မေးခွန်း အကြောင်းအရာ
မိမိတို့မြို့နယ်တွင် အိန္ဒိယနိုင်ငံမှ စေတနာအလှူရှင်များက ဆောက်လုပ်ပေးသော ဆေးပေးခန်းဟု အမည်တပ်ထားသည့် အဆောက်အဦကို ကျေးရွာ တစ်ရွာတွင် ဆောက်လုပ်ထားရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်ဆုံးပိုင်းတွင် အဆိုပါ အဆောက်အအုံ ပြီးစီးခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ မည်ကဲ့သို့သုံးစွဲမည်၊ မည်သည့်အတွက်ဖြစ်သည်ကို သိရှိရခြင်း မရှိသေးပါကြောင်း၊ ထိုကဲ့သို့သော အဆောက်အဦများကို မိမိတို့ ဖလမ်းမြို့နယ်တွင်သာမက ချင်းပြည်နယ် မြောက်ပိုင်း(၅)မြို့နယ်တွင်လည်း တည်ဆောက်ထားရှိသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါအဆောက်အဦများကို မူလရည်ရွယ်ချက်ဖြစ်သော ဆေးပေးခန်းအဖြစ် ပြောင်းလဲပေးနိုင်ခြင်းရှိ/မရှိ၊ ဖလမ်းမြို့နယ်ရှိ ရာလ်လောန်းရွာနှင့် ခေါလုံရွာတို့တွင် တည်ဆောက်ခဲ့သော အဆိုပါအဆောက်အဦများသည် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ရန်အတွက် အသင့်တော် ဆုံးနေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာပြည်သူ လူထု၏ မျှော်လင့်ချက်နှင့်အညီ အဆိုပါအဆောက်အဦ များကို ကျန်းမာရေးစောင့်ရှောက်မှုဌာနအဖြစ် ပြောင်းလဲပေးနိုင် ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘုံဇုံကျေးလက် ကျန်းမာရေးဌာနခွဲ နှင့် ဘွန်လုံကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဖလမ်းမြို့နယ်၊ ရာလ်လောန်ကျေးလက် ကျန်းမာရေးဌာန၊ ခေါလုံကျေးလက်ကျန်းမာရေးဌာနခွဲ၊ တွန်ဇံမြို့နယ်၊ ပန်မွာလ်ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဘားလ်ဘီလ်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ထန်တလန်မြို့နယ်၊ လုံဒိန်းကျေးလက် ကျန်းမာရေးဌာနခွဲ၊ မင်းတပ်မြို့နယ်၊ ရှစ်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် အွယ်ရေးကျေးလက် ကျန်းမာရေးဌာနခွဲ စုစုပေါင်းမြို့နယ် (၅) မြို့နယ်ရှိ ကျေးလက်ရွာ (၉)ရွာတွင် အိန္ဒိယနိုင်ငံစေတနာရှင်၏ အကူအညီဖြင့် ဆေးပေးခန်းအဆောက်အဦများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆေးပေးခန်းများဆောက်လုပ်ပေးခဲ့ပြီး ကျန်းမားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပြီးဖြစ်ပါ၍ ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊
ဟားခါးမြို့နယ်၊ ဘုံဇုံးကျေးလက်ကျန်းမာရေးဌာနခွဲ၌ သားဖွားဆရာမ ဒေါ်မြနှင်းဝေ နှင့် ကြီးကြပ် (၂) ဒေါ်ပါရ်မွေဆုန်၊ ဘွန်လုံကျေးလက်ကျန်းမာရေးဌာနခွဲ၌ သားဖွားဆရာမ ဒေါ်မာလာဒင်၊ ဖလမ်းမြို့နယ်၊ ရာလ်လောန်းကျေးလက်ကျန်းမာရေးဌာနခွဲ၌ သားဖွားဆရာမ ဒေါ်ငွန်ဆွီတီလ်၊ ခေါလုံကျေးလက်ကျန်းမာရေးဌာနခွဲ၌ သားဖွားဆရာမ ဒေါ်နွမ်ဇာရဲမ်း၊ တွန်းဇါန်မြို့နယ်၊ ပန်မွာလ် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ သားဖွားဆရာမ ဒေါ်ဒိမ်ဟောက်စန်နှင့် ဘားလ်ဘီလ်ကျေးလက် ကျန်းမာရေးဌာနခွဲ၌ သားဖွားဆရာမ ဒေါ်ကျိန်ခတ်နဲမ်း၊ ထန်တလန်မြို့နယ် လုံဒိန်းကျေးလက် ကျန်းမာရေးဌာနခွဲ၌ သားဖွားဆရာမ ဒေါ်ရွှေနှဲမ်းတလွဲ၊ မင်းတပ်မြို့နယ်၊ ရှစ်ကျေးလက်ကျန်းမာရေး ဌာနခွဲ၌ သားဖွားဆရာမ ဒေါ်ကီးရှင်းနှင့် ကြီးကြပ် (၂) ဒေါ်နိန်ရောင်၊ အွယ်ရေးကျေးလက်ကျန်းမာရေး ဌာနခွဲ၌ သားဖွားဆရာမ ဒေါ်အေးအေးချိုဝင်းနှင့် ကြီးကြပ်(၂) ဦးအွမ်းခွီရှိန်တို့အား ခန့်အပ်ထားပြီးဖြစ်၍ ကျေးရွာလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးခွန်လိန်း(ဖလမ်း) ကစပ်ဆက်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးဖြေကြားခဲ့သည့် ကျန်းမာရေးစောင့် ရှောက်မှုအတွက် ဝမ်းဆွဲဆရာမခန့်ထားသည့် ကျေးရွာသည် ရာလ်လောန် ကျေးရွာဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာတွင် ကျန်းမာရေးဌာနခွဲရှိပြီး ဖြစ်ပါကြောင်း၊ မိမိတင်ပြသည့် ရွာများမှာ ရာလာန် (Rallang)ရွာ နှင့် ခေါလုံရွာဖြစ်ပါကြောင်း၊ ၎င်းရွာနှစ်ရွာသည် ကျေးလက်ကျန်းမာရေးဌာန နှင့် မိုင် လေးဆယ်နီးပါးခန့် ကွာဝေးခြင်း၊ ဝမ်းဆွဲဆရာမ မရှိသေးခြင်း၊ အဆောက်အဦတည်ဆောက်ပြီးစီးပြီခြင်း တို့ကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်ပေးနိုင်ရန်နှင့် စီမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
