(ဇ)-ကျပ် နှစ်သိန်းတန် ဆိုလာမီးတွင်ပါဝင် ရမည့် ပစ္စည်းအရေအတွက်နှင့် အရည်အသွေးကို မည်သို့သတ်မှတ် ထားပါသနည်း၊ ဝန်ကြီးဌာန (၂) ခုမှ ဆောင်ရွက်နေသော ကျပ် နှစ်သိန်းတန် ဆိုလာမီး အမျိုးအစား၊ အရည်အသွေး ကွာခြားနေခြင်းမှာ အဘယ်ကြောင့်နည်း တို့နှင့် စပ်လျဉ်းသည့် မေးခွန

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၆.၂၀၁၄)

ဦးခင်မောင်ရွှေ၊ (တမူး) ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ကျေးလက်ဒေသဦးစီးဌာနမှ တမူးမြို့နယ် နန်းခေါက်ခေါက်ကျေးရွာသည် ပြည်ထောင်စုဘတ်ဂျတ်မှ တစ်အိမ်လျှင်နှစ်သိန်းတန် ဆိုလာမီးအလုံး ၁၀၀ ရရှိခဲ့ပါကြောင်း၊ သို့သော် နန်းခေါက်ခေါက်ကျေးရွာသည် တိုင်းဒေ သကြီး ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ဒီဇယ်အင်ဂျင်စက်နှင့် မီးလင်းရေးကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်ရှိ မြို့နယ်အထောက်အကူပြု ကော်မတီများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ညှိနှိုင်းပြီး အဆိုပါ နန်းခေါက်ခေါက်ကျေးရွာအစား ပွတ်သာကျေးရွာသို့ ပြောင်းရွှေ့ပေးရန် တင်ပြခဲ့ကြောင်း၊ သို့သော် အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာမရရှိဘဲ ပြီးခဲ့သည့်နွေရာသီကာလတွင် ပွတ်သာကျေးရွာတွင် ဆိုလာမီး အောင်မြင်စေရန် ကုမ္ပဏီက လာရောက်တပ်ဆင်သည်ကို တွေ့ရပါကြောင်း၊ ထိုဆိုလာမီးသည် မိမိတို့ဆိုလာမီး၏ ၃၀ ဝပ်ခန့်မရှိဘဲ ကွန်ထိုနာတစ်လုံးနှင့် မီးသီးလေးလုံးခန့်သာပါပြီး မီးထွန်းရုံမျှသာ ဖြစ်ပါကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ခမ်းပါတ်မြို့နယ်ခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဘတ်ဂျတ်ဖြင့် ၂ သိန်းတန်းဆိုလာမီး ဆောင်ယူပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် တင်ဒါကို မည်မျှအောင်မြင်သည်ကို မသိသော်လည်း ရွာတွင်  တပ်ဆင်ထားသည်မှာ ဝပ် ၁၀၀ ခန့်ရှိသည့် ဆိုလာပြား ၇၀ ဗို့အားရှိသည့် ဘတ္ထရီအိုး၊ အင်ဗာတာ၊ မီးသီးများ အပါအဝင် တီဗွီကြည့်ရှုနိုင်သောကြောင့် ကျေးရွာပြည်သူများ များစွာဝမ်းမြောက်လျက်ရှိကြပါကြောင်း၊ ဒေသခံပြည်သူများက မူလက နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးသည့် ဆိုလာပုံစံမျိုးရရှိမည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်ပေးသည့် ဆိုလာမီးသည် ကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် (၁) ကျေးလက်ဝန်ကြီးဌာနက တစ်အိမ်လျှင် ၂ သိန်းတန် ဆိုလာမီးတွင် ပါဝင်ရမည့် ပစ္စည်းအရေအတွက်နှင့် အရည်အသွေး၊ အမျိုးအစား၊ အဆင့်အတန်းကို မည်သို့သတ်မှတ် ထားသည်ကို သိရှိလိုကြောင်း၊ (၂) မွေးမြူရေး၊ ရေလုပ် ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တမူးမြို့၊ ပွတ်သာကျေးရွာတွင် ဆောင်ရွက်နေသော ဆိုလာမီးသည် နန်းခေါက်ခေါက်ကျေးရွာ အစား ပေးထားသော ဘတ်ဂျက်ပါ ၂ သိန်းတန် ဆိုလာမီး အမျိုးအစားဖြစ်/မဖြစ် သိရှိလိုကြောင်း၊ ဖြစ်ခဲ့မည်ဆိုပါက ၂ သိန်းတန်းဖြစ်နိုင်/မဖြစ်နိုင် စစ်ဆေးပေးရန်ရှိ/မရှိ၊ (၃) နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားသော ရွာသာကျေးရွာရှိ ဆိုလာမီး ၂ သိန်းတန် အမျိုးအစားနှင့် ယခုဝန်ကြီးဌာနမှ ပွတ်သာကျေးရွာ တွင်ဆောင်ရွက်ပေးနေသော ဆိုလာမီး ၂ သိန်း တန်အမျိုးအစားများ အရည်အချင်းကွာခြား နေသည်မှာ မည်သည့်အတွက်ကြောင့်နှင့် (၄) နောင်တွင် ယခုကဲ့သို့မဖြစ်စေရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

