(ဃ)-ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာ မှ ဦးကျောက်ခဲပါ (၅) ဦးပိုင် ကွင်းအမှတ် (၁၄၄၁) ဧက (၂၀) ကျော်ရှိ ယာလုပ်ပိုင်ခွင့် ပုံစံ(၇) အား ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၂)ရက်မြောက်နေ့ (၉.၄.၂၀၁၅)

ညောင်ဦးမြို့နယ် မြေနှဲလေးကျေးရွာမှ ဦးကျောက်ခဲပါ ငါးဦးပိုင် ကွင်းအမှတ်(၁၄၄၁) ဧက ၂၀ ကျော်ရှိ မြေယာများကို လေယာဉ်ကွင်း မြောက်ဘက်သို့ တိုးချဲ့ရန် သိမ်းယူခဲ့ပါကြောင်း၊ သို့ရာတွင် ပုဂံရှေးဟောင်း သုတေသနဌာနခွဲမှ ကျောက်ဂူမင်းသကျမုဘုရား၊ ကုန်းတော်ကြီးဘုရားစသော ဘုရားပေါင်း ၁၄ ဆူတွင် နိုင်ငံဆေးရေး ပန်းချီများရှိသဖြင့် လေယာဉ်ပျံများ ပျံသန်းလျှင်ကွာကျနိုင်သည်ဟု ကန့်ကွက်ခဲ့သဖြင့် လေယာဉ်ကွင်းကို တောင်ဘက်သို့ တိုးချဲ့ရန် အကြံပြုခဲ့ပါကြောင်း၊ တောင်ဘက်သို့ တိုးချဲ့ပြီးစီးသွားပြီဖြစ်လို့ မြောက်ဘက်ကို တိုးချဲ့ရန်အစီအစဉ်မရှိတော့ပါကြောင်း၊ ယခုအခါ အဆိုပါ ဦးကျောက်ခဲပါ (၅)ဦးမှ ယာလုပ်ပိုင်ခွင့်(ပုံစံ-၇) များကို သက်ဆိုင်ရာများသို့ တောင်းခံသော်လည်း မရရှိကြသဖြင့် ယာလုပ်ပိုင်ခွင့်(ပုံစံ-၇) အား ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ထုတ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အကြောင်းကြောင့် ထုတ်မပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမြေနှဲလေးကျေးရွာ ကွင်းအမှတ်(၁၄၄၁) ရှိမြေကို ၁၉၉၄ ခုနှစ်တွင် ညောင်ဦးလေယာဉ်ကွင်းမြေအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရုံး၏ ၂၂-၁၁-၁၉၈၈ ရက်စွဲပါစာအမှတ်၊ ၁၀/၆၀၁-ဆ/အဖရ ဖြင့် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းချက်အရ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးချစေရန် ဆင့်ဆိုပေးပိုင်ခွင့်အား ၂၈-၇-၁၉၉၄ ရက်နေ့တွင် ပြုလုပ်သည့် မန္တလေးတိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၉၄) အရ လေယာဉ်ကွင်းမြေအဖြစ် ခွင့်ပြုမိန့်ချမှတ်ပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ၂၁-၉-၁၉၉၄ ရက်စွဲပါစာအမှတ်၊ ၀၁၃/၃-၃၈/ တဝတ (၁၉၅) အမိန့်အမှတ်(၂၆/၉၄)ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညောင်ဦးလေဆိပ်သို့ တရားဝင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ညောင်ဦးလေဆိပ်အတွက် ရေးဆွဲထားသည့် Master Plan နှင့် Safety Program အရ လေကြောင်းဆိုင်ရာ လုပ်ငန်းများနှင့် လေကြောင်းပျံသန်းမှု အန္တရာယ် ကင်းရှင်းစေရေးအတွက် လေယာဉ်ပြေးလမ်း ချဉ်းကပ်လမ်းများတွင် သစ်ပင်များ၊ အဆောက်အဦများ ကင်းရှင်းရန် လိုအပ်ပါသဖြင့် ပြေးလမ်းမြောက်ဘက်ထိပ် ကွင်းအမှတ် (၁၄၄၁)ရှိ မြေဧရိယာ ၂၀ ဧက ခန့်အား မစွန့်လွှတ်ဘဲ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနပိုင်မြေအဖြစ် ဆက်လက် ထိန်းသိမ်းထားရှိမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

