရှိ BLCP Company Power Company သုံးကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည်များ အားလုံးတို့အတွက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ထွက်ရှိရာ ဘေးထွက်ဆိုးကျိုး ကင်းမဲ့သော၊ နည်းပါးသော စက်ရုံမှ ထုတ်ပေးနေပါသည်။ ထိုသို့ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှု၊ ကင်းမဲ့မှု နည်းပါးခြင်းကြောင့်သာ ထိုင်းအစိုးရမှ ခွင့်ပြုခြင်း ဖြစ်ပါသည်။ ၎င်းစက်ရုံကို ၂၀၀၆ ခုနှစ်မှ တည်ဆောက်၍ ကျောက်မီးသွေးများကို ရေဖြင့်စင်ကြယ်အောင်ဆေးခြင်း၊ ဓါတုဆေးရည်ဖြင့် ဆေးကြောခြင်း များအသုံးပြု၍ ထွက်ရှိလာသော မီးခိုးများကိုလည်း ခေတ်မှီ ဓါတုပစ္စည်းများ သုံး၍ ပြာများလွင့်မှု၊ လေနှင့်အတူ ပါဝင်မသွားစေရန် မီးခိုးများကိုလည်း ခေါင်းတိုင်မှ အနည်းငယ်သာ ထွက်စေရန် အဆင့်ဆင့်သော ပစ္စည်းများနှင့် ဓါတုပစ္စည်းများကိုလည်း သုံး၍ တည်ဆောက်ပြီး ထွက်ရှိ သော ကျောက်မီးသွေးပြာများမှ ဘီးလပ်မြေ(သို့မဟုတ်)ပလာစတာဖြင့် လုပ်သော ချစ်စရာ အရုပ်ကလေးများ ထုတ်လုပ်၍ စွန့်ပစ်ပစ္စည်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်နေပါသည်။ သို့ပါ၍ အလားတူ ကျောက်မီးသွေးသုံးစက်ရုံများ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားစက်ရုံများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသတို့တွင် မြန်မာနိုင်ငံအစိုးရနှင့် အခြားအစိုးရများ ဦးစီးသောစက်ရုံများ၊ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများပေါင်း၍ တည်ဆောက်သော စက်ရုံများ၊ မြန်မာတိုင်းရင်းသား ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်း၍ တည်ဆောက်ခြင်း၊ မြန်မာတိုင်းရင်းသားပိုင်ကုမ္ပဏီများ တည်ဆောက်ခြင်း လုပ်ငန်းများကို ထိုင်းနိုင်ငံသုံး BLCP Company Power Company ကဲ့သို့ လျှပ်စစ်စွမ်းအားထုတ် ကျောက်မီးသွေးသုံးစက်ရုံများ၊ ၎င်းထက်သာသော စက်ရုံများကို နိုင်ငံအဝှမ်းတွင် တည်ဆောက်၍ ပြည်သူများအား အဖိုးနှုန်းချိုသာစွာဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးခွန်း နံပါတ် (၁) မေးမြန်းချက်အရ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အပြင် ကချင်၊ ကယား၊ ရခိုင်၊ ရှမ်းပြည် နယ်များနှင့် မကွေး၊ မန္တလေးတိုင်း၊ တနင်္သာရီ၊ ဧရာဝတီ ၊ ပဲခူးတိုင်း ဒေသကြီးများတွင် တင်ပြပါအတိုင်း ကျောက်မီးသွေးများ ထွက်ရှိနိုင်ပြီး ထွက်ရှိနိုင်မှုပမာဏကိုလည်း သတ္တုတွင်းဝန်ကြီးဌာနမှ ရရှိသော ကျောက်မီးသွေး အရင်းအမြစ်များ စာရင်းအဖြစ် တင်ပြပြီးဖြစ်ပါကြောင်း၊ လစ်ဂနိုက်သည် သက်နုကျောက်မီးသွေးဖြစ်ပြီး အပူစွမ်းအင် ၅၅၀၀ မှ ၈၃၀၀ BTU/ lb ကြား၊ ဆပ်ဘီ ကျူးမီးနပ်စ်သည် သက်လတ် ကျောက် မီးသွေးဖြစ်ပြီး အပူစွမ်းအင် ၈၃၀၀ မှ ၁၃၀၀၀ ကြား BTU/ lb ၊ ဘီကျူးမီးနပ်စ်သည် သက်ရင့်ကျောက်မီးသွေးဖြစ်ပြီး အပူစွမ်းအင် ၁၁၀၀၀ မှ ၁၅၀၀၀ BTU/ lb ကြား ရှိပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီးတွင် ထွက်ရှိနိုင်သော ကျောက်မီးသွေးပမာဏသည် ဆက်ဘီကျူးမီးနပ်စ်အဖြစ် ၂၄၉.