အရွယ်မရောက်သေးသော ကလေးသူငယ်များကို လုပ်ငန်းခွင်များ၊ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင် များတွင် တွေ့ရှိရခြင်း၊ အဓိမ္မစေခိုင်းမှုများနှင့် စက်ရုံတချို့၏ အန္တရာယ်ရှိသောလုပ်ငန်းများတွင် ခိုင်းစေထားခြင်း၊ အလုပ်သမားအချင်းချင်း အနိုင်ကျင့်မှုများတွင် ကလေးသူငယ်များ အနိုင်ကျင့်ခံနေရခြင်း၊ မီးပွိုင့်များ၊ လမ်းဆုံ လမ်းခွများ၊ ဈေးများ၊ ရပ်ကွက်များတွင် ဈေးရောင်းရင်းတောင်းရမ်း လုပ်ကိုင်ရန်ခိုင်းစေမှုများ၊ အုပ်စုဖွဲ့၍ ကလေး သူငယ်များကို အနိုင်ကျင့်စေခိုင်းမှုများကို တွေ့ရှိပါကြောင်း။
ထို့ပြင် ကလေးသူငယ်များကို စွန့်ပစ်ခြင်းများ ပိုမိုများပြားနှင့်အတူ ထိုသို့စွန့်ပစ်ခြင်းကြောင့် အသက်ဆုံးရှုံးသွား ရသည့် ကလေးများရှိနေခြင်း၊ ကလေးများကို လိမ်ညာခေါ်ဆောင်ခိုးယူရောင်းစားခြင်း၊ မိမိသားသမီး အရင်း ကိုပင် ရောင်းစားမှုများ ဖြစ်ပေါ်နေခြင်းနှင့် မွေးစာရင်းပြည့်စုံမှုမရှိခြင်းများကို လေ့လာတွေ့ရှိရပါကြောင်း။
တပ်မတော်မှ တပ်သားစုဆောင်းရာတွင် အရွယ်မရောက်သေးသော၊ အသက်မပြည့်သေးသော ကလေး သူငယ်များကို စစ်မှုထမ်းခိုင်းခြင်းများ ရှိနေသည့်အတွက် ကန့်ကွက်တောင်းဆိုမှုများနှင့် မိဘများထံ ပြန်လည်အပ်နှံခြင်းများ စသည့်အခြေအနေများကို တွေ့ရှိရသည့် အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ (က) အရွယ်မရောက်သေးသော ကလေးသူငယ်များအား အဓမ္မစေခိုင်းမှုများ၊ အန္တရာယ်ရှိ လုပ်ငန်းခွင်မှကလေးလုပ်သားများ လုပ်ငန်းခွင်၌ အနိုင်ကျင့်ခံကလေးလုပ်သားများ အကျင့်စာရိတ္တ ထိခိုက်စေမည့် ယစ်မျိုးဆိုင်များတွင် ခိုင်းစေခြင်းများ လျော့နည်းပပျောက်စေရန် စီမံချက်ချက် ဆောင်ရွက်ပေးရန်၊ (ခ) ကလေးသူငယ်စွန့်ပစ်ခံရမှုများ၊ ကလေးရောင်းစားမှုများ ပပျောက်စေရန် စီမံချက်ဆောင်ရွက်ပေးရန်၊ (ဂ) ကလေးတိုင်း မွေးစာရင်းပိုင်ဆိုင်ခွင့် ရှိစေရေးအတွက် မွေး ဖွားပြီးစကလေးတိုင်း တောရောမြို့ပါ မွေးစာရင်းကို လွယ်ကူလျင်မြန်စွာထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်၊ (ဃ) အသက်မပြည့်သေးသည့် ကလေးသူငယ်များအား တပ်မတော်တွင်စစ်မှုထမ်းရန် တရားဝင်ငြင်းပယ်ခြင်း၊ တပ်သားသစ်စုဆောင်းရာတွင် အရွယ်မရောက်သေးသူနှင့် အုပ်ထိန်းသူမပါသော ကလေးသူငယ်များအား လက်ခံနေသည်ကို ခွင့်မပြုရန်အတွက် စည်းကမ်းသတ်မှတ်၍ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ် များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်၊ ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကလေးသူငယ်မှုခင်းများ သီးခြား စစ်ဆေးစီရင်၍ ပြစ်မှု ကျူးလွန်သော ကလေးသူငယ်များ၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကလေးသူငယ်ဥပဒေပုဒ်မ ၄ (က) အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကလေးသူငယ်အရေးကို စိတ်ပါဝင်စားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များက အဖွဲ့ဝင်အဖြစ်ပါဝင်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါကော်မတီ၏အောက်တွင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့် ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ကိုလည်း သိရှိရပါကြောင်း၊ ကလေးသူငယ်ဥပဒေပုဒ်မ ၂ အရ အသက် ၁၆ နှစ် မပြည့်သေးသူများကို ကလေးသူငယ်အဖြစ်သတ်မှတ်ပြီး ယင်းဥပဒေအခန်း (၅) တွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ရန်နှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိရန် အခွင့်အရေး၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးများအပြင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အမွေဆက်ခံပိုင်ခွင့်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်များနှင့်ပတ်သက်ပြီး ဇာတိ၊ လိင်၊ လူမျိုး၊ အဆင့်အတန်းမခွဲခြားဘဲ ဥပဒေအရာတွင် ညီမျှသောအခွင့်အရေးများ ရရှိစေရ မည်ဟုလည်း ပြဋ္ဌာန်း ထားရှိပြီးဖြစ်ပါကြောင်း။
