(က)-ပင်လယ်ဒီရေအတက်အကျနှင့်ပင်လယ်လှိုင်း စွမ်းအင်ကိုအသုံးပြု၍မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်သင့်တော်သည့်နေ ရာ၊ ဒေသရှိပါသလား၊ရှိပါကမည်သည့်ကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၅)ရက်မြောက်နေ့ (၁၄.၇.၂၀၁၅)

ဦးရဲထွန်း (သံတွဲ)မိမိတို့ မြန်မာနိုင်ငံတွင် နှစ်စဉ် တိုးတက်လိုအပ်လာသော လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင်ဖြည့်ဆည်းပေးရန် နိုင်ငံတော်က လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် နည်းလမ်းများဖြင့် ထုတ်လုပ်ပြီး ဖြည့်ဆည်းပေးနေသည်ကို တွေ့ရှိ ရပါကြောင်း၊ ရေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ၊ သဘာဝသယံဇာတ စွမ်းအင်အသုံးပြုသည့် လျှပ်စစ် ထုတ်လုပ်မှုများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို တွေ့ရှိ ရပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် နည်းလမ်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် နည်းလမ်းများလည်း ပါဝင်နေပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တစ်ခုဖြစ်သော သဘာဝ၏ ပင်လယ်ဒီရေအတက်အကျနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပင်လယ်လှိုင်း၏ စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများဖြင့်လည်း လျှပ်စစ်ဓာတ်အား ရရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပင်လယ်ကန်းရိုးတမ်းအရှည်သည် မိုင်ပေါင်း ၁၅၀၀ ကျော်ရှိပြီး သဘာဝပင်လယ်ဒီရေ အတက်အကျသည်လည်း တစ်နေ့လျှင် နှစ်ကြိမ်ရှိသည့်အပြင် နေ့စဉ် ၂၄ နာရီနှင့် တစ်နှစ်ပတ်လုံး ရေလှိုင်းများလည်း ရိုက်ခတ်လျက် ရှိပါကြောင်း၊  ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်မှု သက်သာသည့်အပြင် ပြန်လည်ပြည့်ဖြိုးမည့် စွမ်းအင် များဖြစ်သော ပင်လယ်ဒီရေအတက်အကျကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ပင်လယ် လှိုင်း စွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း နည်းစနစ်များကို အများပြည်သူသိရှိနားလည်စေရန် ရှင်းလင်းတင်ပြပေးနိုင်ခြင်းရှိ/မရှိ၊ အဆိုပါ စွမ်းအင်များကိုအသုံးပြုပြီး မိမိတို့ မြန်မာကမ်းရိုးတန်းတစ်လျှောက်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သင့်လျော်သည့်နေရာဒေသများရှိ/မရှိနှင့် ရှိပါကမည်သည်‌့ကာလတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မယ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးပင်လယ်ရေမှ လျှပ်စစ်ဓာတ်အားထုတ်ယူသည်‌့ နည်းစနစ်နှစ်ခုရှိပါကြောင်း၊ ပထမနည်းစနစ်မှာ  ပင်လယ်ဒီရေ အတက်အကျကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ယူနေသည့် နည်းစနစ်သည် ပင်လယ်ဒီရေမြင့်တက် လာချိန် တွင်မြင်‌့တက်လာသော ပင်လယ်ရေများကို သိုလှောင်ထိန်းသိမ်းထားသည့် နည်းစနစ်တစ်ခုဖြစ်ပြီး ပင်လယ်ဒီရေ ကျဆင်းသွားချိန်၌ အမြင်‌့တွင် ထိန်းထားသော ပင်လယ်ရေများကို အနိမ့်ဘက်သို့ပြန်လည်စီးဆင်းထုတ်ယူသည့် ဓာတ်အားထုတ်ယူသော နည်းစနစ်ဖြစ်ပါကြောင်း၊ သမာရိုးကျရေအား လျှပ်စစ်ထုတ်ယူသည့် နည်းစနစ်အတိုင်း အမြင့်မှရေကို အနိမ့်ဘက်သို့စီးဆင်းစေပြီး ဓာတ်အားထုတ်လုပ်ပေးသော တာဘိုင်စက်များကို လည်ပတ်စေ၍ ဓာတ်အားထုတ်လုပ်သည့် နည်းစနစ်ဖြစ်ပါကြောင်း၊ ပင်လယ် ဒီရေတက်ချိန်/ကျချိန်များတွင်  အချိန်ပိုင်းအတွင်း ဓာတ်အားထုတ်ယူနိုင်သည့် နည်းစနစ်ဖြစ်ပါကြောင်း၊ ပင်လယ်မှလျှပ်စစ်ဓာတ်အားထုတ်ယူနိုင်သည့် ဒုတိယ နည်းစနစ်မှာ ပင်လယ်ဒီရေလှိုင်းများကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းအနိမ့်အမြင့် လှုပ်ရှားမှုမှရရှိသော လျှပ်စစ် အရွေ့စွမ်းအင် (Kinetic Energy) ကို အသုံးပြုပြီး လည်ပတ်မှုစွမ်းအင်(Rotational Energy)  အဖြစ်ပြောင်းလဲ စေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော  (Generator) များကို လည်ပတ်စေပြီး ဓာတ်အားထုတ်လုပ်ခြင်းဖြစ်ပါ ကြောင်း၊ ပင်လယ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်သည့် အထက်ပါနည်းစနစ်များသည် အခြားနည်းဖြင်‌့ ဓာတ်အား ရရှိရန် အလွန်အခက်အခဲသော ဒေသများ(သို့မဟုတ်) ဓာတ်အားလိုင်းသွယ်တန်းမှုပြုလုပ်ရန် ခက်ခဲတဲ့ ပင်လယ် ဒေသများတွင် အသုံးဝင်သည့် စနစ်များဖြစ်ပါကြောင်း၊ ၎င်းစနစ်သည် ရင်းနှီးမြှုပ်နှံမှု အရင်းပမာဏ ကြီးမားပြီး ထွက်ရှိလာသော ဓာတ်အားပမာဏနှင့် တွက်ခြေကိုက်မှုမရှိသောကြောင့် အထက်တွင် ဖော်ပြခဲ့သည့် ဒေသများ အတွက်သာ ဆောင်ရွက်လေ့ရှိကြပါကြောင်း၊

ရှာဖွေလေ့လာရာမှရရှိသော အချက်အလက်များအရ လက်ရှိပင်လယ်ဒီလှိုင်း အတက်အကျသည် လျှပ်စစ် ဓာတ်အား ထုတ်လုပ်သည့် စက်အားပေးစက်ရုံအချို့အနက်မှ ကိုးရီးယာနိုင်ငံ Sihwa Lake Tidal Power Station သည် ၂၅၄ မဂ္ဂါဝပ်ရှိပါကြောင်း၊ ပင်လယ်ဒီလှိုင်းအတက်အကျကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများသည် မောင်းနှင်ဓာတ်အား ထုတ်လုပ်မှုစရိတ် သက်သာသော်လည်း မတည်ရင်းနှီးငွေ အလွန်များပြား ကြောင်း၊ ၎င်းနိုင်ငံ၌ပင် တည်ဆောက်လျက်ရှိသည့် Inchon Tidal Power Station သည် စက်တပ်ဆင် အင်အား ၁၃၂၀ မဂ္ဂါဝပ်ရှိသည့်အတွက် အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံခန့် ကုန်ကျနိုင်မည်ဟု သတင်း အရသိရှိ ရပါကြောင်း၊ မြန်မာနိုင်ငံရှိ လက်ရှိဓာတ်အားပေးစက်ရုံများ၏ 1 MW တပ်ဆင်မှုအတွက် အကြမ်းဖျဉ်းကုန်ကျစရိတ် သည် အမေရိကန်ဒေါ်လာ ၁ သန်းခန့်ရှိပါကြောင်း၊  နှိုင်းယှဉ်ကြည့်ပါက ၂.၉ (သို့မဟုတ်) သုံးဆခန့် အရင်းအနှီး ပိုများပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံအနေဖြင့် လတ်တလောအခြေအနေတွင် အသေးစားရေအားလျှပ်စစ်၊ အကြီးစားရေအား လျှပ်စစ်နှင့် နေစွမ်းအင်၊ လေစွမ်းအင်အပါအဝင် အခြားစွမ်းအင်များဖြင့် ထုတ်ယူနိုင်မှု အခြေ အနေရှိပြီး ရင်းနှီးမြှုပ်နှံနိုင်မှု အ‌ခြေအနေကြောင့် ဓာတ်အားထုတ်လုပ်မှုပမာဏသည် လျော့နည်း နေခြင်းဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ပင်လယ်ရေလှိုင်းမှ ဓာတ်အားထုတ်လုပ်နိုင်ရေး နည်းပညာကို မိမိတို့နိုင်ငံ အနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။