အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်တို့က ကြီးကြပ်ပြီး စစ်ဆေးခဲ့ပါကြောင်း၊ ယခုဖြစ်စဉ်သည် ပထမအကြိမ် အတွေ့အကြုံဖြစ်သည့်အတွက် ကျရှုံးသည့် ကျောင်းသားကျောင်းသူများကို ၂၀၁၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပြန်၍ကုစားသင်ကြားပြီး ပြန်လည်စစ်ဆေးခဲ့ပါကြောင်း၊ ယခုအချိန်တွင် အောင်စာရင်းများ ထုတ်ပြီးဖြစ်ပါကြောင်း၊ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ ပုံစံပြောင်းစစ်ဆေးခြင်းသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကို တိုးတက်စေပြီး ပညာရေးစနစ် မြှင့်တင်ရေးအတွက် အထောက်အကူပြု/မပြု သိရှိလိုကြောင်း မေးမြန်းပါသည်။
အခြေခံပညာအဆင့်တွင် စစ်ဆေးအကဲဖြတ်မှုစနစ်ကို နှစ်စဉ် အတန်းတင်စာမေးပွဲစစ်ဆေးပြီး အတန်းတင်ပေးသော စာမေးပွဲဗဟိုပြုသည့် စစ်ဆေးအကဲဖြတ်သည့်စနစ်ကို စဉ်ဆက်မပြတ် အကဲဖြတ်ပြီး အတန်းတင်ပေးသည့်စနစ်ကို ၁၉၉၈ ခုနှစ်၊ ပညာရေးမြှင့်တင်မှုအစီအစဉ်နှင့်အတူ စတင်ကျင့်သုံးခဲ့ပါကြောင်း၊ ယခင်က စာမေးပွဲဗဟိုပြုသောစနစ်ကို ကျင့်သုံးခဲ့သည့်အတွက် စာမေးပွဲကျရှုံးသည့် နှစ်ကျကျောင်းသား ကျောင်းသူများ အတန်းအလိုက်ရှိခဲ့ပြီး စာမေးပွဲကျရှုံးမှုနှင့်အတူ Dropper Rate ဟုခေါ်သော ကျောင်းထွက်သည့် ကျောင်းပြင်ပရောက်ကလေးများ လွန်စွာများပြားခဲ့ပါကြောင်း၊ စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးသည့်စနစ်ကို အသုံးပြုခြင်းဖြင့် ကျောင်းထွက်နှုန်းများ လျော့ကျလာပြီး ကျောင်းပြီးဆုံးနှုန်းများ တစ်နည်းအားဖြင့် Completion Rate များ မြင့်တက်လာခြင်းနှင့် အခြေခံပညာမူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ကူးပြောင်းသည့်နှုန်း၊ အလယ်တန်းအဆင့်မှအထက် တန်းအဆင့်သို့ ကူးပြောင်းသည့်နှုန်း (Transition Rate)များ ပိုမို မြင့်မားလာခဲ့ပါကြောင်း၊ သို့သော် အခြေခံပညာအရည်အသွေး မြင့်မားရေးသည် အခြေခံပညာဆရာဆရာမများ၏ သင်ကြားမှုစွမ်းဆောင်ရည်ပေါ် တည်မှီလျက်ရှိပါကြောင်း၊ ထို့ကြောင့် မူလတန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သော စတုတ္ထတန်းနှင့် အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သော အဋ္ဌမတန်း၏ စာမေးပွဲများကို ကျင်းပပြီး ကျောင်းသားကျောင်းသူများ၏ တတ်မြောက်မှု အရည်အသွေးများကို စိစစ်ပြီး လိုအပ်သလို အားသာချက်၊ အားနည်းချက်များကို သိရှိနိုင်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို မြို့နယ်စစ်၊ ခရိုင်စစ်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စစ်ဆေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ စစ်ဆေးပြီးနောက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျောင်းများအလိုက် အောင်စာရင်းများ ထုတ်ပြန်ပြီး အဆင့်လေးဆင့် (A,B,C,D) ခွဲ၍ အောင်စာရင်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊ D အဆင့်ရသည့် ကျောင်းသားများအား ကျရှုံးသည့် ဘာသာရပ်များကို ပြန်လည်ပြီးတော့ ကုစားသင်ကြားပေးပြီး စာမေးပွဲကို ပြန်လည်ဖြေဆိုစေပြီး အတန်းတက်ရောက်နိုင်ရန်အတွက် စီစဉ်ထားရှိပါကြောင်း။
ယခင်က ဤကဲ့သို့ အဆင့်အလိုက် အရည်အသွေးကို ထိန်းချုပ်ပေးသော စာမေးပွဲများ မရှိခဲ့သည့်အတွက် သင်ကြားရေးယူခဲ့သည့် ဆရာဆရာမများအနေဖြင့်လည်း တက်အောင်သင်ရန်အတွက် အားထုတ်မှုနည်းခဲ့ပြီး အတန်းတင်ပေးသည့် အခြေအနေများလည်း ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ကလေးများ၏ တတ်မြောက်မှု အရည်အသွေး ကျဆင်းစေခဲ့ပြီး အခြေခံပညာရေး အရည်အသွေး ကျဆင်းစေခဲ့ခြင်းများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် မှစပြီး မူလတန်းအဆင့် နောက်ဆုံးဖြစ်သော စတုတ္ထတန်းနှင့် အလယ်တန်းအဆင့်နောက်ဆုံးဖြစ်သော အဋ္ဌမတန်းတို့တွင် နိုင်ငံတော်အဆင့်စာမေးပွဲများကို ကျင်းပပြီး D အဆင့်ရရှိသော ကျောင်းသားကျောင်းသူများ၏ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ခရိုင်အလိုက်၊ မြို့နယ်အလိုက် လိုအပ်သောကျောင်းများကို သုတေသနများ ပြုလုပ်ပြီး မည်သည့်ဘာသာတွင် ကျပြီး မည်သည့်ဘာသာတွင် အားနည်းချက်ရှိသည်မှာ ကျောင်းသား၏ အားနည်းချက်၊ သင်ကြားမှု၏ အားနည်းချက်၊ မေးခွန်း၏ အားနည်းချက် စသည်ဖြင့် ဆန်းစစ်ပြီး လိုအပ်သည်များကို ပံ့ပိုးပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်ရန်အတွက် မိမိတို့ အခြေခံပညာဦးစီးဌာနက တိုက်ရိုက်ကြီးကြပ်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ သင်ကြားရေး တာဝန်ယူရသည့် ဆရာဆရာမများအနေဖြင့် အတန်းအလိုက်၊ အရည်အသွေးအလိုက် သင်ကြားရေးလုပ်ငန်းများကို ပိုမိုအလေးပေး ဆောင်ရွက်စေနိုင်ပြီး ကျောင်းသားကျောင်းသူများအနေဖြင့်လည်း ပိုမိုကြိုးပမ်းအားထုတ် သင်ယူလာနိုင်ကြမည်ဖြစ်ပါကြောင်း၊ အနာဂတ်အတွက် စီမံကိန်းများချမှတ်ရာတွင်လည်း များစွာအထောက်အကူ ဖြစ်စေမည့် အကဲဖြတ်ရလဒ်များကို ရရှိမည်ဖြစ်သကဲ့သို့ ဆရာဆရာမများ၏ စွမ်းဆောင်ရည်များကိုလည်း စစ်ဆေးအကဲဖြတ်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ကျင့်သုံးခဲ့သော မူလတန်းအဆင့် စတုတ္ထတန်းနှင့် အလယ်တန်းအဆင့် အဋ္ဌမတန်းတို့တွင် စာမေးပွဲများအား စစ်ဆေးခြင်းသည် အခြေခံပညာကဏ္ဍ၏ အရည်အသွေး မြင့်မားရေးအတွက် များစွာအထောက်အကူပြုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
