(ဂ)-သာယာဝတီမြို့နယ်၊ အသရော်ကျေးရွာအုပ်စု ၊ကျေးလက်ကျန်းမာရေးဌာနအားအသရော်တိုက် နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန်အစီအစဉ် ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၂)ရက်မြောက်နေ့ (၆.၇.၂၀၁၅)

ဦးမောင်မောင် (သာယာဝတီ)အသရော်ကျေးရွာသည် သာယာဝတီမြို့၏ အနောက်ဘက် မြစ်မခ မြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး သာယာဝတီမြို့မှ ၁၅ မိုင် ကွာဝေးသည့်အပြင် မိုးတွင်းအခါတွင်လည်း လှေ၊ မော်တော်များဖြင့်သာ သွားလာ၍ရနိုင်ပါကြောင်း၊ သာယာဝတီ မြို့သို့ သွားရာတွင်လည်း မိုးရာသီဖြစ်စေ နွေရာသီတွင်ဖြစ်စေ သွားလာရန်ခက်ခဲသည့်အပြင် အသရော်ကျေးရွာ၏ အောက်ဘက်  ၁၀ မိုင်အကွာတွင် ရှိသော စံရွေးတိုက်နယ်ဆေးရုံက တဆင့် အရေးကြီးလူနာများကို သာယာဝတီဆေးရုံသို့ ပြန်ပို့ရမည်ဆိုပါက ခရီးမိုင်နှစ်ဆ၊ အချိန်နှစ်ဆ ကုန်သည့်အတွက် ငွေကုန်ကြေးကျများခြင်း၊ လူနာများအသက်ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရခြင်းများ ကြုံတွေ့နေရပါကြောင်း၊

အသရော်ကျေးရွာမှ ကျေးလက်ကျန်းမာရေးဌာနအား ကျေးလက် ကျန်းမာရေးဌာန လေးခုနှင့် ၁၉၉၁ ခုနှစ်က စတင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် မြေဧရိယာ ၅.၀၃၉ ဧကကိုလည်း တိုက်နယ်ဆေးရုံဆောက်လုပ်နိုင်ရန်အတွက် ကျန်းမာရေး ဌာနသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါကြောင်း၊ တိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြုပေးမည်ဆိုပါက ကျေးရွာ အုပ်စု လေးအုပ်စု၊ ကျေးရွာ ၃၉ ရွာ၊ လူဦးရေ နှစ်သောင်းခန့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မည်ဖြစ်သည့်အတွက် အသရော်ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံ အဖြစ် အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ မြို့နယ် အသရော်ကျေးလက်ကျန်းမာရေးဌာနသည် သာယာဝတီဆေးရုံနှင့် ၁၁ မိုင်၊ စံရွေးတိုက်နယ် ဆေးရုံနှင့် ၇ မိုင်ကွာဝေးပါကြောင်း၊ ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း တစ်နှစ်လျှင် တိုက်နယ်ဆေးရုံအသစ် စုစုပေါင်း ၅၁ ရုံဖွင့်လှစ်ရန် စီမံကိန်းလျာထားသတ်မှတ် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တိုက်နယ်ဆေးရုံ (၆)ရုံ လျာထားဆောင်ရွက်ပြီး ဖြစ်ပါသောကြောင့် သာယာဝတီမြို့နယ်၊ အသရော်ကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အစီအစဉ်မရှိသေးပါကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ်တွင် နှစ်အလိုက်စီမံကိန်းလျာထားချက်များ အတွင်း ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။