မိမိတို့ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုနေသည့်အချိန်ဖြစ်ပါကြောင်း၊ အတိတ်ကာလက ဆိုရှယ်လစ်စနစ်နှင့် ချီတက်ခဲ့ပြီး နဝတ၊ နယက အစိုးရလက်ထက်တွင် နိုင်ငံခြားပိတ်ဆို့အရေးယူမှုများကို ကိုယ့်ခြေထောက်ကို ရပ်တည်နိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အစိုးရဌာနအသီးသီးက ဆောက်လုပ်ရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် တောင့်တင်းခိုင်မာအောင် ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်စီးပွားရေးစနစ်အရ ပုဂ္ဂလိကကဏ္ဍကို ပြန်လည်အားဖြည့်ရမည်ဖြစ်သည့်အတွက် ကုမ္ပဏီပေါင်း ၄၉၀၀၀ ကျော်ကို ခေါ်လာခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၃ ခုနှစ်ခန့်မှ စ၍ နိုင်ငံပိုင်သတင်းစာများတွင် အစိုးရဌာနများက လုပ်ငန်းများကို တင်ဒါခေါ်ယူသည့် ကြော်ငြာများသည် နေရာတော်တော်များများ ယူထားကြသည်ကို ကြည့်ခြင်းအားဖြင့် အစိုးရ၏ လုပ်ငန်း တော်တော်များများကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကများကို ပြန်ပြီးပေးနေရသည်ကို သိရှိရပါကြောင်း၊ သို့သော် လက်တွေ့အခြေအနေတွင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံ၊ နည်းပညာရင့်ကျက်မှုအပိုင်း၊ စက်ယန္တရားအင်အား တောင့်တင်းမှုအပိုင်းတွင် အစိုးရဌာနများက များစွာသာလွန်သည်ကို တွေ့ရှိရပါကြောင်း၊ တချို့အစိုးရဌာနများတွင် အင်ဂျင်နီယာအင်အား တောင့်တောင့်တင်းတင်း ရှိပါလျက်နှင့် ကိုယ်လုပ်နိုင်သည့် လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကများကို ပြန်ပြီးပေးနေသည်ကို တွေ့ရှိရပါကြောင်း။
အချုပ်အားဖြင့် ဌာနများက ယန္တရားများ၏ တစ်နှစ် အလုပ်ချိန်သည် နာရီ ၅၀၀ ခန့်ရှိရမည်ဖြစ်ပြီး ကိုယ့်ဌာနက ယန္တရားများကို အပြည့်အဝအသုံးမပြုဘဲ တင်ဒါခေါ်သည့်ပုံစံမျိုးလည်း ရှိနေပါကြောင်း၊ ယင်းကိစ္စသည် နိုင်ငံတော်အနေဖြင့် ပြန်လည်ဆန်းစစ်ပြီး တင်ဒါခေါ်ယူခြင်းကြောင့် လုပ်ငန်းများ အရည်အသွေးကောင်းမွန်မှုရှိ/မရှိ၊ သို့မဟုတ် အကုန်အကျ သက်သာမှုရှိ/မရှိ ပြန်လည်ဆန်းစစ်ရန် လိုသည့်အတွက် အစိုးရဌာနကလုပ်ငန်းများကို မည်သည့်ပေါ်လစီဖြင့် တင်ဒါစနစ် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
အစိုးရဌာနအဖွဲ့အစည်းများကို တင်ဒါခေါ်ယူဆောင်ရွက်သည့်အခါ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန် နိုင်ငံတော်သမ္မတရုံးမှ ၅-၄-၂၀၁၃ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၃) ဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် တင်ဒါစည်းကမ်းများတွင် ဝယ်ယူရေးဆိုင်ရာတင်ဒါများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တည်ဆောက်မှုဆိုင်ရာတင်ဒါများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဝန်ဆောင်မှုတင်ဒါများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ငှားရမ်းရောင်းချရေး တင်ဒါများနှင့် စပ်လျဉ်း၍လည်းကောင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့အစည်းများသည် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ပစ္စည်းဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ငွေပမာဏ နည်းမည်ဆိုလျှင် ဈေးနှုန်းတင်သွင်းလွှာများ ခေါ်ယူ၍လည်းကောင်း၊ ငွေပမာဏများမည်ဆိုလျှင် အိတ်ဖွင့်တင်ဒါကို ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် နိုင်ငံတော်သတင်းစာများတွင် ထည့်သွင်းကြော်ငြာ၍ လည်းကောင်း ခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တင်ဒါရွေးချယ်ရန်အတွက် တင်ဒါခေါ်ယူရေးကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီ၊ တင်ဒါစိစစ်ရွေးချယျရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
ထိုသို့ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအလိုက် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ရွက်ပုံခြင်း မတူညီကြသည့်အတွက် ဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအားလုံး တင်ဒါခေါ်သည့်အခါ တစ်ပြေးညီပုံစံဖြစ်စေရန် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့်အခါ လွယ်ကူချောမွေ့မြန်ဆန်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများ တင်ဒါခေါ်ယူစာချုပ် ချုပ်ဆိုသည့်အခါ လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရန်နှင့် ဝန်ကြီးဌာနအသီးသီး၏ ကန်ထရိုက်စနစ်နှင့် ခွင့်ပြုသည့် လုပ်ငန်းများတွင် တူညီသည့် မူဝါဒများကို အခြေခံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက Focal Ministry အဖြစ် ဦးဆောင်ပြီး United Nation Office for Project Services(UNOPS) Myanmar ၏ အကြံဉာဏ်ကိုရယူပြီး ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန် စာအုပ်ကို ရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၈-၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအားလုံးကို လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်အနေဖြင့် ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် တင်ဒါခေါ်ယူရသည့် ရည်ရွယ်ချက်မှာ မိမိဌာနတွင် ဆောင်ရွက်ရမည့်လုပ်ငန်းသည် ဌာနအနေဖြင့် ကျွမ်းကျင်သူ အခက်အခဲရှိသည့်အတွက် ဌာနအစား ဆောင်ရွက်နိုင်သည့် ပုဂ္ဂလိက သို့မဟုတ် အစုအဖွဲ့ကို ငှားရမ်းပြီး ဆောင်ရွက်စေသည့်အခါ ဆောင်ရွက်သည့် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ် သို့မဟုတ် ဈေးကစားမှုပြုခြင်းအားဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်နိုင်ရန်အတွက် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
တင်ဒါစည်းကမ်းများ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ကျွမ်းကျင်အင်ဂျင်နီယာ ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စသည့် ဌာနများအနေဖြင့် ဌာနရှိလူအင်အား၊ စက်ယန္တရား အင်အားရရှိနိုင်မှု၊ လုပ်ငန်းပမာဏနှင့် တာဝန်ပေးအပ်မှုအပေါ် မူတည်ပြီး ဌာနဝန်ထမ်းများကို တာဝန်ပေးပြီး ဆောင်ရွက်စေပါကြောင်း၊ ထို့အတူ ရာသီဥတုကိုမှီပြီး ဆောင်ရွက်ရသည့်လုပ်ငန်းများ၊ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဌာနကအင်ဂျင်နီယာ၊ ယန္တရားအင်အားများနှင့် တည်ဆောက်ရန် လုံလောက်မှုမရှိသော လုပ်ငန်းများကို ပြင်ပက လုပ်ငန်းရှင်များနှင့် ဆောင်ရွက်ရန် တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကပိုင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါကြောင်း၊ ဌာနက လုပ်ကိုင်ဆောင်ရွက်နိုင်သော ကိစ္စများကိုလည်း ဌာနက ဆောင်ရွက်ပါကြောင်း၊ ကျွမ်းကျင် အင်ဂျင်နီယာမရှိသော ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ တင်ဒါစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိလုပ်ငန်း၏ ပြီးမြောက်မှု၊ အရည်အသွေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက တာဝန်ယူကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
