စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းရှိ ဟုမ္မလင်း၊ ဖောင်းပြင်၊ ခန္တီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဒေသခံပြည်သူအများစုသည်လည်း ကဏ္ဍစုံတွင် များစွာ နောက်ကျကျန်ရစ်နေပါကြောင်း၊ ယခုအစိုးရ လက်ထက်တွင် တိုးတက်မှုအနည်းငယ်ရှိသော်လည်း လိုအပ်ချက် များစွာရှိနေပါကြောင်း၊ ဟုမ္မလင်းမြို့နယ် လူဦးရေသည် ပြောင်းရွှေ့လူဦးရေအပါအဝင် ၂၃၀၀၀၀ ကျော်မျှ နေထိုင်လျက်ရှိပြီး (၆)မြို့နယ်ဆိုပါက လူဦးရေ ခြောက်သိန်းခန့်ရှိပါကြောင်း၊ ၎င်းဒေသမှ နှစ်စဉ် ပျမ်းမျှ ၁၀၀၀ ခန့်အောင်မြင်သည့်အတွက် အောင်ချက်ရာခိုင်နှုန်းနည်းပါကြောင်း၊ ယခုစာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်သော ကျောင်းသားကျောင်းသူများသည် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ၅၈၃ ဦး၊ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တွင် ၃၉၀ ဦး၊ နတလ လက်အောက်ခံကျောင်းများတွင် ၃၃၀ ဦး၊ အဝေးသင်တက္ကသိုလ်တွင် တက်ရောက်သင်ကြားသူ ၁၈၆၅ ဦး ရှိပါကြောင်း၊ တချို့ ငွေကြေးမတတ်နိုင်သော ကလေးများအနေဖြင့် ရွှေမျှောများတွင် ဝင်ရောက်လုပ်ကိုင်ပြီး မလိုလားအပ်သော ပြဿနာများဖြင့် ဘဝပျက်ခဲ့ကြသူများလည်း ရှိပါကြောင်း။ ထို့ကြောင့် ဟုမ္မလင်းမြို့ပေါ်တွင် ဝိဇ္ဇာသိပ္ပံ ကောလိပ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၄-၂၀၁၅ ခု ပညာသင်နှစ်တွင် မုံရွာတက္ကသိုလ်၌ ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်ရှိ မြို့နယ်အလိုက် နေ့သင်တန်း တက်ရောက်သင်ကြားနေသော ကျောင်းသား ကျောင်းသူများကို စိစစ်ရာတွင် ခန္တီးမြို့နယ်မှ ၉၂ ဦး၊ ဟုမ္မလင်းမြို့နယ်မှ ၃၇၅ ဦး၊ လေရှီးမြို့ နယ်မှသုံးဦး၊ လဟယ်မြို့နယ်မှသုံးဦး၊ မော်လိုက်မြို့ နယ်မှ ၁၆၀ ဦး၊ ဖောင်းပြင်မြို့နယ်မှ ၂၂၀ ဦး နန်းယွန်းမြို့နယ်မှ တက်ရောက်သူမရှိဘဲ စုစုပေါင်း ၈၅၃ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
ကောလိပ်တစ်ခုဖွင့်လှစ်နိုင်ရန် ဖွဲ့စည်းပုံအရ ခွင့်ပြုသည့် ကျောင်းသားကျောင်းသူ အနည်းဆုံးဝင်ဆံ့အင်အား ၂၀၀၀ ရှိရမည့်အပြင် အဆောက်အဦ၊ မြေနေရာ၊ သင်ကြားပို့ချသော ဆရာဆရာမ၊ ဝန်ထမ်းအင်အား၊ သင်ထောက်ကူပစ္စည်း၊ ကျောင်းသုံး ပရိဘောဂပစ္စည်းများဖြည့်ဆည်းပေးရန် လိုအပ်မည်ဖြစ်သည့်အတွက် ကျောင်းသူ ကျောင်းသားဝင်ဆံ့အင်အား ပြည့်မီသည့်အချိန်တွင် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တက္ကသိုလ်များစုစည်းမှုအစီအမံ ရေးဆွဲချိန်တွင်လည်းကောင်း ဟုမ္မလင်းမြို့တွင် ဝိဇ္ဇာ/သိပ္ပံကောလိပ် တစ်ခုဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
