မြန်မာတစ်နိုင်ငံလုံး ဖြစ်နေသည့် GSM နှင့် CDMA ဖုန်းလိုင်းမမိသည့် ကိစ္စသည် တစ်နိုင်ငံလုံး အတိုင်းတာနှင့် ဖြစ်နေပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆက်သွယ်ရေးမှ CDMA၊ GSM ဖုန်းများ ခွဲတမ်းရသည့်အတွက် ပြည်သူများ တစ်ခါမှမရရှိဘူးသည့် အခွင့်အရေးမျိုးရသည့်အတွက် အင်မတန်ဝမ်းသာနေကြပါကြောင်း၊ သို့သော်လည်း အခက်အခဲ ဖြစ်နေသည်မှာ CDMA ဖုန်းများမမိပါကြောင်း၊ မိမိတို့ဝေါမြို့ပေါ်ရှိ ၃၊ ၄ မိုင်လောက်ကွာဝေးသည့် အခါတွင်လည်း CDMA ရော GSM ပါမမိတော့ပါကြောင်း၊ ဝေါမြို့နယ်၊ ညောင်ခါး ရှည်ကျေးရွာရှိ GSM တိုင်တစ်တိုင်ပြီးသွားပြီး အသုံးပြုလို့မရသေးပါကြောင်း၊ စုံစမ်းကြည့်တော့ ဒီတိုင်များသည် GSM တို့၊ CDMA တို့ ၁၄၊ ၁၅ တိုင် ထပ်စိုက်မည့်အစီအစဉ် ရှိသည်ဟုပြောပြီး ယခုလောလောဆယ် တိုင်တစ်တိုင်တည်းနှင့် အလုပ်လုပ်နေရသည့်အတွက် ဖုန်းများရှိသော်လည်း ဆက်သွယ်လို့မရသည့် အခက်အခဲများဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၎င်းအခက်အခဲများကို မည်သို့ဖြေရှင်းပေးမည်နှင့် မည်သည့်အချိန်တွင် ဖြေရှင်းပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းတွင် GSM စခန်း ၆၅ ခု၊ WCDMA စခန်း ၄၆ ခု၊ CDMA-450 စခန်း ၁၁ ခု နှင့် CDMA-800 စခန်း ၅ ခုကို မိမိတို့ တပ်ဆင်ဖွင့်လှစ်ထားပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်းတွင် မိုဘိုင်းရေဒီယို စခန်းများကို ဝေါမြို့နယ်ရှိ ညောင်ခါးရှည်ကျေးရွာ၊ ကျောက်တံခါးမြို့နယ်၊ သနပ်ပင်မြို့နယ် ု၊ ကဝမြို့နယ်၊ ဖြူးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ အုတ်တွင်းမြို့နယ်များရှိ စခန်းတစ်ခုစီ၊ ကျောက်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်တွင် စခန်းနှစ်ခုစီနှင့် ပဲခူးမြို့နယ်တွင် စခန်းသုံးခု စုစုပေါင်း စခန်း ၁၅ ခု တည်ဆောက်လျက်ရှိသည့် နေရာတွင် အခြေခံလုပ်ငန်းများ တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ ရေဒီယိုစခန်းတွင် စက်တပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်ခန့်တွင် အားလုံးပြီးစီးအောင်လုပ်ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KSGM Co.Ltd တို့ ပူးပေါင်းဆောင်ရွက်နေသည့် ဒုတိယအဆင့်စီမံကိန်းအရ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတွင် GSM ရေဒီယိုစခန်း ၉၉ ခုကို ထပ်မံတည်ဆောက်သွားရန်လည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် Telenor Myanmar Limited အနေနှင့် ဝေါမြို့နယ်၊ ငှက်ချေဝင်းရပ်ကွက်တွင် တာဝါတိုင်တစ်တိုင်၊ ကျိုက်လှရပ်ကွက်မှာ တာဝါတိုင်တစ်တိုင် စုစုပေါင်းတာဝါတိုင်နှစ်တိုင် တည်ဆောက်ပြီးဖြစ်သည့် အပြင် ဝေါမြို့နယ် ကန်တော်ရပ်တွင်၊ ကွေးကြီးအုပ်စု ဖိုးစိန်နာစုကျေးရွာ အိမ်အမှတ် ၇၅၂ နှင့် ညောင်ကန်ကျေးရွာ အိမ်အမှတ် ၁၁၂ တို့တွင် တာဝါတိုင်တစ်တိုင် စုစုပေါင်းတာဝါတိုင်သုံးတိုင် တည်ဆောက်လျက်ရှိပါကြောင်း၊ အလားတူ Ooredoo Myanmar Limited မှလည်း ဝေါမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဧကရာဇ်ကျေးရွာ၊ ကြိုက်လှကျေးရွာ၊ အဗျာငှက်ချေဝင်းကျေးရွာ၊ ကွေးကြီးအုပ်စု ဖိုးစိန်နာစုကျေးရွာတွင် တာဝါတိုင်တစ်တိုင်နှင့် ဆီးဖြူကုန်းအုပ်စု ကွင်းအမှတ် (၁၂၁၄/အေ) ဦးပိုင်အမှတ်(၆၃/၁)တွင် တာဝါတိုင်တစ်တိုင် စုစုပေါင်းတာဝါတိုင် ၆ တိုင်ကို တည် ဆောက်လျက်ရှိပါကြောင်း၊ ဆက်လက်ပြီး Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို့အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မြို့ပေါ်များသာမက ကျေးလက်ဒေသအထိ မိုဘိုင်းတယ်လီဖုန်းကွန်ရက် လွှမ်းခြုံအသုံးပြုနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