၇၉ သန်း မက်ထရစ်တန်ပေါင်းဖြစ်ပြီး လစ်ဂနိုက်ကျောက် ကျောက်မီးသွေး တန်ချိန်ပေါင်း ၆ သန်း  ထွက်သည့် အတွက် အများဆုံးထွက်ရှိနိုင်သော ကျောက်မီးသွေးသိုက်ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃.၂၄ သန်း ဆပ်ဘီကျူးမီးနပ်စ် ၂၃ သန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆပ်ဘီကျူးမီးနပ်စ် ကျောက် မီးသွေး တန်ချိန် သန်း ၄၀  ထွက်ရှိနိုင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တီကျစ်ကျောက်မီးသွေး စက်ရုံကို ၂၀၀၄ ခုနှစ်တွင် စတင်လည်ပတ်ထုတ်လုပ် မောင်းနှင်လျက်ရှိပါကြောင်း၊ ယခုအချိန်သည် သက်တမ်း ၉ နှစ်ခန့် မောင်းနှင်ထားရှိပြီး အင်ဒိုနီးရှားနိုင်ငံ PNL လျှပ်စစ်ကုမ္ပဏီမှ ကျောက်မီးသွေးထုတ်လုပ်သော ပညာရှင်များ လာရောက်လေ့လာ စဉ် ပြောကြားချက်အရ နောက်ထပ် ၁၉ နှစ်ခန့် ကျောက်မီးသွေး ထုတ်ယူသုံးစွဲနိုင်သည်ကို သိရှိရပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံဒေသတွင် ထွက်ရှိနိုင်မည့် ကျောက်မီးသွေးမှာ ဆပ်ဘီကျူး မီးနပ်စ်အမျိုးအစား ၁၂၂.၃ သန်း၊ လစ်ဂနိုက်ကျောက်မီးသွေး ၃၂ သန်းခန့် ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ကျောက်မီးသွေးပမာဏမှ စစ်ကိုင်းတိုင်း၊ ကလေးဝနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံတို့တွင် အများဆုံး ရှိနေကြောင်းကိုတွေ့ရှိရပြီး ဒေသအသီးသီးတွင် ကျောက်မီးသွေး တန်သန်းပေါင်း ၅၄၀ ခန့် အရင်း အမြစ်ရှိကြောင်း၊

မေးခွန်းနံပါတ်  (၂) အရ ကျောက်မီးသွေးထွက်ရှိရာဒေသနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစွာ ရှိသည့် ကျေး လက်ဒေသများတွင် သယံဇာတဖြစ်သော ကျောက်မီးသွေးသုံးစွဲပြီး စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ တည် ထောင်၍ မြို့ပြနှင့်ကျေးလက်ဒေသ အချိုးညီတိုးတက်စေရန် ဆောင်ရွက်ခြင်းအတွက် ပြည်တွင်းပြည်ပမှ ကုန်ကြမ်းများရရှိမှု၊ လျှပ်စစ်၊ ရေ၊ ဆက်သွယ်ရေးစသည့် သွင်းအားစုများတည်ရှိလျှင် ကုန်ထုတ်လုပ်မှုလုပ်ငန်း အမျိုးအစားကိုလိုက်ပြီး စက်မှုလုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများ တည်ထောင်မှုရရှိမည်ဖြစ်ပါကြောင်း၊ ကုန်ကြမ်းနှင့် ကုန်ချောသယ်ယူရန် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း၊ ကျောက်မီးသွေးထွက်ရှိရာ ကလေးဝမြို့အနီး စက်မှုဇုန်တစ်ခုကို တည်ထောင်ဆောင်ရွက် ထားရှိပြီး ဖြစ်သည့်အပြင် ကျောက်မီးသွေး သုံးဓာတ်အားပေး စက်ရုံကိုလည်း ၎င်းမြို့အနီးတွင် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေ သကြီး၊ ကော့သောင်းမြို့နယ်တွင် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်သော သန်းဖြိုးသူကုမ္ပဏီလီမိတက်မှ လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို တည်ဆောက် ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် လုံးရုံးဒေသတွင် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သော ငွေရည်ပုလဲ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ ၁၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သောကျောက် မီးသွေးသုံးဓာတ်အားပေးစက်ရုံနှင့် တစ်ရက်လျှင် တန် ၁၀၀၀ ကျ ပုဂ္ဂလိကဓာတ်အားပေးစက်ရုံကို တည်ဆောက်ထားပြီးဖြစ်ပြီး စက်ရုံလည်ပတ်နေချိန်တွင် ဒေသဖွံ့ဖြိုးရေး၊ ဒေသတွင်း အလုပ်အကိုင်ရရှိရေးနှင့် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောက်မီးသွေးမှ ဓာတ်အားထုတ်လုပ်နိုင်သည့်အတွက် လောင့်ဖန်ရွာ တွင်လည်း လျှပ်စစ်မီးသုံးစွဲခွင့်ရရှိနေပြီဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သော Lumpoondum ကုမ္ပဏီလီမိတက်မှ ပထမအဆင့်အနေနှင့် ၁၂.၅ မဂ္ဂါဝပ်စက် ၂ လုံးပါဝင်သော စက်ရုံတစ်ရုံနှင့် ဒုတိယအဆင့်အနေဖြင့် ၄၀၀ မှ ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ရုံ စုစုပေါင်းစက်ရုံ နှစ်ရုံ တည်ဆောက်သွားရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးပြီး ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုတွင်း ပြည့်မီစွာ ဖြည့် ဆည်းပေးနိုင်ရန် အကောင်အထည်ဖော် တည်ဆောက်ခြင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များကို B.O.T စနစ်အခြေခံဖြင့် အကောင်အထည်ဖော်တည်ဆောက်ခြင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံသူအနေဖြင့် နိုင်ငံတော် အစိုးရနှင့် နိုင်ငံသား ကုမ္ပဏီတို့ ပူးပေါင်းပြီး JV/ B.O.T စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခြင်း စသည့် နည်းလမ်း ၃ သွယ်ချမှတ်ပြီး လျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ်ရှိသော တီကျစ် ဓာတ်အားပေးစက်ရုံသည် ၂၀၀၄ ခုနှစ်မစပြီး ဓာတ်အားစတင်ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသား လုပ်ငန်းရှင်များမှ B.O.T စနစ်အခြေခံဖြင့် ဆောင်ရွက်မည့် Virtue Land Co., Ltd. သည် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် ရန်ကုန်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ပထမအဆင့်ကို မဂ္ဂါဝပ် ၃၀၀ ဖြင့် တည်ဆောက်ရန် MOU လက်မှတ်ရေး ထိုးပြီး ဖြစ်မြောက်နိုင် စွမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာတင်ပြလာချက် အပေါ် အစီရင်ခံစာပါ တွက်ချက်မှုများကို ဝန်ကြီးဌာနမှစိစစ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းမှုကို