မိမိတို့မြန်မာနိုင်ငံသည် ရှည်လျားသည့် ကမ်းရိုးတန်းနယ်နိမိတ်ရှိသော နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သည့် ပိုင်နက်ပင်လယ်နဲ့ ပင်လယ်ဇုန်များဥပဒေကို ၁၉၇၇ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၃)အဖြစ် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီဥပဒေနှင့် ဆက်စပ်သည့် ဖြစ်ပေါ်တိုးတက်မှု၊ အငြင်းပွားမှုများသည် မြန်မာနိုင်ငံသာမက အခြားကမ္ဘာ့နိုင်ငံအချို့တွင်လည်း ယခုလိုဥပဒေမျိုးနှင့်ပတ်သက်ပြီး ပေါ်ပေါက်ဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့်ဆက်စပ်သည့် အငြင်းပွားမှုကို ၁၆.၃.၂၀၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကိုယ်တိုင် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုလွှတ်တော်တွင် ရှေ့နေချုပ်ကို လာရောက်ရှင်းလင်းတင်ပြစေခဲ့ပါကြောင်း၊
မိမိတို့လွှတ်တော်များသည် တည်ဆဲဥပဒေများထဲမှ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ်ပြဋ္ဌာန်းရန် ဥပဒေများကို စိစစ်ဆောင်ရွက်သည့် နေရာတွင် ပြင်ဆင်ပြဋ္ဌာန်းသင့်သည့် ဥပဒေဖြစ်ကြောင်း၊ သုံးသပ်တွေ့ရှိရပါသည်။ ဆွေးနွေးပြင်ဆင်မှုများပြီးသည့် အချိန်တွင် သက်ဆိုင်ရာဌာနများကို မေးမြန်းကြည့်သောအခါ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ သက်ဆိုင်ရာရှေ့နေချုပ်ရုံးသို့ ပေးပို့ထားကြောင်း၊ မှတ်ချက်တောင်းထားကြောင်း၊ စသဖြင့်ပြန်ကြားချက်များရရှိခဲ့ပါသည်။ အခြေအနေနှင့် အချိန်အခါအရ နိုင်ငံတော်၏ပိုင်နက် ပင်လယ်နှင့် ပင်လယ် ဇုန်များဥပဒေကို အလေးထားစိစစ်ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်နေပါသဖြင့် ဥပဒေကိုစိစစ်၊ ပြင်ဆင်၊ အတည်ပြုရေးကိစ္စကို အမြန်ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်ချက် တိုးတက်မှုအခြေအနေကို ပြန်ကြားပေးပါရန်နှင့် မည်သည့်အခက်အခဲရှိနေသည်ကို အသိပေးပြန်ကြားပေးပါရန် သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခင်အကြိမ်က တင်ပြခဲ့သည့် အတိုင်း လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးနေသည့် ဥပဒေပေါင်း(၄) ခုရှိပါတယ်။ အဆိုပါဥပဒေများမှာ ကုလသမဂ္ဂအဖွဲ့(အခွင့်အရေးနှင့် ကင်းလွတ်ခွင့်အက်ဥပဒေ)၊ သံအရာရှိများနှင့် ကောင်စစ်အရာရှိများ(ကျမ်းသစ္စာနှင့်အခကြေးငွေများ)အက်ဥပဒေ၊ ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေ၊ ပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များ ဥပဒေဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့(အခွင့်အရေးနှင့်ကင်းလွတ်ခွင့်အက်ဥပဒေ)နှင့် သံအရာရှိများနှင့်ကောင်စစ် အရာရှိများ(ကျမ်းသစ္စာနှင့်အခကြေးငွေများ) အက်ဥပဒေတို့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြင်ဆင် ရေးဆွဲခဲ့ပြီး ၁၀-၂-၂၀၁၅ ရက်နေ့တွင် အဆိုပါဥပဒေနှစ်ရပ်အား နိုင်ငံတော်သမ္မတမှ အတည်ပြု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်အက်ဥပဒေသည် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ဖျက်သိမ်းရန်မလိုအပ်သည့် တည်ဆဲအတိုင်းသာထားရှိရမည့် ဥပဒေတစ်ရပ်ဖြစ်၍ ဆက်လက်ထိန်းသိမ်း ထားရှိပါကြောင်း၊
မြန်မာ့ပိုင်နက် ပင်လယ်နှင့်ပင်လယ်ဇုန်များ ဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါဥပဒေအား အသစ်ပြင်ဆင်ရေးဆွဲလျက်ရှိနေပါကြောင်း၊ တည်ဆဲပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ အား ၁၉၇၇ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ၏ ပိုင်နက်ပင်လယ်၊ ဆက်စပ်ဇုန်၊ ကမ်းလွန်ရေတိမ်ပိုင်းနှင့် သီးသန့်စီးပွားရေးဇုန်တို့ကို အဆိုပါဥပဒေဖြင့် သတ်မှတ်ခဲ့ပါကြောင်း၊ သို့ရာတွင် ပင်လယ်ပြင်များ ဆိုင်ရာနိုင်ငံတကာဥပဒေဟု ခေါ်ဆိုနိုင်သည့် ကုလသမဂ္ဂပင်လယ်ဥပဒေ ကွန်ဗင်းရှင်းအား ၁၉၈၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထို့အပြင် ၂၁-၆-၁၉၉၆ ရက်နေ့တွင် မြန်မာနိုင်ငံသည် အဆိုပါကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် မိမိတို့ ယခင်ကပြဋ္ဌာန်းထားခဲ့သော ၁၉၇၇ ခုနှစ်ဥပဒေအား ကုလသမဂ္ဂပင်လယ်ဥပဒေ ကွန်ဗင်းရှင်းနှင့်အညီ ပြည့်စုံစွာဖြည့်စွက် ပြဋ္ဌာန်းရန်လည်းကောင်း၊ ပင်လယ်ဇုန်များတွင် မြန်မာနိုင်ငံမှကျင့်သုံးမည့် စီရင်ပိုင်ခွင့်၊ အခွင့်အရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များကို ဥပဒေဖြင့်ထိရောက်စွာ ကာကွယ်ရန်လည်းကောင်း ဥပဒေအားပြင်ဆင်ရေးဆွဲရန် လိုအပ်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ပိုင်နက်ပင်လယ်၊ ကမ်းလွန်ရေတိမ်ပိုင်းနှင့် သီးသန့်စီးပွားရေးဇုန်နယ်နိမိတ်တို့ကို သတ်မှတ်နိုင်ရေးအတွက် ၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဝန်ကြီးအဆင့်(၂)ကြိမ်၊ ကျွမ်းကျင်သူအဆင့် (၆)ကြိမ် အစည်းအဝေးများကို ကျင်းပဆွေးနွေးခဲ့ကြသော်လည်း တူညီသောအခြေခံ (Common ground) ကို မတည်ဆောက်နိုင်ခဲ့သဖြင့် တိုးတက်မှုတစ်စုံတစ်ရာမျှ ရရှိခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ၁၉၈၆ ခုနှစ်မှစတင်၍ ၂၀၀၇ ခုနှစ်အထိ ဆွေးနွေးပွဲများကို ၂၁ နှစ်ကြာ ရပ်ဆိုင်းခဲ့ရပါသည်။ ထိုသို့ရပ်ဆိုင်းနေစဉ်ကာလအတွင်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကုလသမဂ္ဂပင်လယ် ဥပဒေကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အားလျော်စွာ International Tribunal for the Law of the Sea(ITLOS) သို့ တင်သွင်းရန်ဆုံးဖြတ်ခဲ့ကြ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၂၉-၁၀-၂၀၀၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၀၉ ဖြင့် အထူး လုပ်ငန်းဦးစီးအဖွဲ့(Special Task Force)ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ပြီး ဥပဒေကျွမ်းကျင်သူ အဖွဲ့နှင့်နည်းပညာ ကျွမ်းကျင်သူအဖွဲ့တို့ကို ဖွဲ့စည်းပြီး တာဝန်ပေးလေ့လာစေခဲ့ပါကြောင်း၊ ထို့နောက် ITLOS ၌ တရားစီရင်ရာတွင် အမှုအမှတ်(၁၆)အဖြစ်တင်သွင်းပြီး အဆိုပါအမှု၏ အပြီးသတ်စီရင်ချက်အား ၁၄-၃-၂၀၁၂ ရက်နေ့တွင် ITLOS မှ ချမှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပင်လယ်နယ်နိမိတ်ပြဿနာကို ၇-၇-၂၀၁၄ ရက်နေ့တွင် Permanent Court of Arbitration (PCA)မှ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ITLOS ၏ စီရင်ချက်နှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ ကမ်းလွန်ရေတိမ်ပိုင်း ရေမိုင် ၂၀၀ ထက် ကျော်လွန်သတ်မှတ်ရေးအတွက် မြန်မာနိုင်ငံမှ နည်းပညာပိုင်းအရရော၊ ဥပဒေ ကြောင်းအရပါ ပြီးပြည့်စုံအောင် ပြန်လည်ပြင်ဆင်ရမည်ဖြစ်သောကြောင့်လည်းကောင်း၊ မြန်မာ့ ပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များဥပဒေသစ် မူကြမ်းရေးဆွဲရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေ(မူကြမ်း)အား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအကြံပြုချက်များ ပြန်လည်ပေးပို့လာခဲ့ရာ အဆိုပါဥပဒေအကြံပြုချက်အရ ဥပဒေ(မူကြမ်း)တွင် ဖော်ပြထားသည့် ပြစ်ဒဏ်ပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပြန်လည်စဉ်းစား သုံးသပ်ရန် အကြံပြုလာပါသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သော အဖွဲ့အစည်းဝင်များဖြင့် ထပ်မံညှိနှိုင်းအစည်းအဝေးများ ခေါ်ယူဆွေးနွေးခဲ့ပါကြောင်း၊ အစည်းအဝေးရလဒ်အပေါ် မူတည်၍ အဆိုပါဥပဒေ၏ ပြစ်ဒဏ်ပိုင်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်နှင့်အညီ ပြန်လည်သုံးသပ် ပြင်ဆင်ရေးဆွဲလျက် ရှိနေပါကြောင်း၊ အဆိုပါ ဥပဒေ(မူကြမ်း) ပြစ်ဒဏ်ပိုင်းအား အပြီးသတ်ရေးသားပြီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးအတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
