မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး လယ်ယာထွက်ကိုသာ အဓိကထား တင်ပို့နေရသည့်နိုင်ငံဖြစ်ပါကြောင်း၊ ယခုအခါတွင် တရုတ်ငွေကြေးဈေးကွက် အကြပ်အတည်း ဖြစ်ပေါ်နေသည်ဟု ကြားသိရပြီး မြန်မာ့ဆန်များ ဝယ်ယူသည့်ကုန်သည်များကို တစ်ဖက်နိုင်ငံအစိုးရမှ နယ်စပ်တွင်ဖမ်းဆီးပြီး ဆန်အဝယ်ရပ်ဆိုင်းနေသည်ဟု သိရပါကြောင်း၊ လယ်ယာထွက်ကုန်များ ဝယ်ယူသည့် အိမ်နီးချင်း(၃)နိုင်ငံအနက် ဝယ်လက်ကြီးသည့် နိုင်ငံတစ်ခုက နေပြီး အဝယ် ရပ်ဆိုင်းခဲ့သည်ရှိသော် မြန်မာ့ငွေကြေးဈေးကျမှုလည်း ဖြစ်ပေါ်လာနိုင်သည်ဟု သိရပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာကျပ် ငွေဈေးနှုန်းသည် အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန် ဒေါ်လာများနှင့် နှိုင်းယှဉ်ပါက မည်မျှတန်ဖိုးကျသင့်နေကြောင်းကို နေ့စဉ်မီဒီယာများမှ ပြောကြားပေး ရန်နှင့် အလား အလာများ တွက်ဆ၍ သတင်းထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မြန်မာ ကုန်သည်များအတွက် စီးပွားရေးဆိုင်ရာအချက်အလက်များ မကြာခဏအထူးအစီအစဉ်အနေဖြင့် ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခုအခြေအနေတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နေ့စဉ်သတ်မှတ်ထားသည့် အမေရိကန် ဒေါ်လာ ရည်ညွှန်းငွေလဲလှယ်နှုန်းနှင့် အိမ်နီး ချင်းနိုင်ငံများ၏ ငွေကြေးနှုန်းအပါအဝင် အခြားငွေကြေး ၃၇ မျိုး၏ တန်းဖိုးများကို နှိုင်းယှဉ်ပြီး ဗဟိုဘဏ်၏ Internet Website တွင် နေ့စဉ် ဖော်ပြပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဗဟိုဘဏ်နှင့် ပတ်သက်သည့် ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များကိုလည်း ၎င်း Internet Website တွင် ပုံမှန်ဖော်ပြပေး လျက်ရှိပြီး မီဒီယာ များအနေနှင့်လည်း ၎င်း Website တွင် ဖော်ပြထားသည့်အချက်အလက်များကို ကိုးကား အသုံးပြုလျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင်ရှိသော မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအနေဖြင့် ရတနာပုံ Call Center မှတစ်ဆင့် ထုတ်လွှင့်နေသည့် နေ့စဉ် အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်း၊ အိမ်နီးချင်းနှင့် အာဆီယံနိုင်ငံများ၏ ငွေကြေးဈေးနှုန်း အချက်အလက်များကို ရယူပြီး မြန်မာ့အသံက ထုတ်လွှင့်နေသည့် နေ့စဉ်ကုန်စည်ငွေကြေးဈေးနှုန်း သတင်းတွင်ဖော်ပြပေး လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများနှင့်ပတ်သက်ပြီး မိမိတို့ ထုတ်လုပ်သည့်သီးနှံများ၏ ဈေးနှုန်းကို သိရှိနိုင်ရန်အတွက် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့တစ်ခုဖြစ်သည့် Inter News Sport နှင့် ပူးပေါင်းပြီး ကုန်စည် ဒိုင်များမှ ကုန်ဈေးနှုန်းများကို ကောက်ခံကာ လယ်ယာ/စီးပွား သတင်း အဖြစ်နှင့် သီးနှံဈေးနှုန်းကို စာတန်းထိုးပြီး နေ့စဉ်ဖော်ပြပေးခြင်း၊ နိုင်ငံအတွင်း စီးပွားရေးဆိုင်ရာ သတင်း အချက်အလက်များကိုအခြေခံပြီး သတင်းတိုများ၊ မှတ်တမ်းများ၊ တွေ့ဆုံမေးမြန်းခန်းများပါဝင်သည့် စီးပွားရေးသတင်းအစီအစဉ် (Business News) ကို စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်လည်းကောင်း၊ Money Talk အစီအစဉ်ကို အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင်လည်းကောင်း၊ ကုန်ဈေးနှုန်းများနှင့် ပတ်သက်ပြီး ဈေးကွက်အခြေအနေများကို ဆွေးနွေးသည့် လူမှုစီးပွားဘဝ မြင်ကွင်းများအစီအစဉ်ကို တနင်္လာနှင့် အင်္ဂါနေ့များတွင်လည်းကောင်း ထုတ်လွှင့်လျက်ရှိခြင်း၊
Farmer Channel တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ပေးပို့သည့် အချက်အလက်များကို ထုတ်လွှင့်ဖော်ပြပေးခြင်းများရှိသော်လည်း လက်ရှိဖြစ်ပေါ် နေသည့်အခြေ အနေများအရ ငွေလဲလှယ်နှုန်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိရန် လိုအပ်သည်ဟု သုံးသပ် မိသည့်အတွက် ဗဟိုဘဏ်က အချက်အလက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက နေ့လည် ၁၁ နာရီ၊ နေ့လည် ၁ နာရီ၊ ညနေ ၄ နာရီနှင့် ၆ နာရီအချိန်များတွင် ထုတ်လွှင့် ပေးရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းပေါ်တွင် ရှိသည့် သတင်းစာများတွင် လက်ရှိအခြေအနေ လယ်ယာ စိုက်ပျိုးရေးနှင့် ဈေးကွက် သတင်းအချက် အလက်များကို ဖော်ပြပေးလျက်ရှိပြီး ငွေလဲလှယ်နှုန်း အပါအဝင် ကျန်ကုန် ဈေးနှုန်းများကိုလည်း ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် အလား အလာ တွက်ဆမှုများကို နိုင်ငံပိုင်မီဒီယာများမှာ ဖော်ပြပေးမည်ဆိုပါက မလိုလားအပ်သည့် ရိုက်ခတ်မှုများ ရှိနိုင်သည့်အတွက် ယခုအချိန်တွင် ဆောင်ရွက်ရန် မသင့်သေးပါကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများကလိုအပ်၍ အထူးသတင်း ထုတ်ပြန်ချက်များရှိမည်ဆိုပါက ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသော Website များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များနှင့် သတင်းစာများမှ ထုတ်ပြန်ပေးရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