ကျပ် နှစ်သိန်းတန် ဆိုလာမီးတွင်ပါဝင် ရမည့် ပစ္စည်းအရေအတွက်နှင့် အရည်အသွေးကို မည်သို့သတ်မှတ် ထားပါသနည်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားသော ကျပ် နှစ်သိန်းတန်ဆိုလာမီးနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန မှ ဆောင်ရွက်နေသော ကျပ် နှစ်သိန်းတန် ဆိုလာမီး အမျိုးအစား၊ အရည်အသွေး ကွာခြားနေခြင်းမှာ အဘယ်ကြောင့်နည်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း  

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ယခင်နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့စဉ် တစ်အိမ်လျှင် ကျပ်နှစ်သိန်းဖြင့် တမူးမြို့နယ်၊ ရွာသာကျေးရွာ၌ ဆောင်ရွက်ရာတွင် သတ်မှတ်စံနှုန်းဖြစ်သည့် ဆိုလာပြားသည် 80-90 W ထိ၊ ဘတ္ထရီ 12 V/65 Ah ဖြစ်ပါကြောင်း၊ ကွန်ထရိုလာ10 A တစ်လုံးဖြစ်ပြီး အင်ဗာတာ 300 W တစ်ခုဖြစ်ပါကြောင်း၊  LED မိုးလုံး 3 W  နှစ်လုံးနှင့် မီးချောင်း တစ်ချောင်း အသုံးရန်ပြုရန်ညွှန်ကြားပြီး တင်ဒါဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မီးလင်းရေး ခွင့်ပြုရန်ပုံငွေမှရသည့် စစ်ကိုင်းတိုင်းဒေသကြီး ရန်ပုံငွေ ၉၀.၈ သန်း ဖြည့်စွက်ရန်ပုံငွေနှင့် ပေါင်းပြီး ရန်ပုံငွေလွှဲပြောင်းပြီး တိုင်းဒေသကြီမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှလည်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တစ်အိမ်လျှင် နှစ်သိန်းနှုန်းနှင့်ပင်  92 W ဆိုလာပြားတစ်ချပ်၊ 12V ဘတ္ထရီ၊ 75 Ah တစ်လုံး၊ ကွန်ထရိုလာနှင့် အင်ဗာတာတစ်ခု 10 A/12V-24V၊ ကေဘယ်ကြိုး 5m အရှည် နှစ်ချောင်း၊ LED မီးလုံး 3W နှစ်လုံး၊ ဖုန်းအားသွင်းနိုင်သည့်အရာတစ်ခု၊ TV 22" Flat (LCD) ကြည်‌့နိုင်ရန်နှင့် အိမ်ခြေ ၄၂၄ အိမ်အတွက် ရန်ပုံငွေ ခွင့်ပြုခဲ့ပါကြောင်း၊ သို့သော်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တင်ဒါခေါ်ပေးရာတွင် နိုင်ငံတော်မှ Quick win ရရှိရန်အတွက် စံသတ်မှတ်ချက်ကြောင်း ပြောင်းလဲပြင်ဆင်ခဲ့ပြီး Lighting တစ်မျိုးတည်းသာသုံးနိုင်သည့် 20W ဆိုလာပြား တစ်ချပ်၊ ဘတ္တရီ 12V/12Ah တစ်လုံး၊ ကွန်ထရိုလာ 5A ကေဘယ်ကြိုးနှင့် LED မီးလုံး 3 W သုံးလုံးနဲ့ အပိုတစ်လုံး၊ တစ်အိမ်လျှင်ကျသင့်ငွေ ၅၄၇၀၀ ကျပ်နှုန်းဖြင့် တင်ဒါခေါ်ယူပြီး အိမ်ခြေပေါင်း ၁၅၅၀ အိမ်အထိ မီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မူလလျာထားသည့် ၄၂၄ အိမ် ထက်ပို၍ အိမ်ခြေပေါင်း ၁၁၂၆ အိမ် တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။

