၁၇-၈-၂၀၁၃ ခုနှစ်ထုတ် Daily Eleven သတင်းစာတွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော တိရစ္ဆာန် အစားအစာဖြစ်သည့် ပဲပုတ်ဖတ်များတွင် မယ်လမင်း ဓာတ်များ ပါဝင်နေသည်ဟု ဖတ်ရှုရသဖြင့် စားသုံးသူများကို ကျန်းမာရေးဆိုးကျိုး မဖြစ်စေရန် ကာကွယ်နိုင်ရေးအတွက် မေးမြန်းရပါကြောင်း၊ မြန်မာနိုင်ငံတွင် ပဲဆီ၊ နှမ်းဆီ၊ ပဲပုတ်ဆီများကို ပြည်တွင်း-ပြည်ပမှတင်သွင်းသော စားအုန်း ဆီဈေးနှုန်းနှင့်ယှဉ်၍ မရောင်းနိုင်သည့်အတွက် ဆီစက်များ၏ ၆၀၊ ၇၀ % ရပ်ဆိုင်းနေ ရခြင်းကြောင့် ပြည်တွင်း၌ ကြိတ်ဝါးထုတ်လုပ်သော တိရစ္ဆာန် အစားအစာဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုတ်ဖတ်များ ရှားပါး လာ၍ ဈေးတက်လာ သည်ကို တွေ့ရှိရ ပါကြောင်း၊ သား၊ ငါး၊ ပုစွန်မွေးမြူသူများသည်လည်း တိရစ္ဆာန်အစာရှားပါးမှုကြောင့် အခက်အခဲများ ကြုံတွေ့နေရပြီး တချို့လုပ်ငန်းရှင်များ အရှုံးပေါ်၍ လုပ်ငန်းများ ရပ်ဆိုင်းထားပါကြောင်း၊ ထို့အပြင် သား၊ ငါး၊ ပုစွန်ဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းခန့် ကြီးမြင့်လာခြင်းကြောင့် မိမိတို့အနေဖြင့် တိရစ္ဆာန်အစားအစာ ရှားပါးမှုကို ဖြည့်ဆည်းပေးရန် အတွက် လိုအပ်သော တိရစ္ဆာန် အစားအစာများကို အမေရိကန်၊ အာဂျင်တီးနား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ စမ်းသပ်မှာယူ တင်သွင်းနေ သည်ကို တွေ့ရှိရပါကြောင်း၊ တရုတ်ပြည်မှ တင်သွင်းလာသော အဆိပ် အတောက်များပါဝင်နေသည့် တိရစ္ဆာန်အစားအစာများကြောင့် သား၊ ငါး၊ ပုစွန်တို့တွင် အဆိပ်အတောက်များ ပါဝင်နိုင်သည်ဟု ယူဆ မိသောကြောင့် စားသုံးသူတို့၏ ကျန်းမာရေးကို ဆိုးကျိုးများဖြစ်စေမည်ဟု သုံးသပ် တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စားသုံးသူများကို ကာကွယ်သောအားဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၀၈ ခုနှစ်အတွင်းက တရုတ်နိုင်ငံမှ ထုတ် လုပ်ခဲ့သော နို့မှုန့်နှင့် ကလေးအာဟာရမှုန့်များ၌ Melamine ဓာတ်ပါဝင်သည့်ဖြစ်စဉ် တွင် မြန်မာနိုင်ငံတွင်းသို့ နို့မှုန့်များ မဝင်ရောက်ရေးနှင့် ရောက်ရှိပြီးနို့မှုန့်များ သိမ်း ဆည်းဖျက်သိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အစားအသောက်ထဲတွင် တိုက်ရိုက်ရောနှောပါဝင်နေသည့် Melamine ဓာတ်ကို ဓာတ်ခွဲစစ်ဆေးနိုင်သော်လည်း တိရစ္ဆာန်အစာမှတစ်ဆင့် စားသောက်ကုန်ပစ္စည်းများတွင် ရောက်ရှိပါဝင်လာသော Melamine ဓာတ်ကို ဓာတ်ခွဲစစ်ဆေးနိုင်ခြင်း မရှိသေးပါကြောင်း၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ မှတ်တမ်းများအရ ပဲပုတ်ဖတ်ကို တရုတ်နိုင်ငံမှ တရားဝင် တင်သွင်းထားခြင်းမရှိသေးကြောင်းနှင့် တိရစ္ဆာန် အစာဖြစ်သော ပဲဖတ်များတွင် Melamine ပါဝင်မှုအား ကျန်းမာရေးဝန်ကြီးဌာနမှ တာ ဝန်ယူဓာတ်ခွဲစစ်ဆေးနိုင်ခြင်းမရှိဘဲ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းတို့မှ တာဝန်ယူဆောင်ရွက် လျှင် ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ပြင်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်တွင်းထုတ်လုပ်မှု၊ စာသုံးမှုကိစ္စရပ်များ တွင်လည်းကောင်း၊ ဘေးအန္တရာယ်ကင်းသော စားသောက်နေထိုင်မှုများ ဖြစ်ပေါ်လာရေးတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား တာဝန်ပေးဆောင်ရွက်လျက်ရှိရာ အာဆီယံယှဉ်ပြိုင်မှု မူဝါဒဥပဒေ နှင့် အာဆီယံစားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများအတွက် မြန်မာနိုင်ငံ၏ တာဝန်ခံဌာနအဖြစ် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား Focal ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတရုံးမှ တာဝန်ပေး အပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူရေး ရာဌာနခွဲအား ဖွဲ့စည်း၍ ကိစ္စရပ်များအား တာဝန်ပေးဆောင်ရွက်လျက်ရှိသည့်အပြင် သက်ဆိုင်ရာ တိုင်းဒေ သကြီးနှင့် ပြည်နယ်များတွင် စားသုံးသူရေးရာရုံးခွဲများ ဖွင့်လှစ်၍ ကိစ္စရပ်များအား ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ စားသုံးသူပြည်သူ လူထုတို့၏ အကျိုး ကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို စနစ်တ ကျ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ စားသုံးသူများအ တွက် ဘေးအန္တရာယ် ကင်းရှင်းစေပြီး ဥပဒေအရအာမခံချက်များကို ကာကွယ်စောင့်ရှောက် မှု ပေးနိုင်ရန်အတွက်လည်း လုပ်ငန်းကော်မတီအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေမူကြမ်းကိုရေး ဆွဲပြီး အတည်ပြုပြဋ္ဌာန်းနိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးနှင့် ဆက်စပ် လျက်ရှိသော ဥပဒေများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန် ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းကော်မတီတွင် ထုတ်ကုန်၊ ကုန်ထုတ် လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများအတွင်း စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသေးသော ထုတ်ကုန်များအပေါ် လျင်မြန်စွာ သတိပေးချက်ထုတ်ပြန်ကြေညာခြင်း၊ သတင်းအချက် အလက်ဖလှယ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း အာဆီယံနိုင်ငံများနှင့်အတူ လိုက်ပါ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှု ရှိသည့် ထုတ်ကုန်များ ပေးအပ်နိုင်ရေးနှင့် စားသုံးသူများအတွက် စံချိန်စံညွှန်းပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ စားသုံးသူ များအနေဖြင့် လုံခြုံစိတ်ချမှုမရှိသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့ကြောင့် ထိခိုက် နစ်နာမှုဖြစ်ပေါ်ပါက အရေးယူဆောင်ရွက်ပေးနိုင်ရေး၊ စားသုံးသူဆိုင်ရာ အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် စားသုံးသူ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စသည်ဖြင့် အကာအကွယ်ပေးရေးလုပ်ငန်းများကိုလည်း ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
သုံးသူပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းအား ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး ပြည်သူနှင့် လုပ်ငန်းရှင်များ၊ ပြည်ပမှတင်သွင်းလာသည့် စားသောက်ကုန်များတွင် ပြည်သူများကျန်းမာရေး ထိခိုက်မှု မရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအား အရည်အသွေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်သူများဘက်မှလည်း အသိတရားနှင့် သတိထားဆောင်ရွက်ရန် ပညာပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ စားသောက်ကုန်တင်သွင်းမှုနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော စားသောက်ကုန်များ ဖြစ်စေ ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ စားသုံးရန်သင့်ကြောင့် ထောက်ခံချက် ရရှိမှသာ တွင်သွင်းခွင့်ပြုမည်ဖြစ်ပါကြောင်း။
ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်ပတ်သက်၍ ပဲပုတ်ဖတ်များအား ပြည်တွင်းသို့တင်သွင်းလိုပါက ကုမ္ပဏီအနေ ဖြင့် ပစ္စည်းနမူနာရယူပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက် ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ နမူနာပေးပို့ရပြီး ဓာတ်ခွဲခန်းမှစစ်ဆေး၍ အန္တရာယ်ကင်းကြောင်းနှင့် သတ်မှတ်အရည်အချင်းပြည့်မီကြောင်း ထောက်ခံချက်ပါရှိမှသာ သွင်းကုန်လိုင်စင်ပြုပြီး တင်သွင်းစေခြင်း ဖြစ် ပါကြောင်း၊ တင်သွင်းသူလုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်ကြမ်းပစ္စည်းများတွင် မသင်္ကာဖွယ်ရာများ တွေ့ ရှိခဲ့ပါက စားသုံးသူအကာအကွယ်ပေးရေး အသိပညာအရ ပြန်လည်စစ်ဆေးမှု ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံသည် ပြည်ပနိုင်ငံမှ ကုန်ပစ္စည်းများ ဝယ်ယူရာတွင် နမူနာရယူ၍ အရည် အသွေးပြည့်ဝသော ကုန်ကြမ်းများအား နမူနာပေးပို့ပြီး တင်သွင်းလာချိန်၌ အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်း များ ရောနှော ပါဝင်လာသည့် ဖြစ်စဉ်ကိုလည်း ကြားသိနေရပါကြောင်း၊ ကုန်ရောင်းသူအနေဖြင့် မှားယွင်းပေးပို့မှုများရှိသကဲ့သို့ ကြိုတင်ကြံစည်မှုဖြင့် တင်ပို့ခြင်းများလည်း ရှိနိုင်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့ပါက အရောင်းအဝယ်စာချုပ်ပါ ကတိကဝတ်များအတိုင်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဌာနဆိုင်ရာမှလည်း ဆိုင်ရာသံရုံးမှတစ်ဆင့် စီးပွားရေး ဆိုင်ရာသံမှူးများထံ အကူအညီတောင်းခံ၍လည်းကောင်း၊ ကုန်သည်အသင်း အဖွဲ့အချင်းချင်း ညှိနှိုင်း၍သော် လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းဈေးကွက်သို့ လိုအပ်ချက်အရ တင်သွင်းလာသော စားသောက်ကုန်နှင့် တိရစ္ဆာန်အစားအစာများအား ပြည်တွင်းသို့တင်သွင်းရာ၌ သက်ဆိုင်ရာ အရည်အသွေးစိစစ်ရေးဌာန၏ ထောက်ခံချက်အရ စိစစ်တင်သွင်းခြင်း ဖြစ်ပါကြောင်းနှင့် စိစစ်ထောက်ခံချက် မပါသောပစ္စည်းများကို တွေ့ရှိရပါကလည်း စားသုံးရန်မသင့်သော ပစ္စည်းများအဖြစ် သတ်မှတ်၍ အများပြည်သူ သိရှိစေရန် နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းကြေညာခြင်း၊ ဖျက်ဆီးခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