မြေတည်နေရာတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ အမှတ်(၁)ရပ်ကွက် ကွင်းအမှတ်(၁၄၄၁)၊ စုစုပေါင်းမြေ ဧရိယာ ၁၉.၅၄ ဧက ဖြစ်ပါကြောင်း၊ အဆိုပါမြေဧရိယာ ၁၉.၅၄ ဧကအနက် မြေဧရိယာ ၇.၂၅ ဧကသည် ဦးပိုင်ပေါက် ယာမြေများဖြစ်ပြီး ကျန်ဧရိယာ ၁၂.၂၉ ဧကသည် သာသနာမြေအတွင်း ကျူးကျော်စိုက်ပျိုးထားသော ယာမြေများဖြစ်ကြောင်း သိရှိရပါသည်။ ဦးပိုင်ပေါက်သည့် ယာ‌မြေဧရိယာ ၇.၂၅ ဧကကို မန္တလေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ လေယာဉ်ကွင်းမြေအဖြစ် ၂၁-၉-၁၉၉၄ ရက်စွဲပါစာအမှတ်၊ ၀၁၃/ ၃-၃၈/ တဝတ (၁၉၅) အမိန့်အမှတ ်(၂၆/၉၄) ဖြင့် လ/န ၃၉ ခွင့်ပြုမိန့်ပေးခဲ့ ပြီးဖြစ်၍ ပို့ဆောင်ရေးဝန်ကြီးဌာနမှာလည်း စွန့်လွှတ်ခြင်းမရှိသေးသည့် မြေဖြစ်ပါကြောင်း သိရှိရပါသည်။ အဆိုပါမြေကို လက်ရှိအသုံးပြုလျက်ရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ စွန့်လွတ်ပြီးမှသာ လ/န-၃၉ ခွင့်ပြုမိန့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနေဖြင့် ပယ်ဖျက်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ကိုလည်း လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့်က ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးထားသော ယာမြေဧရိယာ ၁၂.၂၉ ဧကမှာ မြေစာရင်းဦးစီးဌာန၏ စာရင်းမြေပုံမှတ်တမ်းများအရ သာသနာ့မြေအဖြစ် သတ်မှတ်ပြီးဖြစ်သည့် မြေတွင် ကျူးလွန် စိုက်ပျိုးခြင်းဖြစ်သည့်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ထုတ်ပေး၍ မရပါကြောင်း သိရှိရပါသည်။ လယ်ယာမြေဥပဒေ အခန်း(၈) ပုဒ်မ ၂၅ ပုဒ်မခွဲ(ဃ)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟုလည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

သို့ဖြစ်ပါ၍ သိမ်းဆည်းမြေများဆိုင်ရာကိစ္စရပ်များအပေါ်မှာဆိုရင် ဒုတိယသမ္မတ ဦးဆောင်တဲ့ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၊ အဆင့်ဆင်သော တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ပူးပေါင်းကော်မတီ များဖွဲ့စည်းပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ယခုတင်ပြပါ မြေဧရိယာ ၁၉.၅၄ ဧက အနက် မြေဧရိယာ ၇.၂၅ ဧကသည် ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနပိုင်မြေအဖြစ် မစွန့်လွှတ်ဘဲ ဆက်လက်အသုံးပြုသွားမည်ဟု သိရှိရပါကြောင်းနှင့် ကျန်မြေ ၁၂.၂၉ ဧကမှာလည်းပဲ စာရင်းမြေပုံမှတ်တမ်းများအရ သာသနာ့မြေဖြစ်သည့်အတွက် (ပုံစံ-၇) ထုတ်ပေး၍ မရပါကြောင်း ဖြေကြားအပ်ပါတယ်။