တွက်ချက်ပြီး စက်ရုံတည်ဆောက်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု JV/ B.O.T စနစ်ကို အခြေခံပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ ညှိနှိုင်းထားရှိမှု အခြေအနေကို တင်ပြထားပါကြောင်း၊          ရန်ကုန်ကျောက်မီးသွေး၊ ထန်းတပင်ဒေသတွင် အကောင်အထည် ဖော်မည့် Huan eng Lancang River Hydropower Co., Ltd. နှင့် ထူးကုမ္ပဏီတို့ပေါင်းပြီး ပထမအဆင့် ၂၇၀ မဂ္ဂါဝပ် Facility Report ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ တင်ပြပြီးဖြစ်ပါကြောင်း၊ ကလေးဝ ကျောက်မီးသွေးစက်ရုံ ISDN Holding Co., Ltd နှင့် ထွန်းသွင် Mining Co., Ltd တို့ မထမအဆင့် ၂၇၀၊ ဒုတိယအဆင့် ၂၇၀ မဂ္ဂါဝပ်ဖြစ်ပါကြောင်း၊ ဘုတ်ပြင်းကျောက်မီးသွေးစက်ရုံ Cwave Global  ကုမ္ပဏီနှင့် 24 Hours Mining & Industry Co., Ltd တို့အား ၅၀၀ မဂ္ဂါဝပ်ရှိသော စက်ရုံကို လေ့လာဆဲ ဖြစ်ပါကြောင်း၊ သီလဝါ အထူးစီးပွားရေး ဇုန် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတည်ဆောက်ရန် Toyo- Thai Corporation Co., Ltd ထိုင်းနိုင်ငံ အခြေစိုက်နှင့် ပထမအဆင့် ၆၅၀ မှ ၁၂၀၀ မဂ္ဂါဝပ်အဆင့် ကျောက်မီးသွေးစက်ရုံ အတွက် လေ့လာဆောင် ရွက်ဆဲဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းဒေသတွင် အိန္ဒိယနိုင်ငံအခြေစိုက်  Tata Power Co., Ltd က ၅၄၀ မဂ္ဂါဝပ်ရှိသော ကျောက်မီးသွေးစက်ရုံစီမံကိန်းအတွက် လေ့လာဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီး တင်ပြသောတင်ပြသော ကျိုင်းတုံတွင် Lumpoondum Co., Ltd နှင့် ၄၀၀ မှ ၅၀၀ မဂ္ဂါဝပ်အဆင့်ရှိသော ဓာတ်အားပေးစက်ရုံအတွက်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ထို့အတူ ရန်ကုန်တိုင်း၊ ကျောက်တန်းဒေသတွင် Oragne Power generation Private Co., Ltd နှင့် Global Advisors pte Co., Ltd၊ Diamond Palace Services Co., Ltd တို့သည်  ၅၀၀ မဂ္ဂါဝပ်ရှိသော စီမံကိန်းအတွက်လည်း ဖြစ်မြောက်နိုင်စွမ်းလေ့လာလျက်ရှိပါကြောင်း၊ JV/ B.O.T စနစ်နှင့် စီမံကိန်း ၈ ခုကို MOU လက်မှတ်ရေးထိုးပြီးဖြစ်သည့်အပြင် စက်ရုံတည်ဆောက်ချိန်တွင် သန့်ရှင်းသောကျောက်မီးသွေးသုံး နည်းပညာ Clean Coal Technology ကိုလည်း အခြေခံဆောင်ရွက်စေမည် ဖြစ်ပါကြောင်း၊ ထိုစီမံကိန်းများ အ နက် ကလေးဝနှင့်ကျိုင်းတုံ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ စီမံကိန်းများမှ ထွက်ရှိသော ပြည်တွင်း ကျောက် မီးသွေး အရင်းအမြစ်များကို သုံးစွဲမည်ဖြစ်ပြီး ကျန်စက်ရုံများသည် အင်ဒိုနီး ရှားနိုင်ငံနှင့် သြစတြေးလျ နိုင်ငံ များမှ ကျောက်မီးသွေးများကို တင်သွင်းအသုံးပြုမည်ဖြစ်ပါကြောင်း။

