(ဂ)-ထားဝယ်- မြိတ်မီးရထားလမ်းတွင်သုံးစွဲခဲ့ သည့်နိုင်ငံတော်ဘဏ္ဍာငွေနှင့်ယခုအစိုးရလက် ထက်တွင်မည်သို့ဆက်လက်ဆောင်ရွက်သွား မည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၄)ရက်မြောက်နေ့ (၁၃.၇.၂၀၁၅)

ဦးအောင်စိုး (လောင်းလုံ မဲဆန္ဒနယ်)တနင်္သာရီတိုင်းဒေသကြီး၏ ရေး-ထားဝယ်-မီးရထားလမ်း မိုင် (၁၀၀) ခန့်ကို ယခင် တပ်မတော်အစိုးရ လက်ထက် တွင် ပြည်သူ့လုပ်အားပေါင်းများစွာဖြင့် ဖောက်လုပ်ပြီးစီးခဲ့ပြီး ယခုအစိုးရလက်ထက်တွင် မိုင် (၁၃၂.၅) ရှိသည့် ထားဝယ်-မြိတ်-မီးရထားလမ်းကို ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ စတင်ဖောက်လုပ်ခဲ့ပါကြောင်း၊ ၎င်းမီးရထားလမ်း၏ လမ်းအူကြောင်းသည် လယ်ကွင်းများ၊ ရာဘာခြံများ အပါအဝင် ဥယျာဉ်ခြံမြေ များစွာကို ဖြတ်သန်းဖောက်လုပ် ရသည့်အတွက် ဒေသခံ ပြည်သူလူထု နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သော်လည်း မီးရထားလမ်းသစ် ဖွင့်ပွဲကြီးကို ကျင်းပခဲ့သည့်အထိ ၁၅ မိုင် ခန့်သာရှိသည့် ထားဝယ်မှ သရက်ချောင်းမြို့ အထိသာ ပြီးမြောက်ခဲ့သည့်အပြင် ယခုအချိန်တွင် ပြေးဆွဲခြင်း လုံးဝမပြုပဲ  ရပ်ဆိုင်းထားသည်ကို တွေ့ရှိရပါကြောင်းနှင့် ဖောက်လုပ်ရန် ကျန်ရှိသည့် မိုင် ၁၂၀ ခန့်ကိုလည်း လုံးဝ ရပ်နားထားသည့်အတွက် ဆောက်လုပ်ထားပြီးဖြစ်သည့် ဘူတာရုံများ၊ တံတားများနှင့် လမ်းဘောင်များ သည် ထိန်းသိမ်းမှု မရှိဘဲ ပျက်စီးယိုယွင်းလျက် ရှိပါကြောင်း၊ ဒေသခံများအနေဖြင့်လည်း နစ်နာမှု၊ ဆုံးရှုံးမှု များစွာခံစားရပြီး  ဒေသဖွံ့ဖြိုးရေးကို မခံစားရဘဲ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ထားဝယ်-မြိတ် မီးရထားလမ်း စီမံကိန်းအား ယခုအစိုးရ လက်ထက်တွင် မည်သို့ ဆက်လက်ဆောင်ရွက် သွားမည်နှင့် အဆိုပါစီမံကိန်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေကို မည်သို့သတ်မှတ်၍ မည်မျှသုံးစွဲခဲ့သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်တနင်္သာရီ တိုင်းဒေသကြီးအတွင်း ထားဝယ်-မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ၂၀၀၈-၂၀၀၉ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ခရီးမိုင် (၁၃၂.၅၀) ခန့်ရှိပါကြောင်း၊ ထားဝယ်-မြိတ် ရထားလမ်းပိုင်းတွင်ရှိသည့် ထားဝယ်-သရက်ချောင်း လမ်းပိုင်း ခရီးမိုင် (၁၉.၃၁) ကို (၄.၆.၂၀၁၁) တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ သို့သော် ရထားစီး ခရီးသည် အလွန်နည်းပါးသည့်အတွက်ကြောင့် (၁၉.၁၂.၂၀၁၁) မှစ၍ ရထားပြေးဆွဲခြင်းကို ရပ်ဆိုင်းခဲ့ပြီး ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှစပြီး လုပ်ငန်းများ ရပ်ဆိုင်းခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းအတွက် စတင်ခဲ့သည့် ၂၀၀၈-၀၉ မှ ရပ်ဆိုင်းသည့် ၂၀၁၂-၁၃ အထိ သုံးစွဲပြီး ဘဏ္ဍာငွေမှာ သီးနှံလျော်ကြေးပေးမှု ကျပ် (၂၉၈.၉၄၈) သန်း အပါအဝင် ငွေကျပ် (၂၃၀၉၉.၁၈၉) ဖြစ်ကြောင်း၊ ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို နိုင်ငံတော် ဘဏ္ဍာငွေအခြေအနေအရ ရပ်ဆိုင်းခဲ့သော်လည်း အများပြည်သူသုံးသည့် သယ်ယူပို့ဆောင်ရေး စနစ်အဖြစ် နိုင်ငံအဝှမ်း ပျံ့နှံ့ ပို့ဆောင်နိုင်ရန် ရည်မှန်းပြီး နှစ် (၂၀) စီမံကိန်း၏ တတိယ (၅) နှစ် စီမံကိန်းကာလ ဖြစ်သည့် ၂၀၂၁-၂၂ မှ ၂၀၂၅-၂၆ အတွင်း ထည့်သွင်း လျာထားဆဲဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။