ရခိုင်ပြည်နယ်ကို နိုင်ငံတော်အစိုးရက ၂၀၁၄ ခုနှစ်မှစတင်ပြီး လျှပ်စစ်ဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေပါကြောင်း၊ မိမိတို့သံတွဲမြို့နယ်ကိုလည်း ၂၀၁၄ ခုနှစ် ဇွန်လကစပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားစနစ် သုံးစွဲနေပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် သံတွဲမြို့မှတဆင့် ဂွမြို့နယ်၊ ကျိန္တလီမြို့ မိုင် ၄၀ ဝေးသော ကျိန္တလီမြို့ကို ၆၆ ကေဗွီ ဓာတ်အားလိုင်းစွဲရန်အတွက် ဓာတ်အားလိုင်းမိုင် ၄၀ အတွက် သန်း ၄၀ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် ၁၅၅ သန်းကို ဘဏ္ဍာငွေ လျာထားပြီးဖြစ်ပါကြောင်း၊ ယခု ပွင့်လင်းရာသီတွင် ယင်းဘဏ္ဍာငွေနှင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကို ယခုနှစ် အပြီးရေးဆွဲမည်ဖြစ်ပါကြောင်း၊ သံတွဲမြို့မှ မိုင် ၄၀ ဝေးသော ကျိန္တလီမြို့ကိုသွားသည့် ကားလမ်းတစ်လျှောက်ရှိ ဇလွန်၊ ကျောက်ကြီး၊ ပုဇွန်ပြေ စသည့် ရွာများအပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သပြုချိုင်သင်္ဘောဆိပ်၊ ပင်မရေငုပ်နှင့် ကယ်ဆယ်ရေးတပ်စခန်းရှိသည့် ရေတပ်စခန်းရှိ မောင်ရွှေလေးကျေးရွာ၊ ဒီကျေးရွာတွေ၊ ဒီရေတပ်စခန်းရှိတဲ့ ရွာဆိပ်ကမ်းတို့ အဓိကရွာကြီးများနှင့် ကားလမ်းတစ်လျှောက် ကျေးရွာငယ်များကိုပါ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ပြီး လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ သံတွဲမဲဆန္ဒနယ် သပြုချိုင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၂ ရွာ ဓာတ်အားရရှိရေးအတွက် ၆၆ ကေဗီ ဓာတ်အားခွဲလိုင်း ၁၇ မိုင်နှင့် ဓာတ်အားခွဲရုံတစ်ရုံ၊ ကျောက်ကြီး ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၅၅ ရွာ ဓာတ်အားရရှိရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို မူလက ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် စတင်ပြီးလျာထားခဲ့သော်လည်း ရန်ပုံငွေအကန့်အသတ်ကြောင့် မိမိတို့ ချန်ထားခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သံတွဲမြို့နယ်၊ ဇလွန်ကျေးရွာ၊ ကျောက်ကြီးကျေးရွာ၊ ပုဇွန်ပြေကျေးရွာ၊ သပြုချိုင် ကျေးရွာနှင့် မောင်ရွှေလေးကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် သပြုချိုင်ကျေးရွာနှင့် ကျောက်ကြီးကျေးရွာတွင် ၁၆/၁၁ ကေဗွီ ၅၄ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၂ ရုံတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိနေသော ၁၁ ကေဗွီဓာတ်အားလိုင်း ၁၁/ဝ.၄ ကေဗွီခွဲရုံငယ်များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် ဘတ်ဂျက် လျာထားချက်နှင့် တစ်ပြိုင်နက်ထဲတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရကိုလည်း ညှိနှိုင်းပြီး ဘတ်ဂျက်လျာထား ပေးသွားရန် တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
