မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုသည်ကို ခန့်မှန်း၍ မရသော်လည်း မူးယစ်ဆေးဝါး၏အန္တရာယ်ကို ခန့်မှန်းနိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးများ၊ စိတ်ကြွဆေးများ အလုံးအရင်းနှင့်ဝင်ရောက် နေမည်ဆိုပါက နိုင်ငံ၏ အနာဂတ်အသီးအပွင့်ဖြစ်သည့် ရတနာများ ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏အနာဂတ်ကို ပိုင်စိုးမည့်မျိုးကောင်းမျိုးသန့်များကို မလိုလားအပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများကြောင့် အနာဂတ်ရတနာများ ပျက်သုဉ်းမည်ကို မိမိအနေဖြင့် စိုးရိမ်မိသည့်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ် ဒိုးနွယ်ကျေးရွာဆရာတော်ဦးစီး၍ ဖွင့်လှစ်သော မူးယစ်ဆေးစွဲသူများ ဆေး ကုသ ဖြတ်သည့်ဆေး ခန်းများကဲ့သို့ မိမိ၏မြို့နယ် ကလေးဝမြို့နယ်နှင့် မြို့နယ်အတွင်းမူးယစ်ဆေးစွဲသူများ ဆေးကုသ ဖြတ်သည့်ဆေးခန်းများဖွင့်လှစ်ပေးရန်၊ ဖွင့်လှစ်ပေးမည်ဆိုပါက ကျွမ်းကျင် သူများ၊ ဆေးဝါး အပြည့်အစုံနှင့် အဝေးမှ လာရောက်ကုသသူများ စားစရိတ်လုံလောက်မှုအတိုင်းအတာ ယခုအထိ ကူညီပံ့ပိုးပေးရန်၊ ဖွင့်လှစ်ပေးမည့်ဆေးခန်း၊ ဆေးရုံများကို မြို့နယ်တိုင်းရှိကျေးရွာများအရောက် ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှုနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ ဆေးကုသရေးအဖွဲ့များသည် ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်များလျှော့ချရေးလုပ်ငန်းများကို အရှိန်အ ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးစွဲ ရောဂါကုသရေး လုပ်ငန်းများကို မူးယစ်ဆေးစွဲ ရောဂါအထူးကုဆေးရုံ အခြေပြုလုပ်ငန်း၊ မူးယစ်ဆေးစွဲ ရောဂါကုသရေးဌာန အခြေပြုလုပ်ငန်းနှင့် ပြည်သူလူထုအခြေပြု မူးယစ်ဆေးစွဲရောဂါကုသရေး လုပ်ငန်းဟူ၍ စနစ်သုံးမျိုးဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးစွဲရောဂါကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ပြီး ကုသရေးဌာနများ အဆင့်မြှင့်တင်ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နောက် ဆက်တွဲဆိုးကျိုးများအဖြစ် HIV ပိုးအပါအဝင် တခြားဆိုးကျိုးအန္တရာယ်များ လျော့နည်းရေးအတွက် မက်သာဒုံးဆေးရည် အစားထိုး တိုက်ကျွေရေးဌာနများကို တိုးချဲ့ဖွင့်လှစ်ခြင်း တို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသအလိုက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေသရှိအစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ အားလုံးပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ရန်ကုန်မြို့ရှိ မူးယစ်ဆေးစွဲရောဂါကုသရေးနှင့် သုတေသနဌာနမှ တစ်နှစ်လျှင်သုံးကြိမ် မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပြီး ပြည်ပသို့ အခါအားလျော်စွာ သင်တန်းများ တက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆေးဝါးပြည့်စုံစေရေးအတွက် မက်သာဒုံး ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန ရန်ပုံငွေမှ အမေရိကန်ဒေါ်လာတစ်သန်းကျခံ၍ ဝယ်ယူဖြည့်ဆည်းထားပြီး Tincture Opium ဆေးရည်များကို လည်း မြန်မာနိုင်ငံဆေးဝါးလုပ်ငန်း စက်ရုံမှဝယ်ယူ ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ ယနေ့အထိ မူးယစ်ဆေးစွဲရောဂါလူနာများအနေဖြင့် ဆေးကုသမှုကို အခမဲ့ရရှိခံစားလျက်ရှိပါကြောင်း၊ ပြည်သူလူထုအခြေပြု မူးယစ်ဆေးစွဲရောဂါ ကုသရေး လုပ်ငန်းများမှာ ကျွမ်းကျင်သူ၊ ဆေးဝါးပြည့်စုံမှုတို့အပြင် ဆေးကုသရေးအဖွဲ့အနေဖြင့် လုပ်ငန်းအောင်မြင်ရေးအတွက် အထက်ပါ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ကူညီပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးစွဲရောဂါကုသရေး ဌာနငယ်များကို မြို့နယ်အဆင့်အထိ ဖွင့်လှစ်ပေးလျက်ရှိပြီး ကျေးရွာအရောက် ဌာနငယ်များ ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ ပြည်သူလူထုအခြေပြု မူးယစ်ဆေးစွဲ ရောဂါ ကုသရေးလုပ်ငန်းကို ဒေသလိုအပ်ချက်အပေါ်မူတည်ပြီး