သထုံမြို့နယ်ရှိ ကြက်တူရွေးတောင်ကျေးရွာအုပ်စုရှိ ခရိုင်ချင်းဆက်လမ်းမကြီးနှင့် ၃ မိုင်ကျော်ကွာဝေးသော ရှမ်းစုကျေးရွာတွင် အ.လ.က(ခွဲ) ကျောင်းသာရှိပါကြောင်း၊ အထက်တန်းအဆင့်သို့ ရောက်လာသည့်အခါ (၆) မိုင်ခန့် ကွာဝေးသော ညောင်ကျောင်းကျေးရွာ အ.ထ.က(ခွဲ)ကို သွားရောက်၍ ပညာသင်ကြားရပါကြောင်း၊ ထိုသို့ သွားရောက်ရာတွင် ပွင့်လင်းရာသီတွင် သွားလာရ လွယ်ကူသော်လည်း မိုးရာသီတွင် လမ်းများ ရေလွှမ်းမှုဒဏ် ခံနေရသည့်အတွက် ကျောင်းသားများအတွက် အန္တရာယ်များနှင့် ကြုံတွေ့နေရသည့်အပြင် ကျန်းမာရေးအတွက် အန္တရာယ် ကြုံတွေ့ရသည့်အခါ အချိန်မီ ဆေးရုံသို့ မပို့နိုင်၍ အသက်ဆုံးရှုံးမှု များနှင့်လည်း တွေ့ဆုံခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ကြက်တူရွေးတောင်ကျေးရွာအုပ်စုရှိ ရှမ်းစုကျေးရွာနှင့် ခရိုင် ချင်းဆက်လမ်းဘေးရှိ အင်းကွဲကျေးရွာ ရွာချင်းဆက် ရေနစ်မြုပ်သော လမ်းတံတားများအား ရေလွတ်ကျောက်ခင်းလမ်းချော ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရှမ်းစုကျေးရွာနှင့် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ အင်းကွဲကျေးရွာသို့ ဆက်သွယ်ထားသော လမ်းသည် အရှည်အားဖြင့် ၃ မိုင်ရှိပြီး အဆိုပါလမ်းသည် နှစ်စဉ် မိုးရာသီတွင် ရေလွှမ်းခံရပြီး အမြင့်ပေ ၅ ပေခန့် မြေသား တာဘောင်ဖို့ပါက ခန့်မှန်းကုန်ကျငွေ သန်း ၁၂၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ တံတားတစ်စင်း ၄၅ ပေအရှည်ကိုလည်း ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ၂၂.၅၀ သန်းဖြင့် ဆောင်ရွက်ပြီးဖြစ် ပါကြောင်း၊ မွန်ပြည်နယ်အတွင်း၌ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ၃.၆၁၂ ဘီလီယံကျပ် ခွင့်ပြုခဲ့ပါကြောင်း၊ သထုံမြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၅၀၄.၈ သန်း ၇ ပုံ ၁ ပုံခန့် ခွင့်ပြုထားပြီး တင်ပြပါ သထုံမြို့နယ်အတွင်း ရှမ်းစုကျေးရွာနှင့် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ အင်းကွဲကျေးရွာကို ဆက်သွယ်ထားသောလမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားခြင်း မရှိပါကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