၂၀၁၃-၂၀၁၄ ဖြည့်စွက်ရန်ပုံငွေတွင်လည်း ကျပ် ၄၇၀.၆ သန်းကို မြို့နယ် (၈) မြို့နယ်၊ ကျေးရွာပေါင်း (၁၃) ရွာ၊ အိမ်ခြေ ပေါင်း ၂၅၀၀  ဆိုလာမီးလင်းရေးအတွက် ခွင့်ပြုရရှိသည့်ငွေကို တိုင်းဒေသကြီးအစီအစဉ်ဖြင့် လွှဲပေးလိုက်ပါကြောင်း၊  အရည်အသွေးအားဖြင့် 20W ဆိုလာပြားတစ်ချပ်၊ 12V ဘတ္ထရီတစ်လုံး၊ ကွန်ထရိုလာတစ်ခု၊  UBS ပေါက်ပါတစ်ခုနှင့် Solar Pannal Cable (5M) ရှည် (၁) ချောင်း၊  LED မီးလုံး (၃) လုံး၊  3W (၂) လုံး  (Mobile Lamp) အတွက်ဆောင်ရွက်ပြီး အလင်းရောင် (၃) မျိုးသုံးနိုင်သော (DC Cable) ပါသည် Mobile Land (၂) လုံး၊  TV 21" နှင့်  DVD စက်အသုံးပြုနိုင်သော Multi-Head များကို ခွင့်ပြုလိုက်ပါကြောင်း၊ ၎င်းတို့ကို ရွေးချယ်ပြီး  တစ်အိမ်လျှင် ၇၇၀၀၀ ကျပ်ဖြင့် အိမ်ခြေ ၆၁၁၂ အိမ် တင်ဒါအောင်မြင်ခဲ့ပြီး တိုင်းဒေသကြီး၏ အစီအစဉ်ဖြင့် အိမ်ခြေပေါင်း ၃၇၅၉ အိမ် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဖြည့်စွက်ရန်ပုံငွေတွင် အိမ်ခြေပေါင်း ၂၅၅၃ အိမ် လျာထားသောလည်း တိုင်းဒေသကြီးအစီအစဉ်အရ ၇၇၀၀၀ နှုန်းဖြင့် စံချိန်စံညွှန်းသတ်မှတ်ရာတွင် အိမ်‌ခြေပေါင်း ၃၇၅၉ အိမ် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် ဆိုလာမီး ကျပ် (၂) သိန်းတန်အမျိုးအစားနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၌ တိုင်းဒေသကြီးကိုရန်ပုံငွေ တိုက်ရိုက် လွှဲပြောင်းပေးသည့်အတွက် တိုင်းဒေသကြီးမှ လုပ်ငန်းကို အကောင်အထည်ဖော်ရာတွင်  ကျေးရွာများပိုရပြီး  Quick Win ရရှိစေရန် ဦစားပေးသည့်အတွက် အိမ်ခြေများများရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်  မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ဘဏ္ဍာငွေများကို သတ်မှတ်ထားသည်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့များကို ပြည်သူဗဟိုပြုစီမံခန့်ခွဲမှုစနစ်ကျင့်သုံးပြီး ဒေသအလိုက် လိုအပ်ချက်နှင့် တောင်းဆိုချက်များကို ဆောင်ရွက်ရခြင်းဖြစ်အတွက် စံသတ်မှတ်ချက်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တစ်အိမ်ထောင်လျှင် (၂) သိန်းနှုန်းသာ ပြန်လည်သတ်မှတ်ပေးပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရန်ပုံငွေ ကျပ် ၃.