ဒေသမှာရှိသည့် မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်သူလူထုအခြေပြု လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ၁ နှစ်တာ နောက် ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့် စခန်းအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်း၊ စခန်းနှင့်ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ရပ်ရွာအခြေပြု ပြန်လည် ထူထောင်ရေးလုပ်ငန်းစသည့် လုပ်ငန်းသုံးခုကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး လျော့နည်းပပျောက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် ၈-၈-၂၀၁၃ ရက်နေ့တွင် မူးယစ်ဗဟိုရုံးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးဌာနကို မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အဖြစ် တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကလေးမြို့တွင် မူးယစ်တပ်ဖွဲ့စု(၅)၊ ကသာမြို့တွင် မူးယစ်တပ်ဖွဲ့စု(၆)၊ တမူးမြို့တွင် မူးယစ်တပ်ဖွဲ့စု(၇)၊ မုံရွာမြို့တွင် မူးယစ် တပ်ဖွဲ့စု(၈)၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် မူးယစ်တပ်ဖွဲ့စု(၉)တို့အား ဖွဲ့စည်းထားရှိပြီး မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
မူးယစ်ဆေးဖြတ်ကုသရေးအတွက် ယခုအခါတွင် လုံခြုံရေးအရ ခေတ္တပိတ်သိမ်းထားသော ရွှေပြည်သစ်လူငယ်များပြုစုပျိုးထောင်ရေးစခန်းတို့ကို ဖွင့်လှစ်ထားရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့နှင့်ကလေးမြို့ တွင် ဆေးကုသဌာနကြီးနှစ်ခု နှင့် ဆေးကုသဌာနငယ် ၁၄ ခု စုစုပေါင်း ၁၆ ခု ဖွင့်လှစ်ပြီး မူးယစ်ဆေးစွဲလူငယ်များအား ကုသပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုမှတစ်ဆင့် HIV/AIDS ကဲ့သို့သော ကူးစက်ရောဂါများ မပြန့်ပွားရေးအတွက် Myanmar Anti Narcotic Association(MANA)၊ Substance Abuse Research Association(SARA)၊ Burnet Institute Medicines du Monde (MdM)နှင့် Asian Harm Reduction Network (AHRN)တို့မှ မူးယစ်ဆေးစွဲသူတို့ရဲ့နားခိုရာ (Drop in Centre) များ ဖွင့်လှစ်ကာ ဆေးထိုးအပ်နှင့်ဆေးထိုးပြွန်များ ဖြန့်ဝေခြင်း၊ ကွန်ဒုံးဖြန့်ဝေပေးခြင်း၊ မူးယစ်ဆေးစွဲ လူနာများအားကုသရန် စည်းရုံးပို့ဆောင်ပေးခြင်း၊ ခရီးစရိတ်နှင့် အစားအသောက် ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုအတွင်း ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစိုးသိမ်း(ကလေးဝ) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်၍ ကင်ဆာရောဂါ အနာကိုခွဲစိတ်ကုသပြီး ဖြတ်တောက်သော်လည်း ဓာတ်ကင်ရသည့် ကိစ္စမျိုးဖြစ်ပါကြောင်း၊ ယခုမိမိတို့သည် ပြည်ပမှဝင်လာသည့် ဆေးများကို ပြည်တွင်းတွင် အလုံး အရင်းနှင့် ဆေးများဖမ်းမိပါကြောင်း၊ ဖမ်းဆီးထားရုံနှင့် ရပ်ဆိုင်းမထားဘဲ သုံးစွဲသူနည်းပါးပြီး ပပျောက်ရန်အရေးကြီးပါကြောင်း၊ မည်သည့်အချိန်တွင် အားသွန်ခွန်စိုက် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော တာဝန်ရှိသူတစ်ဦး အနေဖြင့် မိမိအပါအဝင် ကျေးလက်ဒေသ၊ မြို့ပြနှင့်ဆင်ခြေဖုံးအသီးသီးကို ကွင်းဆင်းသွားရောက်သည့် အခါများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ်သည် မိမိတို့၏ မျိုးဆက်သစ်အတွက် အန္တရာယ်တစ်ခုဖြစ်သည့်အတွက် ဝန်ကြီးဌာနများအပါအဝင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် နှီးနွှယ်အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်ရာတွင် သုံးစွဲမှုလျော့နည်းရေး သာမက သုံးစွဲမှုကိုကာကွယ်နိုင်ရန်အတွက် မိသားစု အဆင့်မှ တစ်နိုင်ငံလုံး အတိုင်းအတာအထိ အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မြို့ပေါ်၊ ဆင်ခြေဖုံးနှင့် ကျေးလက်ဒေသ အားလုံး နှံ့နှံ့ စပ်စပ်ရောက်ရှိရန်အတွက် ဝန်ကြီးဌာနများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြင် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှုကိုလည်းရယူပြီး အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
