မြောက်ယမားဆည်မှ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တွင် တိုးချဲ့မြောင်းမကြီးများ ဖောက်လုပ်ခဲ့ပါကြောင်း၊ ယင်းမာပင်မြို့နယ်သည် လက်ဝဲမြောင်းဖြစ်ပြီး ပုလဲမြို့နယ်သည် လက်ယာမြောင်းဖြစ်ပါကြောင်း၊ ယင်းမာပင်မြို့နယ်၏ လက်ဝဲမြောင်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် နစ်နာမှုရှိသော လယ်ယာမြေများအတွက် တောင်သူများက လက်ယာမြောင်းတွင် ရသကဲ့သို့ လက်ယာမြောင်းအတွက် ၂၀၁၅-၂၀၁၆ တွင် ထိုက်သင့်သော နစ်နာကြေးပေးလျှော်ရန် လျာထားသည်ကို သိရှိရပါကြောင်း၊ မိမိတို့ မြို့နယ်က တောင်သူများလည်း ပါဝင်သွားသည့်အတွက် လယ်ယာမြေများအတွက် နစ်နာကြေးများရရှိလိုပါကြောင်း၊ မြောင်းမကြီးပြီးစီးသွားသည်မှာ ၂ နှစ် ကျော်ပြီဖြစ်သော်လည်း အမှန်တကယ် ရေသောက်နိုင်ရန်အတွက် လက်တံခွဲ၊ လက်တံသွယ် ရေယူမြောင်းများ ယနေ့အထိ ဆောင်ရွက်ခြင်းမရှိပါကြောင်း၊ လာမည် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်တွင်လည်း ထည့်သွင်းရာထားခြင်းများ မရှိပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောက်ယမားဆည်၏ ယင်းမာပင်မြို့နယ် လက်ဝဲမြောင်းမကြီး ဖောက်လုပ်ရာတွင် ပါဝင်နစ်နာမှုရှိခဲ့သော လယ်ယာမြေများအတွက် သက်ဆိုင်ရာဌာနမှ တောင်သူများအား ထိုက်သင့်သော နစ်နာကြေးများကို လက်ယာမြောက်နည်းတူ မည်သည့်ကာလတွင် ထုတ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပြီး မြောင်းမကြီးပြီးစီးနေသည်မှာ ၂ နှစ် ခန့်ကြာပြီဖြစ်သော်လည်း လယ်ယာမြေများ အမှန်တကယ် ရိတ်သွင်းစိုက်ပျိုးခြင်း ဆောင်ရွက်နိုင်ရန်အတွက် လက်တံခွဲ၊ လက်တံသွယ်နှင့် ရေယူမြောင်းများကို ၂၀၁၅-၂၀၁၆ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်ကာလတွင် အပြီးဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ လယ်ယာမြေများ စိုက်ပျိုးရေ ရရှိရေးအတွက် မြောက်ယမားရေးလှောင်တမံကို ၁၉၉၇-၁၉၉၈ ခုနှစ်တွင်လည်းကောင်း၊ မြောက်ယမားရေကူ ရေလှောင်တမံကို ၂၀၀၇-၂၀၀၈ ခုနှစ်တွင် လည်းကောင်း၊ တည်ဆောက်ပြီးစီးခဲ့ပြီး မြောက်ယမား၊ လက်ဝဲမြောင်းမကြီးတူးဖော်ခြင်း လုပ်ငန်းအား နှစ်စဉ်ခွဲဝေရရှိသော ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၄-၂၀၁၅ ခုနှစ်ကုန်အထိ မြောင်မကြီး အလျား ၁၃.၂၅ မိုင်အနက် ၁၁.၇၅ မိုင်၊ လက်တံမြောင်းအရ ၄၃.၅၃ မိုင်အနက် ၂၁.၇၈ မိုင်နှင့် တူးမြောင်းအဆောက်အအုံ ၄၆၆ ခုအနက် ၂၂၃ ခုကို ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ လက်ဝဲဆည်ရေသောက်စနစ်၏ ၇၀ ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ မြောက်ယမားဆည် လက်ဝဲမြောင်းမကြီး၏ ကျန်ရှိသောလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ လိုအပ်ချက်အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံခဲ့သော်လည်း လုပ်ငန်းဦးစားပေးအလိုက် ရန်ပုံငွေ စိစစ်လျော့ချရာတွင် ပါဝင်သွားပါကြောင်း။
သို့ပါ၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေ ထပ်မံတင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှုပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်း ယခင်အစိုးရလက်ထပ်တွင် ရေလှောင်တမံနှင့် ရေထိန်းတံခါးစီမံကိန်းများ ၃၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ယခင်အစိုးရကာလက တည်ဆောက်ဖွင့်လှစ်ပြီးစီး ခဲ့သော ရေလှောင်တမံများ၏ ဆည်ရေသောက်ဧရိယာအတွင်း ရေပေးမြောင်းများ တူးဖော်ခြင်းကို အများပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ထိုစဉ်ကတည်ရှိခဲ့သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြောက်ယမားဆည်၏ လက်ဝဲမြောင်းမကြီးနှင့် ဆက်စပ်သော