မေးခွန်း (က) နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO, INGO များအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင် ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) တို့ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးအစီအစဉ်ကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ ယင်းအစီအစဉ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့်အတူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း NGO, INGO များနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါပူးပေါင်း အဖွဲ့အား ၃၁-၃-၂၀၁၅ ရက်နေ့အထိ အစည်းအဝေး ၁၄ ကြိမ် ပြုလုပ်ခဲ့ပြီး စက်မှုဇုန်များသို့ ကွင်းဆင်း၍ ကလေးသူငယ် အလုပ်သမားများဆိုင်ရာ ကိစ္စရပ်များအား စောင့်ကြည့်လေ့လာ ဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း ရေးဆွဲဆောင် ရွက်လျက်ရှိပါကြောင်း။
အထက်ဖော်ပြပါ မေးခွန်း (က) နှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာဥပဒေ၊ ယစ်မျိုးဥပဒေ၊ အက်ဥပဒေ၊ ကလေးသူငယ်ဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများဖြင့် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များကို ယစ်မျိုးဆက်များ ခိုင်းစေခြင်းမပြုရန် ယစ်မျိုးဥပဒေပုဒ်မ ၂၁ နှင့် ယစ်မျိုးနည်းဥပဒေ ၂၁ ပုဒ်မခွဲ ၅တို့တွင် ပြဋ္ဌာန်းထားရှိပြီး ဖောက်ဖျက်ကျူးလွန်သူကို ယစ်မျိုးဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)အရ အရေးယူအပြစ်ပေး နိုင်ပါကြောင်း၊ ထို့အပြင် ကလေးသူငယ်များအား အသက်ဘေးအန္တရာယ် ဖြစ်စေနိုင်မည့်လုပ်ငန်း၊ ရောဂါဝေဒနာ စွဲကပ်စေနိုင်သော လုပ်ငန်းများနှင့် အကျင့်စာရိတ္တပျက်ပြားစေနိုင်သော လုပ်ငန်းများကို ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ခွင့်ပြုခြင်းကို သီးသန့်ရောင်းချသောနေရာများသို့ ခေါ်ဆောင်သွားခြင်း၊ ဝင်ရောက်ခွင့်ပြုခြင်း၊ အရက်ဝယ်ခိုင်းခြင်း၊ အရက်ရောင်းချခြင်း၊ အရက်သောက်ရန်ခွင့်ပြုခြင်း၊ အရက်ရောင်းဝယ်သည့်လုပ်ငန်းတွင် ခိုင်းစေခြင်း၊ လောင်းကစားရန်တိုက်တွန်းခြင်း၊ သွေးဆောင်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊ ကလေးသူငယ်ထံမှ ပစ္စည်းတစ်စုံတစ်ရာကို အပေါင်ခံခြင်းစသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ကလေးသူငယ် ဥပဒေပုဒ်မ ၆၅ ဖြင့် အရေးယူနိုင်ပြီး ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်ငွေ ၁၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ အုပ်ထိန်းမှုအောက်ရှိ အသက် ၁၆ နှစ်မပြည့်သေးသော မိန်းကလေးသည် အကျင့်စာရိတ္တဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည်ကို သိလျက်နှင့် တမင်လျစ်လျူရှုထားခြင်း၊ အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်များအား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူနှင့်အတူ နေထိုင်နိုင်ရန် သို့မဟုတ် ပေါင်းသင်းသွားလာနိုင်စေရန် ခွင့်ပြုခြင်း၊ မိမိကိုယ်ကျိုးအတွက် ကလေးသူငယ်များ တောင်းရမ်းခိုင်းခြင်း၊ တောင်းရမ်းစားသောက်နေသူကို တားမြစ်ရန်ပျက်ကွက်ခြင်း၊ မိမိက