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို တည်ဆောက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကိုညစ်ညမ်းစေသည့် ဆိုးကျိုး ထွက်ရှိမှုကို ထိန်းချုပ်ရန်အတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများတွင်  လိုက်နာ ဆောင်ရွက်ရမည့် Clean Coal Technology လုပ်ငန်းစဉ် ကျောက်မီးသွေးများကို စနစ်တကျဆေးကြောသန့်စင်ခြင်း၊ စုပုံထားသောနေရာတွင် ရေဖျန်းပြီး အမှုန်အမွှားများ မထွက်စေရန် ဆောင်ရွက်ပေးခြင်း၊ Electrostatic Precipitators နှင့် Fabric Filter တပ်ဆင်ပြီး ကျောက်မီးသွေးပြာများကို ဖယ်ထုတ်ခြင်း၊ ဆာလဖာဒိုင်အောက် ဆိုဒ်လျော့ကျရန်အတွက် Flue Gas Desulphurization စနစ်ကို အသုံးပြုခြင်း၊ နိုက်ထရိုဂျင်အောက် ဆိုဒ်လျော့ကျရန်အတွက် Re- burning Techniques (သို့) Selective  Catalytic Reduction အသုံးပြုခြင်း၊  Thermal Efficiency ကို ၄၆ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့် မြှင့်တင်ပေးခြင်း၊ ကျောက်မီးသွေးတွင် ပါဝင်သော ဆာလဖာ Level ကိုနိမ့်ကျစေပြီး ကျောက်မီးသွေးမှ Fly Ash ပြာများထွက်ရှိမှုကို လျော့ကျစေပြီး Ultra- Clean Coal ဖြစ်ပေါ်စေမည့် New Processing Technology ကို အသုံးပြုခြင်းနှင့် Integrated Gasification Combined Cycle နည်းပညာအသုံးပြုခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလျော့ကျဖို့အတွက် Sequestration Technology အသုံးပြုဖမ်းယူပြီး မြေကြီးအောက်အနက်ပိုင်း သမုဒ္ဒရာထဲတွင် သိုလှောင်စွန့်ပစ်ခြင်းစသည့် Clean Coal Technology ကိုအသုံးပြုခြင်း စသည့် လုပ်ငန်းစဉ် ၈ ရပ်ကို ထည့်သွင်းဆောင်ရွက်ရန် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဖော်ပြပါ ကုမ္ပဏီများကို ညွှန်ကြားထားပါကြောင်း၊ ပတ်ဝန်းကျင်ကိုထိခိုက်စေမည့် ဘေးထွက် ဆိုးကျိုးများကို လျော့ချပြီး နိုင်ငံတကာမှာဆောင်ရွက်နေသော နည်းစနစ်များအတိုင်း ဆောင်ရွက်ရန် ဖော်ပြပါကုမ္ပဏီများကို ညှိနှိုင်းဆွေးနွေးညွှန်ကြားထားပါကြောင်း။

ကမ္ဘာ့နိုင်ငံများ ဆောင်ရွက်လျက်ရှိသော အတွေ့အကြုံများကိုရယူပြီး ဝန်ကြီးဌာနအနေဖြင့် မိမိတို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ကို မထိခိုက်စေရန် Clean Coal Technology ကိုအသုံးပြုပြီး ကမ္ဘာ့ဘဏ်မှသတ်မှတ်ထားသော စွန့်ပစ်ပစ္စည်းစံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည် မြှင့် မားသော ကျောက်မီးသွေးသုံးစက်ရုံများကိုသာ တည်ဆောက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုစေမည့် စက်မှုလုပ်ငန်းများ တည်ထောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှစတင်ပြီး ၁၂၀ မဂ္ဂါဝပ်ရှိသော တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတစ်ရုံတည်းသာ လည်ပတ်ခဲ့သော်လည်း ကမ္ဘာ့နိုင်ငံ အသီးသီး တွင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ ထုတ်လုပ်သုံးစွဲနေမှုအခြေအနေမှာ South Africa တွင် ၉၃ %၊ Poland နိုင်ငံတွင် ၈၇ %၊   တရုတ်နိုင်ငံတွင် ၇၉ %၊ Australia နိုင်ငံတွင် ၇၈ %၊  India နိုင်ငံတွင် ၆၈ %၊ Indonesia နိုင်ငံတွင် ၅၀.