ရေပေးမြောင်းများ တူးဖော်ခြင်းလုပ်ငန်းသည် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများ စတင်ပြဋ္ဌာန်းခဲ့သော ၂၀၁၂ ခုနှစ်၊ သြဂုတ်လ မတိုင်းမီအချိန်က ဆောင်ရွက်ခဲ့ပြီး ထိုစဉ်က တည်ရှိခဲ့သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် ကိုယ်စားလှယ်တော်ကြီး မေးမြန်းသော အဆိုပါတူးမြောင်းဖောက်လုပ်ရာတွင် ပါဝင်သည့် နစ်နာမှုရှိခဲ့သော လယ်ယာမြေများအတွက် နစ်နာကြေးပေးအပ်နိုင်ရန် နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြ တောင်းခံထားခြင်း မရှိပါကြောင်းနှင့် နစ်နာကြေးပေးအပ်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသောင်းဟန် (ယင်းမာပင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဖြေကြားချက်တွင် ၂၀၁၂ ခုနှစ် အရှေ့ပိုင်းက ဆောက်လုပ်ထားသော မြောင်းဖြစ်သည့်အတွက် နစ်နာကြေး ပေးအပ်နိုင်ခြင်း မရှိကြောင်း သိရှိရပါကြောင်း၊ မြောင်းသည် မပြီးသေးဘဲ ၇၀ ရာခိုင်နှုန်းသာ ပြီးသေးပါသဖြင့် ရှေ့ဆက်ပြီး လက်တံခွဲ၊ လက်တံခွဲများ ဖောက်လုပ်ပါက မိမိတို့မြို့နယ်က တောင်သူများကို ထိုက်သင့်သော နစ်နာကြေးကို ဝန်ကြီးဌာနမှ ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ၊ မြောင်းသည် ငွေချထားပေးခြင်း မရှိသည်မှာ ၂ နှစ်ခန့် ရှိနေပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ဌာနနှင့် မြောင်းကို တူးဖော်သည့် ကုမ္ပဏီများ ငွေရေးကြေးရေးပြဿနာရှိသည်ဟု ကြားသိရသည်မှာ မှန်ကန်မှုရှိ/မရှိ၊ ဆည်ရော၊ မြောက်ယမားဆည်ရော ဆည် ၂ ခုက ပေးမည့်ရေသည် လုံလောက်မှုရှိပြီး တောင်သူများကလည်း ကန့်ကွက်ခြင်းမရှိဘဲ လိုလိုလားလား ကြိုဆိုပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြှင့်တင်ဆောင်ရွက်ရန် သင့်လျော်သည့် ဆည်မြောင်းလုပ်ငန်းတစ်ခုအနေဖြင့် ဆည်မြောင်းလုပ်ငန်း ၆ ခုနှင့် ပူးတွဲပြီး တင်ပြသည့်အခါတွင်လည်း မိမိတို့မြို့နယ်က မြောင်းအတွက် နောက်ဆက်တွဲတွင် ထည့်သွင်းလျာထားခြင်း မရှိပါကြောင်း၊ နှစ်ကာလ အခြေအနေပေးနေသော မြောင်းတစ်မြောင်း၊ စိုက်ပျိုးရေ အလွယ်တကူရရှိနိုင်သော ဒေသတစ်ခု၏ လုပ်ငန်းကို နှစ်ကာလရှည်ကြာစွာ လစ်လျူရှုသကဲ့သို့ ဖြစ်နေခြင်းသည် နိုင်ငံတော်အတွက် မတည်ငြိမ်မှုများ ရှိနိုင်သည်ကို ဌာနအနေဖြင့် သုံးသပ်ထားရှိမှု ရှိ/မရှိ၊ ရှိပါက တောင်သူများ အမြင်ရှင်းစေရန် သက်ဆိုင်ရာ ကျေးရွာများကို ဆက်လက်ဆောင်ရွက်မည့်အကြောင်းနှင့် နောက်ပိုင်းလုပ်ဆောင်မည့် ဆည်မြောင်း လုပ်ငန်းများတွင် ထိုက်သင့်သော နစ်နာကြေးများ ပေးအပ်သွားမည်ဆိုသည်ကို သက်ဆိုင်ရာဌာနက ကျေးရွာများကို ကွင်းဆင်းရှင်းလင်းတင်ပြနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
မြောက်ယမားလက်ဝဲမြောင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ဆောင်ရွက်မည့် လက်ယာမြောင်းများ၊ အဆောက်အအုံများ တည်ဆောက်ရန် ဆက်လက်ဆောင်ရွက်မှုအပိုင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ ကွင်းဆင်းပြီး စိစစ်ပါကြောင်း၊ ထိုသို့ စိစစ်ပြီး တောင်သူလယ်သမားများ၏ ဆန္ဒကို ရယူပြီး နစ်နာကြေး တင်ပြတောင်းဆိုမှုရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ လက်ဝဲမြောင်းကို ရပ်ထားသည်နှင့် ပတ်သက်ပြီး ရန်ပုံငွေအခက်အခဲကြောင့် ရပ်ထားတာကလွဲရင် တခြားကိစ္စကြောင့် ရပ်ထားခြင်း မရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ရန်ပုံငွေမပါရှိသည့်အတွက် ၂၀၁၆-၂၀၁၇ ခုနှစ်မှစပြီး ပြန်လည်ပြီး လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးပြီး လိုအပ်ချက်ပေါ်မူတည်ပြီး ရန်ပုံငွေတင်ပြတောင်းခံမည့်စနစ် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