တောင်းရမ်းစားသောက်ရာတွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်း၊ လိမ္မာစေရန် ဆုံးမခြင်းမှတစ်ပါး တမင်နှိပ်စက်ညှင်းပန်းခြင်း၊ ပြစ်မှုကျူးလွန်ခြင်း၊ စွပ်စွဲခံရသော သို့မဟုတ် မှုခင်းတစ်ရပ်ရပ်တွင် သက်သေအဖြစ်ပါဝင်သော ကလေးသူငယ်အချက်အလက်များကို သက်ဆိုင်ရာ ကလေးတရားရုံးက ခွင့်ပြုချက်မရရှိဘဲ ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းများတွင် ဖော်ပြခြင်း၊ ကလေးသူငယ်အား ညစ်ညမ်းသောရုပ်ရှင်၊ ဗွီဒီယို သို့မဟုတ် ဓာတ်ပုံရိုက်ခြင်းစသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ ဖြင့် ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀၀၀၀ ထိဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အရွယ်မရောက်သေးသော ကလေးသူငယ်များအား အဓမ္မခိုင်းစေခြင်း၊ စွန့်ပစ်ခြင်း၊ ရောင်းစားခြင်းအပါအဝင် လူကုန်ကူးမှုများ အရေးယူဆောင်ရွက်နိုင်ရန်နှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို ၂၀၀၄ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၀၄ ခုနှစ်၊ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ကုလသမဂ္ဂ Convention UF Convention ၏ နောက်ဆက်တွဲစာချုပ်ဖြစ်သော လူကုန်ကူးတိုက်ဖျက်ရေး နောက်ဆက်တွဲစာချုပ်နှင့် လူကုန်ကူးတိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲစာချုပ်တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးနောက် ၁၃-၉-၂၀၀၅ ရက်နေ့မှစ၍ လူကုန်ကူးမှုးတားဆီးကာကွယ်ရေးဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၅(က)အရ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကိုလည်း ၁၁-၂-၂၀၀၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟို အဖွဲ့၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအထူးအဖွဲ့ကို အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းခဲ့ရာ ၂၀၁၂ ခုနှစ်အထိ ၂၆ ဖွဲ့အထိ ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ၎င်းအဖွဲ့များကို မြစ်ကြီးနား၊ ဗန်းမော်၊ လွယ်ဂျယ်၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ထားဝယ်၊ မော်လမြိုင်၊ ကော့သောင်း၊ ရန်ကုန်၊ ပဲခူး၊ မိတ္ထီလာ၊ မကွေး၊ မန္တလေး၊ ကလေး၊ စစ်တွေ၊ မောင်တော၊ ပုသိမ်၊ လွိုင်ကော်၊ ဟားခါးနှင့် နေပြည်တော်တို့တွင်လည်း ဖြန့်ခွဲတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၁၃-၂-၂၀၁၃ ရက်နေ့တွင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကိုလည်း အသစ်တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့အပြင် ၂၉-၁၂-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၀/၂၀၁၄) ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၂၆ ဦးပါဝင်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၀/၂၀၁၄) ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၂၆ ဦးပါဝင်သော လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အသစ်တိုးချဲ့ဖွဲ့စည်းခဲ့သော လူကုန်ကူးမှု တားဆီးရေးကွပ်ကဲမှုအောက်တွင် တပ်ဖွဲ့ခွဲ ၃ ခု၊ တပ်ဖွဲ့စု ၁၈ စု၊ တပ်ဖွဲ့စိတ် ၁၁ စိတ်နှင့် လူကုန်ကူးခံရသော ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု ၃ စုကို ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖြန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ လူကုန်ကူးခံရသော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စုများသည် လူကုန်ကူးမှုအပါအဝင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးမှုများကိုလည်း