၃ ဘီလီယံ ခွင်‌့ပြုထားပြီး ရုပ်သံကြည့်နိုင်ရန်၊ လက်ကိုင်ဖုန်းများအသံသွင်းနိုင်ရန်၊ ဒေသခံပြည်သူများ၏ ဝယ်ယူသုံးနိုင်မှု၊ ရုပ်မြင်သံကြားစက်ဖမ်းယူကြည့်ရှုနိုင်မှု၊ ဝယ်ယူနိုင်မည့်အခြေအနေနှင့် ပြည်သူလူထု၏ ဆန္ဒနှင့် အညီ တိုင်းဒေသကြီးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းတင်ပြလိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရများ၏ အစီအစဉ်ဖြင့် ကျေးရွာများ၏ ရရှိနိုင်မှု၊ ကျေးရွာပြည်သူလူထု၏ ဆန္ဒ၊ တယ်လီဖုန်းဖမ်းနှိုင်မှု၊ တီဗီကြည့်ရှုနိုင်မှု အပေါ်မူတည်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၃.၃ ဘီလီယံခွင်‌့ပြုထားပြီး ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ ညှိနှိုင်းပြီး သက်ဆိုင်ရာကို တင်ပြဆောင်ရွက်ပါ ဖြစ်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခင်မောင်ရွှေ (တမူး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ ပွတ်သာကျေးရွာတွင် မီးဆင်ခဲ့ပြီး တစ်လမပြည့်မီ ကျေးရွာများ အသစ်လာသည့်အတွက် တမူးမြို့ရှိ သက်ဆိုင်ရာ ကျေးလက်ဦးစီးဌာနကိုတင်ပြရာတွင် ၎င်းတို့မှတဆင့် ဆင့်ဆင့်အကြောင်းကြားပြီး အထက်၏ ခွင့်ပြုချက်အရ ပြန်ပြင်ရပါကြောင်း၊ ဝန်ကြီးဌာနက ပြည်သူများ TV ကြည့်နိုင်လောက်သည့် အဆင့်ကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ (၂)သိန်းတန်ကို ဆောင်ရွက်မပေးနိုင်သော်ငြားလည်း (၁) သိန်းတန်အဆင့်ကို ဆောင်ရွက်ပေးမည်ဆိုပါက TV ကြည့်၍ ရနိုင်ပါကြောင်း၊ ကျေးရွာများ အိမ်ခြေများများမီးလင်းနိုင်ရေးကို အလေးထားဆောင် ရွက်ပေးခြင်းသည် ကောင်းသော်လည်း မီးလင်းရေးဆောင်ရွက်သည့်လုပ်ငန်း ကြာရှည်မခံပါက အပြောခံရမည်ဖြစ်ပါကြောင်း၊ ပွတ်သာကျေးရွာတွင် ဆောင်ရွက်ပြီး တစ်လအတွင်း အိမ်ခြေ ၂၀ ခန့် ပြုပြင်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ပစ္စည်းများ၏ အရည်အသွေး၊ အတိုင်းအတာ၊ စံချိန်စံညွှန်း ကိုက်/မကိုက် စစ်ဆေးသင့်ပါကြောင်းနှင့် စံနှုန်းအတိုင်းဆောင်ရွက်ပေးမည်ဆိုပါက ရရှိသည့်ပြည်သူများ ရသလောက်အထိ အကျိုးရှိမည်ဖြစ်ပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးတင်ငွေ 

