(ဂ)-မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းအနီးရှိ တောင်ဘီလယ်ယာကျေးရွာ အလယ်တန်းကျောင်း(ခွဲ)အားအဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၈)ရက်မြောက်နေ့ (၄.၆.၂၀၁၅)

ဦးအောင်ကြိုင် (ညောင်ဦး) ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ပုဂံမြိုဟောင်းရှိ အိမ်များကို ပုဂံမြို့သစ်သို့ ရွှေ့ပြောင်းခဲ့ရာ အထက်တန်းကျောင်းပါဝင်ပြီး တောင်းခံခဲ့ရပါကြောင်း၊  ထို့ကြောင့် တောင်ဘီလယ်ယာဒေသရှိ အခြေခံအလယ်တန်းကျောင်း(ခွဲ)သည် ကျန်ရစ်ခဲ့ပါကြောင်း၊ ထိုကျောင်းကို ကျောင်းသားဦးရေလည်း ပြည့်မီပါကြောင်း၊ အရှေ့ဆည်လားရွာ၊ အနောက်ဆည်လားရွာ၊ လယ်ယားရွာ၊ တောင်ဘီလယ်ယာကျေးရွာ စသည့်ရွာများအပြင် မြို့ဟောင်းအတွင်း၌ ကျန်နေသော ရှေးဟောင်းသုတေသနဌာနက ဝန်ထမ်းတချို့၏ မိသားစုများ၊ ကျောင်းသူကျောင်းသားများအတွက် လုံလောက်စွာ အဆင့်မြင့်ကျောင်း တစ်ကျောင်း ဖြစ်စေချင်သည့်အတွက် ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းအနီးရှိ တောင်ဘီလယ်ယာကျေးရွာ အလယ်တန်းကျောင်း(ခွဲ)အား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဘီလယ်ယာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်းအလယ်တန်းဆင့်သင် ကျောင်းသား ၁၆၆ ဦးရှိပြီး အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် အလယ်တန်းဆင့်သင် ကျောင်းသား ၂၄၀ ဦးနှင့်အထက် ရှိရမည်ဖြစ်ပါ၍ သတ်မှတ်မူဘောင်နှင့် မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။