နေရာဒေသအလိုက် ကျောင်းသားကျောင်းသူများ၊ စက်ရုံအလုပ်ရုံများ၊ ပြည်သူလူထုများသို့ အသိပညာပေးဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရသော ကလေးသူငယ်များကို တရားရုံးလုပ်ငန်းစဉ်များတွင် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးခြင်း အဆင့်ဆင့်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီများနှင့် ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများအပါအဝင် ကလေးသူငယ်ဥပဒေပါ အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးဥပဒေပုဒ်မ ၃ အရ လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် အခြားသူတစ်ယောက်ယောက် ထိုသူ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုလုပ်ရန် လူများကိုသိမ်းသွင်းစည်းရုံးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုသည်ဟု ပြဋ္ဌာန်းဖော်ပြထားသည့်အတွက် ကလေးသူငယ်များကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ အဓမ္မခိုင်းစေခြင်းများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အရေးယူအပြစ်ပေးနိုင်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အမိန့်ချမှတ်နိုင်ပါကြောင်း၊ ၎င်းအပြင် ကလေးသူငယ်များ စွန့်ပစ်မှု၊ ခိုးယူရောင်းချမှုများ ပပျောက်ရေးအတွက် အခြားတည်ဆဲဥပဒေများဖြင့် အရေးယူအပြစ်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိဘ၊ ထိန်းသိမ်းသူက အသက် ၁၂ အောက် ကလေးသူငယ်ကို စွန့်ပစ်ခြင်းကို ကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၁၇ အရ အရေးယူ အပြစ်ပေးနိုင်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါကြောင်း၊ ကလေးသူငယ်များအား လိမ်ညာခေါ်ဆောင် ရောင်းစားခြင်း၊ ခိုးယူရောင်းစားခြင်းနှင့် မိမိ၏သားသမီးအရင်းကို ရောင်းစားခြင်းနှင့် ပတ်သက်၍ အရွယ်မရောက်သေးသော မိန်းကလေးများအား ပြည့်တန်ဆာကိစ္စအလို့ငှာ ရောင်းချခဲ့ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၂ အရလည်းကောင်း၊ ထိုသို့ရောင်းချသည်ကို လက်ခံဝယ်ယူပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၃ အရလည်းကောင်း ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပါကြောင်း။
ကျေးလက်ဒေသနှင့် တောနေလူတန်းစားများ သားသမီးငယ်များအား မွေးစာရင်းလွယ်ကူစွာ၊ လျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံ၏ ဖွား/သေမှတ်ပုံတင်ခြင်းစနစ်အား ပိုမိုအားကောင်းလာစေရန်နှင့် နိုင်ငံတကာအဆင့်အတန်းမီသော စနစ်ဖြစ်စေရန် ရည်ရွယ်ပြီး မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၁-၁-၂၀၁၄ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၄/၂၀၁၄) ဖြင့် ဗဟိုအဆင့်နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် ခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုအဆင့်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဖွဲ့ခေါင်းဆောင် အဖြစ်ဆောင်ရွက်ပြီး စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဝန်ထမ်းအကြီးအကဲများက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး ကျန်းမာရေးဦးစီးဌာနက ဦးစီးမှူးများက အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရပ်ကွက်/ကျေးရွာအဆင့်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများအား အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ပြီး အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအဖွဲ့များမှ မွေးဖွားမှုမှတ်ပုံတင်ခြင်း ရက်သတ္တပတ်လှုပ်ရှားမှုများအား မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်ရှိ မြို့နယ် ၄၄ မြို့နယ်တွင် ၂၀-၁၀-၂၀၁၄ ရက်နေ့မှ ၂၂-၁၀-၂၀၁၄ ရက်နေ့အထိ ၅ နှစ်အောက်ကလေး ၁၂၃၆၃၆ ဦးကို UNICEF အကူအညီဖြင့် မွေးဖွားမှုမှတ်ပုံတင်ခြင်း လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ၄-၅-၂၀၁၅ ရက်နေ့မှ ၈-၅-၂၀၁၅ ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်သွားရန်လည်း စီမံဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း။
ကျန်းမာရေးဦးစီးဌာနအနေဖြင့် တောရောမြို့ပါ မွေးစာရင်းကိုလွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် မွေးဖွားသည့်ကလေးတိုင်းကို မှတ်ပုံတင်ပေးနိုင်ရန်နှင့် မွေးစာရင်းလက်မှတ်ရရှိစေရန် ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ဆေးရုံများတွင် မွေးဖွားသည့်ကလေးများအတွက် မွေးစာရင်းလက်မှတ်များကို ဆေးရုံဆင်းသည့်အချိန်တွင် ထုတ်ပေးရန် တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲရှိ သားဖွားခန်းများ၊ ရပ်ကွက်/ကျေးရွာနေအိမ်များတွင် မွေးဖွားသည့် ကလေးများအတွက် မွေးစာရင်းလက်မှတ်ကို တစ်လအတွင်းထုတ်ပေးရန်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လစဉ်ပေးပို့သည့် မွေးဖွားမှုမှတ်ပုံတင်သည့် ကလေးအရေအတွက်အတိုင်း မွေးဖွားသည့်လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးမှူးများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကလေးတိုင်း မွေးစာရင်းရရှိရေးနှင့်စပ်လျဉ်း၍ မွေးစာရင်းလက်မှတ်၏ အရေးပါပုံများအား ပြည်သူတို့ နားလည်သဘောပေါက်စေရန် အသိပညာပေးအစီအစဉ်များကို UNICEF အဖွဲ့နှင့် ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လည်း စီစဉ်ထားရှိပါကြောင်း၊ အရွယ်မရောက်သေးသော အသက် ၁၈ နှစ်မပြည့်သေးသူများကို တပ်မတော်သို့ဝင်ရောက်ခြင်းမှ တားဆီးကာကွယ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်၊ ဧပြီလ ၈ ရက် ရက်စွဲပါဖြင့် ထုတ်ပြန်သော တပ်မတော်စစ်သည်များအတွက် စစ်မှုထမ်းစည်းမျဉ်း၊ ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမှတ် (၁၃/၇၃) တွင် တပ်မတော်သားတစ်ဦးအတွက် လိုအပ်သော အရည်အချင်းများကိုလည်း သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ သတ်မှတ်အရည်အချင်းများမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား/နိုင်ငံသူဖြစ်ရမည်၊ အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၂၅ နှစ်ထက်မကျော်လွန်စေရ၊ စစ်မှုထမ်းများအတွက် သတ်မှတ်ထားသော ကျန်းမာရေးအဆင့်အတန်းရှိရမည်၊ တပ်ဖွဲ့အလိုက် သတ်မှတ်ပြဋ္ဌာန်းထားသော ပညာအရည်အချင်းနှင့်ပြည့်စုံရမည် စသည်တို့ ပါရှိပါကြောင်း၊ အသက်မပြည့်သေးသော ကလေးသူငယ်များကို စစ်မှုထမ်းရန် တရားဝင်ငြင်းပယ်ခြင်းနှင့်ပတ်သက်၍ အသက် ၁၈ နှစ်မပြည့်ဘဲ မှားယွင်းစုဆောင်းခဲ့သော စစ်သည် ၅၉၄ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘအုပ်ထိန်းသူများကို ပြန်လည်လွှဲပြောင်းပေးပြီး စုဆောင်းခဲ့သော အရာရှိ ၅၀ ဦး၊ အခြားအဆင့် ၂၇၇ ဦး စုစုပေါင်း ၃၂၇ တို့ကိုလည်း စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိဘအုပ်ထိန်းသူ မပါသော ကလေးသူငယ်များ လက်ခံနေသည်ကို ခွင့်မပြုခြင်းနှင့်ပတ်သက်၍ စုဆောင်းရရှိသော တပ်သားသစ်များကို တပ်မတော်စစ်သည်များအတွက် စစ်မှုထမ်းစည်းမျဉ်း၊ ကာကွယ်ရေးကောင်စီ ညွှန်ကြားလွှာအမှတ်(၁၃/၇၃)နှင့်အညီ ဆောင်ရွက်ရန်နှင့် ကိုယ်တိုင်ဆန္ဒပြုသူ၊ မိဘသဘောတူညီသူ ဖြစ်ရမည်ဟု အမိန့်နှင့်ညွှန်ကြားချက်များတွင်လည်း ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ကျောင်းထောက်ခံချက်မူရင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တကောင်း မွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ မိသားစုဝင်စာရင်းစသည့် စာရွက်စာတမ်းအစစ်များ ပြည့်စုံမှန်ကန်သူများကိုသာ စိစစ်လက်ခံရန်နှင့် လာရောက်အပ်နှံသော တပ်သားသစ်များ၏ ဇာတိ၊ မြို့/ရွာနှင့် ထောက်ခံချက်၊ အထောက်အထား စာရွက်စာတမ်းများတွင် ပါရှိသော မြို့/ရွာမတူပါက လက်ခံခြင်းမပြုရန် အသက် ၁၈ နှစ်ပြည့်ပြီး အနည်းဆုံး အခြေခံပညာမူလတန်းအောင်မြင်သူများကိုသာ တပ်သားသစ်အဖြစ် လက်ခံဆောင်ရွက်ရန် အမိန့်နှင့် ညွှန်ကြားလွှာများကိုလည်း ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အရွယ်မရောက်သေးသော ကလေးသူငယ်များ အတင်းအဓမ္မပြုခိုင်းစေခြင်း၊ အန္တရာယ်ရှိလုပ်ငန်းခွင်များနှင့် စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင်များတွင် ခိုင်းစေခြင်း၊ မီးပွိုင့်၊ လမ်းဆုံလမ်းခွ၊ ဈေးနှင့်ရပ်ကွက်များတွင် တောင်းရမ်းလုပ်ကိုင်ရန်ခိုင်းစေခြင်းများနှင့်ပတ်သက်၍ တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံကလေးအလုပ်သမားများ ပပျောက်ရေး အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်စွန့်ပစ်ရောင်းစားမှုများ ပပျောက်စေရေးနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြစ်မှုဆိုင်ရာ ဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်များဖြင့် ထိန်းကျောင်းကာကွယ် စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ မွေးဖွားပြီးစကလေးတိုင်း တောရောမြို့ပါ မွေးစာရင်းရရှိရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သတ်မှတ်ရက်အတွင်း လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တပ်မတော်မှာ စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းရာ၌ အသက်မပြည့်သေးသော ကလေးသူငယ်များနှင့် မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်မပါသော ကလေးသူငယ်များအား လက်ခံခြင်းမပြုရန် ကာကွယ်ရေးဝန်ကြီးဌာနမှလည်း အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင် ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ဦးခိုင်မောင်ရည် (အလုံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ အသေးစိတ်ရှင်းပြသွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် တည်ဆဲဥပဒေများနှင့် အရေးယူသည်ဆိုသည့်အပိုင်းတွင် ထိုကဲ့သို့ ဆောင်ရွက်နေသည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် တည်ဆဲဥပဒေနှင့် အရေးယူသည့်အခါ ကလေးသူငယ်များသာမက လူကြီးများပါ မသိပါကြောင်း၊ ကလေးများသည် အရက်ဆိုင်များတွင် ခိုင်းစေပါက ယစ်မျိုးလိုင်စင်အက်ဥပဒေဖြင့် အရေးယူ၍ ရပါကြောင်း၊ ကလေးသူငယ်အက်ဥပဒေပုဒ်မ ၆၆ ဖြင့် တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ်ကျနိုင်သည်ဟူသော ကိစ္စကို တစ်ချို့ဆိုင်ရှင်များက မသိသည့်အတွက် ပညာပေးအစီအစဉ်များကို ရုပ်သံကဖြစ်စေ၊ အသံလွှင့်ဌာနကဖြစ်စေ၊ အကြိမ်ကြိမ်ထုတ်လွှင်ပေးရန် လိုအပ်မည်ဟု ယူဆမိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနက ယခုထက်ပိုပြီး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ပြည်သူများကို ပို၍ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ထောင်ကျနိုင်သည်အထိ ရှိပါကြောင်း၊ ဘယ်ကိစ္စများက ဘယ်လိုရှိသည်ကို ကျယ်ကျယ်ဝန်းဝန်း ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