ယခုနှစ်ဘတ်ဂျက်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖြင့် နှစ်သိန်းတန် မဟုတ်သော်လည်း တစ်သိန်းတန် TV ကြည့်နိုင်သည့်အဆင့်အထိ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူလူထုကို သိအောင်ချပြပြီး ဆောင်ရွက်နေပါကြောင်း၊ မိမိအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာဆပ်ကော်မတီ ဒလဘာတီ ဥက္ကဋ္ဌနှင့် သွားရောက်၍ ယခုနှစ်ဘတ်ဂျက်အမီ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။

ပိုမိုရှင်းလင်းစေရန်ပြောကြားစေလိုပြီး နိုင်ငံတော်က ချမှတ်ပေးသည့် ဘတ်ဂျက်များကို တိုင်းဒေသကြီးကို လွှဲပေးပြီး တိုင်းဒေသကြီးမှ မီးများဆင်ပေးသည်မှာ မှန်/မမှန် သိရှိလိုကြောင်း သုံးသပ်ပြောကြားသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးတင်ငွေ 

နိုင်ငံတော်က ချမှတ်ပေးသည့် ဘတ်ဂျက်များကို တိုင်းဒေသကြီးကို လွှဲပေးပြီး တိုင်းဒေသကြီးမှ မီးများဆင်ပေးသည်မှာ မှန်ပါကြောင်း ဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။

ထိုကိစ္စသည် ပြီးခဲ့သော နှစ်ကာလက ဝန်ကြီးဌာနမှ တိုက်ရိုက်လုပ်ပေးပါကြောင်း၊ ထိုသို့ပြုလုပ်ပေးခြင်းသည် ကိုယ်စားလှယ်ကြီးက ဒေသတွင် အရင်က လုပ်ဆောင်ချက်နှင့် ယခုလုပ်ဆောင်ချက်တွင် မည်သည်က ပိုမိုကောင်းမွန်သည်ဟု ထင်မြင်မိသည်ကို သိရှိလိုကြောင်း သုံးသပ်ပြောကြားပါသည်။

ဦးခင်မောင်ရွှေ (တမူး)

အရင်က လုပ်ဆောင်ချက်သည် ပိုမိုကောင်းပါကြောင်း ဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။

ထိုတာဝန်ကို ဝန်ကြီးဌာန သို့မဟုတ် တိုင်းဒေသကြီးက တာဝန်ယူရမည်ကို သိရှိအောင်ပြုလုပ်၍ ပို၍ကောင်းသောစနစ် ဖြစ်စေရန်  ဆက်လက်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းပိုင်းနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရမည်မှာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကြားတွင် ပြုလုပ်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ပေးလိုက်သည့်ငွေကို စနစ်တကျမှန်မှန်ကန်ကန်အသုံးပြုရန်နှင့် အသုံးပြုသည့်ပစ္စည်းများသည် အရည်အချင်းပြည့်မီသော ပစ္စည်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ရှင်းနိုင်မည်ဆိုပါက ရှင်း၍ မရှင်းနိုင်ပါက မိမိတို့ ဆက်လက်ပြီး ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများလည်း ပေါ်ပေါက်လာနိုင်ပါကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရာတွင် ပြည်သူ့ဗဟိုပြု၊ ပြည်သူ့အခြေပြုသည့်နေရာတွင် ပြည်သူ့၏ လိုအပ်ချက်ကိုအမှန် အတိုင်း ပေးထားသည့်ငွေအတိုင်း အရည်အသွေးပြည့်စွာ ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ပြည်သူ့ငွေများဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်ဆောင်ရာတွင် မှန်မှန်ကန်ကန်နှင့် စနစ်တကျ အရည်အချင်းပြည့်မီသော လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း သုံးသပ်ပြောကြားပါသည်။