၃၅ %၊ အမေရိကန်နိုင်ငံတွင် ၄၅ %၊  Germany နိုင်ငံတွင် ၄၁ %၊ ထိုင်းနိုင်ငံတွင် ၂၅.၄ %  အသီးသီး ရှိကြပါကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်ရှိ စွမ်းအင်အရင်းအမြစ် များတွင်  ကျောက်မီးသွေးမှ ဓာတ်အားထုတ်လုပ်သုံးစွဲမှုသည် ကမ္ဘာပေါ်ရှိ စုစုပေါင်းဓာတ်အားထုတ်လုပ်မှု၏ ၄၁ ရာခိုင်နှုန်းကို ကျောက် မီးသွေးမှ ထုတ်လုပ် သုံးစွဲနေရခြင်းဖြစ်ပါကြောင်း၊ ကျောက်မီးသွေး ၄၁ ရာခိုင်နှုန်း၊ ဟိုက်ဒရို ၁၆ ရာခိုင်နှုန်း၊ ဆီ အမျိုးမျိုး ၅ ရာခိုင်နှုန်း၊ Gas ၂၁ ရာခိုင်နှုန်း၊ Nuclear ၁၃ ရာခိုင်နှုန်းနှင့်  Renewable Energy ၃ ရာခိုင်နှုန်းသာ အသီးသီး ဓာတ်အားထုတ်လုပ်သုံးစွဲနေခြင်းဖြစ်ပါကြောင်း၊  

မိမိတို့ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ယခုအခြေအနေ တွင်  ရေအားလျှပ်စစ်နှင့် ထုတ်လုပ်သော ဓာတ်အားပမာဏသည်  စုစုပေါင်းထုတ်လုပ်သော ဓာတ်အား၏ ၇၇ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် နွေရာသီ ရေနည်းကာလများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် မလုံလောက် သဖြင့် Generation Mix ဆိုသည့် အချိုးကို ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် အခြားသောပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သော  လေ၊ နေစွမ်းအင်တို့ကိုလည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီ သော  အချိုးအတိုင်း ထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှု၊ ဝယ်ယူမှု ကုန်ကျ စရိတ်များ အနေနှင့် ရေအားလျှပ်စစ်ကို ဝန်ကြီးဌာနမှ ၂၀ ကျပ် အောက်နှင့် ထုတ်လုပ်ပြီး၊ ရွှေလီစက်ရုံက ၃၂ ခန့် နှင့် လည်းကောင်း၊ သောက်ရေခပ် (၂) မှ ၇၀ ကျပ်ခန့် လည်းကောင်းဝယ်ယူပြီး၊ သဘာဝဓာတ်ငွေ့စက်ရုံများမှ ကျပ် ၁၂၀ ခန့် ရှိပါကြောင်း၊  မိမိတို့လေ့လာချက်များအရ ကျောက်မီးသွေးကထုတ်လုပ်သော ဓာတ်အားအတွက် တစ်ယူနစ်ကို ကျပ် ၁၀၀ ခန့်၊ နေရောင်ခြည်စွမ်းအင်မှ တစ်ယူနစ်ကို ၁၆၀ ကျပ်ခန့်အောက် ဝယ်ယူရရှိမည်ဟု ခန့်မှန်းပါကြောင်း၊  မြန်မာနိုင်ငံလူဦးရေ သန်း ၆၀၊ အင်ဒိုနီးရှားနိုင်ငံလူဦးရေ ၂၄၅ သန်း၊ ထိုင်းနိုင်ငံလူဦးရေ ၆၆.၃ သန်းတွင် ဓာတ်အားထုတ်လုပ် တပ်ဆင်အင်အားအနေဖြင့်  မြန်မာနိုင်ငံတွင် ၃၆၁၄ မဂ္ဂါဝပ်ခန့်၊ ထိုင်းနိုင်ငံတွင် ၃၁၅၁၇ မဂ္ဂါဝပ်ခန့်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၃၃၈၀၁ မဂ္ဂါဝပ်ခန့် စက်တပ်ဆင် အင်အားရှိသည့်အနက် ဓာတ်အားသုံးစွဲနေသည့်အခြေအနေမှာ ယနေ့မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် ၂၀၀၀ ခန့်၊ ထိုင်းနိုင်ငံတွင် မဂ္ဂါဝပ် ၂၄၀၀၀ ခန့်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂၇၀၀၀ ခန့်သုံးစွဲနေရကြောင်း၊  ကျောက်မီးသွေးမှထုတ်လုပ်သုံးစွဲသည့် ဓာတ်အား ပမာဏသည် မြန်မာနိုင်ငံတွင် ၁၂၀ မဂ္ဂါဝပ် ၃.