မိမိတို့ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးမှုဆိုင်ရာ တားဆီးကာကွယ်ရေးကိစ္စများ၊ ကလေးသူငယ်ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေသည် ကလေးသူငယ်များ၏ ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်သော ကိစ္စများကို တားဆီးသော ဥပဒေတစ်ရပ် ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းပြီး သူတို့၏ အခွင့်အရေးမဆုံးရှုံးရန် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံကလေးအလုပ်သမားများ ပပျောက်ရေး အစီအစဉ်ဆောင်ရွက်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများကိုလည်း မိမိတို့ မူကြမ်းရေးဆွဲ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သကဲ့သို့ လူကုန်ကူးမှုတားဆီးနိုင်ရေးအတွက် မိမိ တင်ပြဆွေးနွေးသည့်အတိုင်း ၂၀၀၄ ခုနှစ်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဖွဲ့စည်းဆောင်ရွက်ခဲ့သော်လည်း တွင်တွင်ကျယ်ကျယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် အစိုးရသစ်တာဝန်ယူမှုနောက်ပိုင်းတွင် ၂၀၁၃ ခုနှစ်၌ လူကုန်မှု တားဆီးနှိမ်းနင်းရေးရဲတပ်ဖွဲ့ကို သီးခြားဖွဲ့စည်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် လူကုန်မှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးကိစ္စများ၊ ကလေးသူငယ်များအခွင့်အရေးနှင့် ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် ဆောင်ရွက်ရာတွင် ၂၀၁၁ ခုနှစ်အတွင်း မြစ်ကြီးနားတွင် ၃၉ ကြိမ် အသိပညာပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပါကြောင်း၊ ထို့အပြင် နံရံကပ်စာစောင်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အဖွဲ့အစည်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ဆောင်ရွက်ရာ၌ မြစ်ကြီးနားမြို့တွင် ၃၉ ကြိမ်၊ ဗန်းမော်မြို့တွင် ၁၈ ကြိမ်၊ သက်ဆိုင်ရာ လွယ်ကျယ်၊ မူဆယ်မြို့တွင် ၈၅ ကြိမ် ဆောင်ရွက်နိုင်ပြီး တက်ရောက်သူ ၁၁၃၀၀၀ ဦးခန့် ရှိပါကြောင်း၊ သက်ဆိုင်ရာနံရံကပ်စာစောင်များ၊ လက်ကမ်းစာစောင်များ၊ မြေစိုက်ပိုစတာများနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်သကဲ့သို့ ရံဖန်ရံခါ မိမိတို့ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ စသည်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြီးခဲ့သော ဧပြီလ ၇ ရက်နေ့က သတင်းစာထဲတွင် လူကုန်မှုတားဆီးနိုင်ရေးအတွက် ဆောင်ရွက်ချက်ဖြစ်သော လူခိုးယူသူ ၈၃ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါကြောင်း၊ လူမှောင်ခို ၁၈ ဦးကိုလည်း ဖော်ထုတ်ဖမ်းဆီးပြီး တည်ဆဲဥပဒေများ အရေးယူဆောင်ရွက်သော နယ်မြေကို သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးသကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက်လည်း လက်ကမ်းစားစောင်များ ဖြန့်ဝေသကဲ့သို့ ပညာပေးလုပ်ငန်းများကို စာသင်ကျောင်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆေးရုံများ စသည့် လူစည်ကားသောနေရာ များတွင် ဆောင်ရွက်သကဲ့သို အသိပညာပေး ဆိုင်းဘုတ်များ ဖြန့်ဝေခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည်ဖြစ်ပြီး သတင်းထုတ်ပြန်သော စာများကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီး အကြံပြုဆွေးနွေးသလိုကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြား ပါသည်။
