ကြက်ထောင့်ကန်ကြီးသည် စစ်ကိုင်းမင်းကွန်းကားလမ်းဘေး ကြက်ထောင့်ရွာ၏ အနောက်ဖက်ကပ်လျက် တည်ရှိပြီး ခရစ်သက္ကရစ်တွင် ၁၈၁၇ ခုနှစ် ဘိုးတော်ဘုရားကိုယ်တိုင် အကျယ် ပေ ၄၂၀ ပတ်လည်၊ အနက် ၃၁ ပေ ကျောကန်ဘောင်ရိုးတံတိုင်း၊ မုခ်တိုင်၊ ကျောက်လှေကားများ ထည့်သွင်း တည်ဆောက်ခဲ့ သည်ဟု သိရှိရသည့်အတွက် ယခုအခါ သက်တမ်း ၂၀၀ ခန့်ရှိပြီ ဖြစ်ပါကြောင်း၊ မင်းကွန်းပုထိုးတော်ကြီး သွားသည့် ပြည်တွင်းပြည်ပခရီးသည်များအနေဖြင့် ဤကန်တော်ကြီး၏ဘေးမှ ဖြတ်သန်းသွားလာရ သော်လည်း ရှေးဟောင်းသမိုင်းဝင်ကန်တော်ကြီးကို မသိကြပါကြောင်း၊ ဤကန်တော်ကြီးသည် မင်းကွန်းဒေသ၏ ကြီးငါးကြီးတွင် ပါဝင်သည့် အထင်ကရကန်တော်ကြီး ဖြစ်ပါကြောင်း၊
ယခုအခါ ရှေးဟောင်းလက်ရာကန်ဘောင်ရိုး၊ တံတိုင်း၊ မုခ်တိုင်၊ ရှေးကျောက်လှေကားများ၏ အချို့ နေရာများတွင် ကွဲအက်ပျက်စီးစပြုနေခြင်း၊ ချုံနွယ်၊ ပိတ်ပေါင်းများ ဖုံးအုပ်နေပြီး မြွေဆိုး၊ မြွေဟောက်နှင့် ဖွတ်ပလက်များ ခိုအောင်းရာ ဒေသကြီးဖြစ်နေခြင်း၊ မှော်များ၊ ရေညှိများနှင့် ညစ်ပတ်သည့် ရေအနည်း ငယ်သာ ရှိနေသည်တို့ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ ဖြစ်ပေါ်နေသော သမိုင်းဝင်ကြက်ထောင့်ကန်ကြီး ကို ပြုပြင်ခြင်းအားဖြင့် ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေပြည့် ကန်ကြီးအဖြစ် မြင်တွေ့ရမည်ဖြစ်သည့်အပြင် မြန်မာတို့၏ရှေးဟောင်း ဗိသုကာလက်ရာများကို ပြန်လည်လေ့လာပါကလည်း ရှေးသမိုင်းဝင် အမွေအနှစ်များကို မြန်မာနှင့် ကမ္ဘာကပါ လာရောက်လေ့လာ နိုင်သော နေရာကြီးတစ်ခု ဖြစ်လာနိုင်တို့ကြောင့် သမိုင်းဝင် ကြက်ထောင့်ကန် ကန်တော်ကြီးကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ မင်းကွန်းဒေသရှိ သမိုင်းဝင်ကြက်ထောင့်ကန်တော်ကြီးသည် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ၁၉၇၂ ခုနှစ် ဇယားဝင်ထိန်းသိမ်းထားသော ရှေးဟောင်းအဆောက်အအုံများမှ တစ်ခုအပါအဝင်ဖြစ်သည့်အပြင် မင်းကွန်းဒေသ၏ ကြီးငါးကြီးအဆောက်အဦ စာရင်းတွင်ပါဝင်သည်ကိုလည်း သိရှိပါကြောင်း၊ ကန်ဘောင်ရိုး ပရဝုဏ်တံတိုင်း၊ မုခ်တိုင်၊ အတွင်းကန်ပတ်လမ်း၊ ရေကန်ဆလံလျောနံရံများနှင့် ကန်ဆင်း လှေကား များပါရှိပြီး သဲကျောက်များဖြင့် ပုံဖော်တည်ဆောက်ထားခြင်းလည်း ဖြစ်ပါကြောင်း၊ ကြက်ထောင့် ကန်တော်ကြီး၏ သမိုင်းကြောင်း နှင့်ယဉ်ကျေးမှုအမွေအနှစ်လက်ရာတန်ဖိုးများကြောင့် ယိုယွင်း ပျက်စီးမှုများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေအလုံးအရင်း၊ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၆၈ သိန်းဖြင့် သစ်ငုတ်များတူးဖော်ခြင်း၊ သဲကျောက်များအစားထိုးခြင်း၊ ကြားသိပ်ခြင်းစသည့် ကြံ့ခိုင်အောင် ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းဘဏ္ဍာရေးနှစ်နောက်ပိုင်းတွင် ရန်ပုံငွေရရှိခြင်းမရှိသည့်အတွက် နှစ်စဉ်ပုံမှန် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ဝန်ထမ်းအင်အားလုံလောက်မှုမရှိခြင်း၊ ငွေလုံးငွေရင်း ရန်ပုံငွေခွဲဝေ ရရှိမှု မရှိခြင်းတို့ကြောင့် ယခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်နှင့် လာမည့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင် ကြက်ထောင့်ကန်တော်ကြီးထိန်းသိမ်းရန် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း၊
ဒေသခံကျေးရွာလူထုများ၊ ဒေသအုပ်ချုပ် ရေးအဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ကန်တော်ကြီးပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ သဲကျောက်စီလက်ရာများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ ရေကန်အတွင်းရှိအမှိုက်၊ မှော်များဆယ်ယူရေး၊ ရေဝင်လမ်းကြောင်းများ ကောင်းမွန်ရေးနှင့် ရေရှည်တည်တံံ့စေရေးအတွက် ပူးပေါင်းကူညီ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရေရှည်စီမံ ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။
ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်ပြီး စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ အမိုင်းဝင်ကြက်ထောင့်ကန်တော်ကြီးကို Tourist Attraction အဖြစ် ပြုပြင် ထိန်းသိမ်းလိုခြင်းရှိ/မရှိ နှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားကို ပြန်ကြားပေးပါရန် မေးမြန်းခဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြက်ထောင့်ကန်တော်ကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေ သို့မဟုတ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေများဖြင့် လျာထားဆောင်ရွက်လိုပါသဖြင့် ပြုပြင်ထိန်းသိမ်းခွင့်ပြုပေးနိုင်ပါရန် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ညှိနှိုင်းပြန်ကြားလာပါကြောင်း၊သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ သမိုင်းဝင်ကြက်ထောင့်ကန်တော်ကြီးကို Tourist Attraction အဖြစ် ပြုပြင်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုဝန်ကြီးဌာနက သဘောတူပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင်လည်း ယဉ်ကျေး မှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထိန်းသိမ်းရေးလုပ်ငန်း ကျွမ်းကျင်သည့် ဝန်ထမ်းများဖြင့် ပူးပေါင်းပြီး ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