၃၂ ရာခိုင်နှုန်း၊  အင်ဒိုနီးရှားနိုင်ငံတွင် ၅၀.၃၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၂၅.၄ ရာခိုင်နှုန်းထက် ကျောက်မီးသွေးမှ သုံးစွဲနေ ကြောင်း၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးပေါင်းပါက မြန်မာနိုင်ငံတွင် ရာခိုင်နှုန်းအားဖြင့် ၂၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၇၃ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၈၀ ရာခိုင်နှုန်း သုံးစွဲနေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်  နွေရာသီရေလျော့နည်းချိန်တွင် အပူစွမ်းအင်သုံးဓာတ်အားပေး စက်ရုံ တည်ဆောက်ထား မှု လျော့နည်းခြင်းကြောင့် ဓာတ်အားမလုံလောက်မှုကို တွေ့ကြုံခံစားနေရခြင်းဖြစ်ပါကြောင်း၊

မေးခွန်း (၃) အရ ထိုင်းနိုင်ငံတွင် BLCP Power ကုမ္ပဏီကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံကဲ့သို့ မြန်မာနိုင်ငံမှာတည်ဆောက်ပြီး နိုင်ငံသားများသို့ဖြန့်ဖြူးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ၏ ဓာတ်အားပေးစက်များ တပ်ဆင်ထားမှုကို လေ့လာ ထားရှိပြီးဖြစ်သည့်အတွက် ပြည်တွင်းမှ ထွက်ရှိသော ကျောက်မီးသွေးကို အသုံးပြုပြီး ဓာတ်အားပေးစက်ရုံနှစ်ခုကို ကလေးဝနှင့် ကျိုင်းတုံ ဒေသတို့တွင်လည်းကောင်း၊ ပြည်ပမှတင်သွင်းမယ့်  ကျောက်မီးသွေးကိုအသုံးပြုပြီး ကျန်နေရာ ၆ ခုတွင်လည်းကောင်း ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် MOU များရေးထိုးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်  ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာများကို တင်ပြထားပြီး ဖြစ်ပါကြောင်း၊  အစီရင်ခံစာများအပေါ် အသေးစိတ်တွက်ချက် ညှိနှိုင်းပြီး နှစ်ဖက် ညှိနှိုင်းမှု ဆောင်ရွက်ပြီးပါက လုပ်ငန်းများစတင်နိုင်ရန် MOU များလက်မှတ်ရေး ထိုးဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊  အဖိုးနှုန်းချိုသာစွာနှင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးရန် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမှုပြုလုပ်မည့် ကျောက်မီးသွေး စက်ရုံများ တည်ဆောက်ပြီး ပါက ၎င်းတို့ရောင်းချနိုင်မည့် ဈေးနှုန်း၊ မိမိတို့ဘက်မှ ဝယ်ယူနိုင်မည့် ဈေးနှုန်းတို့ကို အဓိကအချက်တစ်ခု အနေနှင့် နှစ်ဖက်ညှိနှိုင်းကြပြီး ရရှိမှု အခြေအနေကို အဆင့်ဆင့်တင်ပြ အတည်ပြုချက်များရယူကာ  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန် လည်ဖြေကြားပါသည်။