မိမိအနေဖြင့် ပထမဦးစွာ မေးခွန်းပါဘဏ္ဍာရေးနှစ်များ မှားယွင်းဖော်ပြမိသည့်အတွက် ခွင့်လွှတ်ပေးရန် ပန်ကြားလိုပါကြောင်း၊ အမှန်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဖြစ်ပါကြောင်း၊ ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်တွင် ဖလမ်းမြို့နယ်တွင် ဥပဓိရုပ်အဆိုးဆုံးကျောင်းကို တင်ပြရန် ပညာရေးမြှင့်တင်မှုကော်မတီက တာဝန်ပေးသည့်အတွက် ကျောင်း (၃) ကျောင်း တင်ပြခဲ့ရာ (၂) ကျောင်းမှာ ပြီးစီးသွားပြီဖြစ်ပါကြောင်း၊ သို့သော် ကျန်ရှိနေသော (အ.မ.က) ပါလ်သဲမှာ ယခုအချိန်အထိ အကောင်အထည်ဖော်ထားခြင်း မရှိသည်ကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လက မိမိကိုယ်တိုင် ရောက်ရှိပြီး တွေ့မြင်ခဲ့ရပါကြောင်း၊ ကျေးရွာသားများကို မေးမြန်းရာတွင် ရန်ပုံငွေရရှိခြင်း ရှိ/မရှိ ကိုမသိရပါကြောင်း၊ ထို့ကြောင့် ရန်ပုံငွေကို တခြားနေရာများတွင် ပြောင်းရွှေ့ထားခြင်း ရှိ/မရှိ ကျောင်းအတွက် ခွင့်ပြုထားသော ရန်ပုံငွေများ အသုံးမပြု ခြင်းကို ဝန်ကြီးဌာနက သိရှိခြင်း ရှိ/မရှိ၊ ရန်ပုံငွေကို အသုံးမပြုနိုင်ဘဲ ဘဏ္ဍာရေးနှစ်ကျော်လွန်သွားပါက ပြည်ထောင်စုတွင် ပြန်လည်အပ်နှံခြင်း ရှိ/မရှိမရှိနှင့် ကျောင်းပြန်လည်တည်ဆောက်ပေးရန်အတွက် ဘဏ္ဍာငွေချပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖလမ်းမြို့နယ်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျောင်း (၃) ကျောင်းအတွက် ရန်ပုံငွေကျပ် (၁၈) သန်းစီ ချပေးခဲ့ရာ (၂)ကျောင်းကို တည်ဆောက်ပြီး ဖြစ်သော်လည်း အ.မ.က ပါလ်သဲအတွက် ခွင့်ပြုရန်ပုံငွေမှာ ယနေ့အထိ အကောင် အထည်ဖော်ခြင်းမရှိသဖြင့် မည်သည့်နေရာသို့ ရန်ပုံငွေလွှဲ ပြောင်းခဲ့သည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၌ ချင်းပြည်နယ်တွင် ကျောင်းပြောင်းပြီး ဆောက်လုပ်ရန် ပြည်နယ်အစိုးရထောက်ခံချက်ဖြင့် ကျောင်း(၃) ကျောင်း တင်ပြထားပါကြောင်း၊ ချင်းပြည်နယ်၊ ဖလမ်းမြို့ ပါလ်သဲအခြေခံပညာအထက်တန်းကျောင်းတွင် ၆၀ ပေx ၃၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းတစ်ထပ် အသစ်ဆောက်လုပ်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ခေါင်းစဉ်အောက်မှ ငွေကျပ် ၁၈ သန်းကို ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း ချင်းပြည်နယ်အင်အားစု၏ ထောက်ခံချက်ဖြင့် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ပါလ်သဲ အခြေခံပညာမူလတန်းကျောင်းအစား ခေါလုံး အခြေခံပညာမူလတန်းကျောင်းသို့ ပြောင်းရွှေ့ဆောက်လုပ်ရန် တင်ပြခဲ့သောကြောင့် ကျောင်းအမည် ပြောင်းလဲဆောက်လုပ်ခွင့်အား ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
